‘နေရတာ ကျောမလုံဘူး’ - နိုင်ငံပြင်ပ စိန်ခေါ်မှုတွေကြားက ဘီဘီစီသတင်းထောက်များ

    • ရေးသားသူ, စတက်ဖနီဟီဂါတီ
    • ရာထူးတာဝန်, Population correspondent, BBC World Service

ပြည်ပမှာနေထိုင်အလုပ်လုပ်ကိုင်နေတဲ့ ဘီဘီစီကမ္ဘာတလွှားက သတင်းထောက်အရေအတွက်ဟာ ၂၀၂၀ ခုနှစ်ကစပြီး ၃၁၀ ဦးအထိ နှစ်ဆနီးပါး ရှိလာတယ်လို့ ခန့်မှန်းရပါတယ်။

ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မတိုင်မီ ပထမဆုံးအကြိမ် ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ရုရှား၊ အာဖဂန်နစ္စတန်နဲ့ အီသီယိုးပီးယားတို့မှာ သတင်းထောက်တွေဟာ သတင်းလွတ်လပ်ခွင့်တွေ ဖြိုခွင်းချိုးဖောက်ခံနေရတာ သိသာထင်ဟပ်နေတယ်လို့ဆိုပါတယ်။

အီရန်နိုင်ငံအပါအဝင် တခြားနိုင်ငံတွေက သတင်းထောက်တွေဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်ကတည်းက ပြည်ပနိုင်ငံတွေမှာ နေထိုင်ပြီးသတင်းတွေ တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။

ပြည်ပမှာနေထိုင်လုပ်ကိုင်ကြတဲ့ သတင်းထောက်အများစုဟာ ထောင်ဒဏ်ကျခံရတာအပြင် အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကို အပြင်လောကမှာရော အွန်လိုင်းကနေပါ နှောင့်ယှက်ဖိအားပေးတာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

“သတင်းထောက်တွေ သတင်းဆက်လုပ်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက နေအိမ်တွေကို စွန့်ခွာ ထွက်ပြီး လုပ်ရတာပါပဲ” လို့ ဘီဘီစီ ကမ္ဘာတလွှားသတင်းမီဒီယာရဲ့ ဒါရိုက်တာဖြစ်သူ လီလီယမ် လန်ဒေါက ပြောပါတယ်။

“ပြည်ပရောက် သတင်းသမားအရေအတွက်တွေ တိုးလာတာဟာ သတင်းလွတ်လပ်ခွင့်နဲ့ သက်ဆိုင်နေပါတယ်။”

၂၀၂၁ ခုနှစ် ဩဂုတ်လမှာ တာလီဘန်တွေက အာဖဂန်နစ္စတန်နိုင်ငံကို သိမ်းပိုက်လိုက်တဲ့နောက် ဘီဘီစီက သတင်းထောက်အဖွဲ့တွေကို နိုင်ငံတွင်းကနေ ဖယ်ရှားခဲ့ပါတယ်။ အမျိုးသမီးသတင်းထောက်တွေဟာလည်း အလုပ်လုပ်ခွင့်မရှိတော့တဲ့အပြင် အမျိုးသားတွေကလည်း ခြိမ်း‌ခြောက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

မြန်မာနဲ့ အီသီယိုးပီးယားတို့မှာလည်း သတင်းထောက်တွေအပေါ်ဖိအားတွေတိုးလာတာကြောင့် သတင်းထောက်တွေအနေနဲ့ သတင်းကို နိုင်ငံထဲမှာပဲ လွတ်လွတ်လပ်လပ် ရေးသားတင်ဆက်မရတော့တွေရှိနေတယ်လို့ သိရပါတယ်။

“ကျွန်တော်နေရတာ ကျောမလုံဘူး” လို့ ဘီဘီစီပါရှန်သတင်းထောက် ဂျီယာဂေါ်က ပြောပါတယ်။

အခန်းတစ်ခန်းထဲကို ဝင်လိုက်တာနဲ့ သူဟာထွက်ပြေးလို့ရမယ့်အ‌ပေါက်ကို အရင်ဆုံးရှာပါတယ်။ "ကျွန်တော့် အိမ်မှာ လုံခြုံရေးကင်မရာတွေ အများကြီးရှိတယ်၊ ကျွန်တော့်သမီးတက်နေတဲ့ကျောင်းကိုလည်း ပြောင်းတာကောင်းမယ်လို့ သတိပေးခံထားရတာတွေရှိတယ်။”

ဂျီယာဟာ ၂၀၀၇ ခုနှစ်ကတည်းက အီရန်ကို ပြန်မရောက်ဖြစ်တော့ပါဘူး။ သူ့အမေဆုံးပါးသွားတဲ့အချိန်မှာတောင် နာရေးကို မသွားနိုင်ခဲ့ပေမယ့် အုတ်ဂူလေးကို ငေးကြည့်ဖို့အတွက် နယ်စပ်ကို တရားမဝင်နည်းလမ်းနဲ့ ဖြတ်ကျော်ခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ သူ့ရဲ့ ဇနီးသည်ဟာ ကင်ဆာရောဂါနဲ့ လွန်ခဲ့တဲ့ ၄ နှစ်က ဆုံးပါးသွားခဲ့ချိန်မှာတော့ သူပိုပြီး သတိရှိရှိတွေးတောလာပါတယ်။ “ငါ့မှာ တစ်ခုခုဖြစ်ခဲ့ရင် ငါ့သမီးဘာဖြစ်သွားမလဲ၊ အဲဒါက စိတ်ထဲမှာ တစ်ချိန်လုံးရှိနေတဲ့အရာပဲ” လို့ ဂျီယာကပြောပြခဲ့ပါတယ်။

"အီရန်အစိုးရဟာ ပိုရဲတင်းလာပါပြီ။ ကန့်သတ်ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြင်းပြင်းထန်ထန်ခံနေရတဲ့ အီရန်ဟာ အထီးကျန်နေတဲ့ နိုင်ငံတစ်ခုလည်းဖြစ်နေတာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက သူတို့အပေါ် ဘယ်လိုထင်မြင်နေတယ်ဆိုတာကို ဂရုမစိုက်ပါဘူး။"

သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီက ဂျိုဒီဂင်းစ်ဘတ်က လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ပြည်ပရောက်နေတဲ့ သတင်းထောက်တွေထဲမှာပဲ ငွေကြေးနဲ့ ဥပဒေဆိုင်ရာ ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်ပေးခဲ့ရတဲ့ သတင်းထောက်အ‌ရေအတွက်ဟာ ၂၂၅ ရာခိုင်နှုန်းအထိတိုးလာတယ်လို့ ပြောပါတယ်။

“သတင်းထောက်တွေ ထောင်ကျခံနေရတဲ့ အရေအတွက်က စံချိန်တင်ဖို့အထိ နီးကပ်နေပြီ၊ သတင်းထောက်တွေ အသတ်ခံရတဲ့အမှုတွေကလည်း ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ အမြင့်ဆုံးကိုရောက်နေပြီ” လို့ သူက ထပ်ပြောပါတယ်။

ရုရှား၊ အီရန်နဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံတွေဟာ နိုင်ငံအတွင်းနဲ့ နိုင်ငံအပြင်က ကိစ္စရပ်တွေကို ပိုပြီးထိန်းချုပ်ဖို့လုပ်လာကြတယ်လို့ ဆိုပါတယ်။

ဘီဘီစီရုရှားသတင်းထောက် နီနာ နာဇာရိုဗာကလည်း ယူကရိန်းနိုင်ငံကျူးကျော်ခံလိုက်ရပြီးတဲ့အချိန်မှာပဲ နိုင်ငံထဲကနေ ထွက်ခွာခဲ့ရပါတယ်။ သူ မော်စကိုကနေ လေယာဉ်နဲ့ထွက်ခွာတဲ့အချိန်မှာပဲ သတင်းထောက်ဖြစ်တဲ့ သူ့ခင်ပွန်းကိုလည်း လှည့်ကြည့်ချိန်မှာ သူလည်း ငိုနေခဲ့တယ်လို့ နီနာကဆိုပါတယ်။

“ကျွန်မ မလှုပ်မယှက် ဖြစ်သွားတယ်”လို့ သူက ဆက်ပြောပါတယ်။

၂၀၂၂ ခုနှစ် မတ် ၄ ရက်က ဆင်ဆာဥပဒေအသစ် အသက်စဝင်တဲ့နေ့ဖြစ်တယ်လို့ ပြောပါတယ်။

“ကျွန်မကတော့ စစ်ပွဲကို စစ်ပွဲလို့ပဲခေါ်တယ်။ ဒါကြောင့်လည်း လွယ်လွယ်နဲ့ထောင်ကျနိုင်တယ်” လို့ဆိုပါတယ်။

နီနာတို့ဟာ သူတို့ရဲ့ ၁၆ လသားအရွယ် သားငယ်လေးရဲ့ အတူ ခရီးဆောင်အိတ် ၂ လုံးနဲ့ ကလေးလက်တွန်းလှည်းတို့ကို ထုပ်ပိုးပြီး ရုရှားကနေ ဈေးအသက်သာဆုံးလေယာဉ်လမ်းကြောင်းဖြစ်တဲ့ တူရကီနိုင်ငံကို လက်မှတ် ဖြတ်ထားခဲ့ပါတယ်။

တူရကီမှာတစ်ပတ်ကြာပြီးတဲ့နောက် စစ်မဖြစ်ခင်ကတည်းက အချိန်အတော်ကြာစီစဉ်ထားခဲ့တဲ့ အားလပ်ရက် ဒူဘိုင်းအလည်ခရီးစဉ်ကို ဖြတ်သန်းကုန်ဆုံးခဲ့ပါတယ်။ အဲဒီနောက် မွန်တီနီဂရိုးကို ပြောင်းရွှေ့ခဲ့ပြီး အဲဒီကနေမှ ဘီဘီစီက အဝေး‌ရောက်ရုရှားသတင်းထောက်တွေအတွက် ရုံးခန်းဖွင့်လှစ်ပေးထားတဲ့ လတ်ဗီးယားမြို့တော် ရီဂါကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဒီနှစ်ဧပြီမှာတော့ နီနာရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဘီဘီစီရုရှားသတင်းထောက် လယ်ယာ ဘာရာဘန်းနော့ဗ်ကို “သတင်းအမှားတွေ ဖြန့်ဝေခြင်း” အပြင် စစ်ပွဲကိုဆန့်ကျင်တဲ့ ပြည်ပပုဆိန်ရိုးအနေနဲ့ တံဆိပ်ကပ်စွပ်စွဲခံခဲ့ရပါတယ်။

ဒါကို နီနာနဲ့ ဘီဘီစီဘက်က ပယ်ချပြီး တရားရုံးမှာအမှုရင်ဆိုင်နေတုန်းပဲဖြစ်ပါတယ်။

နိုင်ငံထဲကနေ ထွက်ခွာပြီးတဲ့နောက် သတင်း‌ထောက်တွေကို ဆက်ပြီးခြိမ်းခြောက်တာတွေလည်း ရှိနိုင်ပါတယ်။ မတ်လမှာတော့ ပုဂ္ဂလိက ရုပ်သံဌာနမှာ အီရန်နိုင်ငံတကာအစီအစဉ်ရဲ့ သတင်းတင်ဆက်သူတစ်ဦးဟာ သူ့ရဲ့ လန်ဒန်နေအိမ်အပြင်ဘက်မှာပဲ ခြေထောက်ကို ဓားနဲ့ အထိုးခံခဲ့ရပြီး မကြာ‌သေးမီအချိန်အတွင်းမှာပဲ ဗြိတိန်မှာနေထိုင်တဲ့ ဘီဘီစီပါရှန်းဝန်ထမ်းတွေကို ခြိမ်း‌ခြောက်မှုတွေ ပိုပြီးခံလာရနိုင်တယ်လို့ ဗြိတိန်အကြမ်းဖက်နှိမ်နှင်းရေး ရဲတပ်ဖွဲ့က သတိပေးခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာလည်း ဘီဘီစီပါရှန်းအစီအစဉ်တင်ဆက်သူ ရာနာ ရာဟီပူဝါရဲ့ ကား ဖောက်ထွင်းခံခဲ့ရပြီးတဲ့နောက် ကားအတွင်းမှာ အသံဖမ်းကိရိယာတစ်ခု တပ်ထားခဲ့တာကို သံသယရှိခဲ့တယ်လို့ ရာနာကဆိုပါတယ်။

ရာနာနဲ့ သူ့အမေ စကားပြောဆိုထားတဲ့ဖိုင်ကို ခိုးယူအသံသွင်းခဲ့ပြီး အီရန်အစိုးရပိုင်ချန်နယ်လ်ကနေ ထုတ်လွှင့်ခဲ့တယ်လို့ သိရပါတယ်။ ဖိုင်ကို အီရန်အစိုးရကို ထောက်ခံသလိုဖြစ်အောင် လုပ်ကြံတည်းဖြတ်ခဲ့တာပါ။

အတိုက်အခံအဖွဲ့အစည်းတွေက သူကို အသရေဖျက်ဖို့အတွက် အသံဖိုင်ကို အင်တာဗျူးမှာအသုံးချခဲ့ကြတဲ့အခါမှာတော့ ရာနာက သတင်းထောက်ဘဝကနေ ခဏအနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

“အီရန်အစိုးရဟာ သူ့ရဲ့ နည်းပရိယာယ်တွေသုံးတဲ့နေရာမှာ ပိုခေတ်မီလာတယ်” လို့ ရီနာက ဆိုပါတယ်။

“ကြုံခဲ့ရတာတွေအကုန်လုံးရဲ့ တစ်ခုတည်းသောအကြောင်းအရင်းတွေကတော့ အရှက်ခွဲဖို့၊ ခြိမ်းခြောက်ဖို့နဲ့ နောက်ဆုံးမှာ နှုတ်ပိတ်ဖို့ ကြိုးစားတာတွေပဲ”လို့ နီနာက ပြောပြခဲ့ပါတယ်။

ဒီလိုတွေကြုံခဲ့ရတာက နီနာနဲ့ နီနာ့လုပ်ဖော်ကိုင်ဖက်တွေကိုလည်း အစိုးရိမ်ကြီး စိုးရိမ် စေခဲ့ပါတယ်။

“အီရန်က အမေနဲ့ ဖုန်းပြောတိုင်း တစ်ယောက်‌ယောက်က ကျွန်မတို့ ပြောနေတာကို နားထောင်နေတယ်ဆိုတာ သိတယ်”လို့ ဘီဘီစီပါရှန်းရဲ့ သတင်းတင်ဆက်သူ ဖာနန့်ဇ် ဂါဇီဇာဒါက ပြောပါတယ်။

“အဲဒါအရမ်းကြောက်ဖို့ကောင်းတယ် ဘာလို့လဲဆိုတော့ သူတို့က မင်းကို ဖျက်ဆီးပစ်ဖို့ နည်းလမ်းကို အမြဲရှာနေသလိုမျိုးပေါ့” လို့ ဆိုပါတယ်။

ဖာနန့်ဇ်က အီရန်နိုင်ငံကို ၂၁ နှစ်ကြာတဲ့အထိ ပြန်မလာခဲ့ဘဲ သူနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ၉ ဦးကို သူတို့မျက်ကွယ်မှာ ထောင်ဒဏ်တစ်နှစ်စီချမှထားခဲ့တာကို မကြာခင်က သိလိုက်ရပါတယ်။

အီရန်တရားစီရင်ရေးဌာနနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဟက်ကာတွေက ရယူပြီးတဲ့နောက်မှာမှ သိခဲ့ရတာလို့ ဆက်ပြောပါတယ်။

အရင်တုန်းကလည်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဘီဘီစီပါရှန်းဝန်ထမ်းတွေကို အကြမ်းဖက်မှု၊ အမုန်းစကားတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လှုံ့ဆော်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဖာနန့်ဇ်ရဲ့ ခင်ပွန်းဖြစ်သူဟာ အွန်လိုင်းကနေ ဘလော့ရေးသားတဲ့အတွက် ထောင်ဒဏ် ၂၅ ရက် ကျခံခဲ့ရပြီးတဲ့နောက် ဖာနန့်ဇ်တို့ဟာ ၆ လသားအရွယ် သားငယ်လေးနဲ့အတူ အီရန်က ထွက်ခဲ့ပါတယ်။

အိမ်မှာကျပြန်တော့လည်း ဖာနန့်ဇ်ရဲ့ ဖခင်ဖြစ်သူကို အီရန်ရဲ့လုံခြုံရေးအဖွဲ့အစည်းတွေက ခြိမ်းခြောက်တာတွေ ပုံမှန်လုပ်ခဲ့ပြီး သမီးဖြစ်သူကိုလည်း ပြန်လာဖို့ပြောသလို မြေးလေးတွေ ကျောင်းတက်နေတဲ့နေရာကိုလည်း သိတယ်လို့ ခြိမ်း‌ခြောက်ခဲ့တာပဲ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာပဲ ဖာနန့်ဇ်ရဲ့ အစ်ကို ပြင်းပြင်းထန်ထန်ဖျားနာခဲ့ပြီးတဲ့နောက် သက်ကြီးရွယ်အိုမိဘတွေက သူ့ကို ပြုစုစောင့်ရှောက်ဖို့အတွက် ရုန်းကန်ခဲ့ရပါတယ်။ ၆ ပတ်အကြာမှာတော့ အစ်ကိုဖြစ်သူ သေဆုံးသွားခဲ့ပါတယ်။ ခြောက်လကြာပြီးတဲ့နောက်မှာတော့ ဖာနန့်ဇ်ဖခင်လည်း ဆုံးပါးသွားခဲ့ပါတယ်။

“အဲဒီအချိန်တွေက ဘာနဲ့ကုစားကုစား မရတော့ဘူး”လို့ ဖာနန့်ဇ်ကပြောပါတယ်။ “ကျွန်မ မိသားစုနဲ့ကျွန်မ အတူရှိနေချင်လိုက်တာ၊ ကျွန်မ အမေအတွက်ပေါ့။ ဒါပေမဲ့ ကျွန်မ မတတ်နိုင်ခဲ့ပါဘူး” လို့ ဆက်ပြောပါတယ်။

ဘီဘီစီ ပတ်ရှ်တိုဘာသာစကားဌာနက ရှဇီရာ ဟာရာကလည်း ပြည်ပရောက်သတင်းထောက်တစ်ယောက်အနေနဲ့ လိပ်ပြာမလုံတဲ့စိတ်တွေနဲ့ အပြစ်ရှိသလိုခံစားနေရတာပဲဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် အာဖဂန်နစ္စတန်ကို တာလီဘန်တွေ သိမ်းပိုက်ခဲ့ပြီးနောက် သူ့ရဲ့ မိဘမောင်နှမတွေကို ကဘူးလ်မှာ ထားခဲ့ပြီး ၂၀၂၂ မှာပဲ ဗြိတိန်နိုင်ငံဆီကို တစ်ဦးတည်း ရွှေ့ပြောင်းကယ်တင်ခံခဲ့ရတာ ဖြစ်ပါတယ်။

“ည ၂ နာရီလောက်မှာ အိမ်က ထွက်လာတော့ ဘာကြောင့်မှန်းမသိပေမယ့် မောင်ငယ်ကို မပွေ့ဖက်နိုင်ခဲ့လို့ စိတ်မကောင်းဖြစ်ရတယ်”လို့ ပြောပါတယ်။

နောက်ပြီး နောင်တရတာတစ်ခုက “ကျွန်မက ဒီမှာလွတ်နေတယ်၊ သူတို့ကတော့ ‌ထောင်ကျနေသလိုပဲ” လို့ ရှဇီရာကပြောပါတယ်။

ဒါ့အပြင် အွန်လိုင်းကနေလည်း ခြိမ်းခြောက်နှောင့်ယှက်မှုတွေလည်း ရှိပါတယ်။

“ပို့လာတဲ့စာတွေကို ကျွန်မစစ်တောင်မစစ်တော့ဘူး။ အသက်အန္တရာယ်ခြိမ်း‌‌ခြောက်တဲ့စာတွေချည်းပဲ”လို့ ဖာနန့်ဇ်ကဆိုပါတယ်။

“တစ်ခါတလေကျရင်လည်း လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်တာတွေဖြစ်ပြီး တကယ်အကျည်းတန်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးတဲ့အခါ အစိုးရဘက်က တိုးခွင့်မပြုတာတွေက သူနဲ့ သူရဲ့လုပ်ဖော်ကိုင်ဖက်တွေအတွက် အကြီးမားဆုံးအကြောက်တရားတစ်ခုဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဘီဘီစီ ကမ္ဘာတစ်လွှားဌာနက သတင်းထောက်တစ်ဦးက ပြောပါတယ်။

သတင်းသမားတွေအတွက် ခြိမ်းခြောက်တာတွေထက် ပိုစိတ်ပျက်စရာကောင်းတဲ့အခြေအနေကတော့ သတင်းတွေကို နိုင်ငံရဲ့ အပြင်ဘက်ကနေ လိုက်ပြီး တင်ဆက်နေရတာပဲဖြစ်ပါတယ်။

အာဖဂန်နစ္စတန်နဲ့ အီရန်တို့မှာ သာမန်လူတွေက ဘီဘီစီသတင်းထောက်တွေနဲ့ စကားပြောဆိုဖြစ်ရုံလောက်လေးနဲ့တင် ခြိမ်း‌ခြောက်မှုတွေနဲ့ ရင်ဆိုင်ရတာတွေရှိတယ်လို့ သိရပါတယ်။

နီနာကလည်း သူ့ရဲ့အလုပ်က ပိုခက်ခဲတယ်လို့ပြောပါတယ်။ သူကစားပွဲခုံလေးရဲ့အနောက်မှာပဲ ပုန်းအောင်းနေရင် သူ့ရဲ့ စွမ်းဆောင်နိုင်တဲ့ အရည်အချင်းတွေကို ပျောက်ဆုံးကုန်မယ်၊ ဘယ်သူ့ကို မှ မပြောသေးတဲ့ သတင်းတွေ လူတွေက သူ့ကို ပြောလာအောင် မလုပ်နိုင်တော့မှာကို သူက စိုးရိမ်နေပါတယ်။

နီနာက သာမန်ရိုးရှင်းတဲ့အခြေအနေလေးတွေဖြစ်တဲ့ မိသားစုတွေ့ဆုံပွဲတွေကို လွမ်းဆွတ်သတိရနေတာပဲဖြစ်ပါတယ်။ မိသားစုဝင်တွေကလည်း သူ့ရဲ့သားငယ်လေးအနားမှာ ဝိုင်းချစ်နေကြတဲ့ မြင်ကွင်းမျိုးလိုလေးပေါ့။

“အချစ်က တကယ်ရှိနေသေးပေမယ့် အဝေးကနေပဲ ချစ်နေရတာ”လို့ နီနာက ဆက်ပြောခဲ့ပါတယ်။

ကိုယ့်နိုင်ငံရဲ့ အဝေးကြီးမှာ နေထိုင်ပြီးအလုပ်လုပ်ကိုင်တာက ဘဝကို တစ်ဝက်ပဲရှင်သန်ရသလိုမျိုးပဲလို့ ဖာနန့်ဇ်က ရှင်းပြပါတယ်။

“ဘဝကို ဒီလိုရှင်သန်နေရတာ ခက်ခဲပါတယ်။ စဉ်းစားကြည့်လိုက်လေ၊ ကျွန်မက ဗြိတိန်ကလူ ဖြစ်နေပြီ။ ပြီးတော့ ဒီနိုင်ငံမှာပဲနေနေတယ်” ဒါပေမဲ့ ဒါက အလုပ်မဖြစ်ပါဘူးလို့ဆိုပါတယ်။

“ပြည်ပနိုင်ငံကိုရောက်နေပေမယ့် စိတ်ကတော့ ကိုယ့်ရဲ့နိုင်ငံဆီမှာပါပဲ။”