မြန်မာပြည်ကို ခေါင်းမဆောင်လိုက်ရတဲ့ မိုးကျရွှေကိုယ်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
၂၀၂၁ အာဏာသိမ်းပြီးနောက် စီဒီအမ်လှုပ်ရှားမှုပေါ်လာပြီး ရုံးမတက်နဲ့ ရုန်းထွက် ကြွေးကြော်သံ ခေတ်စားလာပါတယ်။ အဲဒီနောက် စီဒီအမ် မလုပ်သူတွေကို ပြစ်တင်ရှုတ်ချတာနဲ့ စီဒီအမ်တွေကို အပြစ်ပေးတာတွေကို အန်ယူဂျီနဲ့ စစ်ကောင်စီနှစ်ဖက်လုံးက အပြန်အလှန်လုပ်ခဲ့ကြပါတယ်။ ၂၀၁၂ ကျော်က မြန်မာပြည်မှာ အတွင်း၀န်စနစ် ပြန်အသက်သွင်းပြီး ဗျူရိုကရေစီယန္တရားကို အားကြီးအောင် လုပ်မယ်ဆိုတဲ့ အချိန်က ခေတ်စားခဲ့တဲ့ နိုင်ငံရေးမညွတ်တဲ့ ပရိုဖက်ရှင်နယ်၀န်ထမ်းလောက ထူထောင်ရေးဆိုတဲ့ အသံတွေလည်း အခု မကြားရတော့ပါဘူး။
၁၉၇၂ မတိုင်ခင်က ရှိခဲ့တဲ့ အတွင်း၀န်စနစ်ဟာ ဗြိတိသျှအင်ပါယာထဲ ပါခဲ့တဲ့ နိုင်ငံတော်တော်များများမှာ ကျန်နေဆဲ ဖြစ်တဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်ပြီး နိုင်ငံမှာ ဘယ်လိုအစိုးရတက်တက် ၀န်ထမ်းကြီးတွေက တာ၀န်ယူပြီး နိုင်ငံကို ပုံမှန်လည်ပတ်ဖို့ မောင်းနှင်သွားတဲ့ စနစ် ဖြစ်ပါတယ်။ အိန္ဒိယ၊ စင်္ကာပူ စတဲ့ နိုင်ငံတွေမှာလည်း ဒီစနစ်နဲ့ အုပ်ချုပ်ခဲ့ပြီး အင်္ဂလိပ်စာကို ရုံးသုံးဘာသာအဖြစ် အသုံးပြုဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တခါ မြန်မာအပါအ၀င် ကမ္ဘာ့အရှေ့ခြမ်းက ဗြိတိသျှကိုလိုနီတွေမှာ တချိန်က ကြီးစိုးခဲ့တဲ့ အရာရှိတွေဟာလည်း ဗြိတိသျှပညာရေးက မွေးထုတ်ပြီး ကိုယ်အုပ်ချုပ်မယ့် နယ်မြေအကြောင်း ကျွမ်းကျင်တဲ့ လူဖြူနဲ့ တိုင်းရင်းသားတွေ ဖြစ်ကြပါတယ်။ ဒီထဲက အထင်ရှားဆုံးက အိုင်စီအက် ခေါ် အိန္ဒိယပဋိညာဉ်ခံဝန်ထမ်းတွေဖြစ်ကြပြီး မိုးကျရွှေကိုယ်တွေလို့ တင်စားခံခဲ့ရပါတယ်။ အိုင်စီအက်အဖြစ် ခန့်အပ်ခံရသူတွေထဲမှာ ဗြိတိသျှ၊ ကပြားနဲ့ တောင်အာရှနွယ်ဖွားတွေ များပြီး မြန်မာထဲက ၃၃ ယောက် ရှိခဲ့ပါတယ်။ ၁၉၃၇ မှာ မြန်မာပြည်ကို အိန္ဒိယက ခွဲထုတ်ပြီးနောက် ဘီစီအက် ပထမတန်းအဖြစ် အရွေးခံရသူ ၁၃ ယောက် ရှိတဲ့အတွက် အိုင်စီအက်နဲ့ ဘီစီအက်ဝမ်း ၄၆ ယောက် ရှိတယ်ဆိုပြီး မောင်မြင့်ကြွယ်ရဲ့ ကျွန်တော်ဘီစီအက်စ် စာအုပ်မှာ ဖော်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဦးတင်ထွဋ်ကစ
မြန်မာပြည်ရဲ့ ပထမဆုံး အိုင်စီအက် အရာရှိဟာ ဦးတင်ထွဋ်ဖြစ်ပြီး ၁၉၂၁ က တိုက်ရိုက်ခန့်အပ်ခံရပါတယ်။ သူ့ရှေ့ ၁၈၉ဝ လောက်မှာ အိုင်စီအက် စာမေးပွဲဝင်ဖို့ ကြိုးစားပြီး စာမေးပွဲခန်းထဲမှာ အားပြတ်မူးလဲသွားလို့ မဖြေခဲ့ရသူကတော့ နောင်မှာ ခေတ္တဘုရင်ခံ ဖြစ်ခဲ့တဲ့ ဆာဂျေအေမောင်ကြီး ဖြစ်ပါတယ်။
ဦးတင်ထွဋ်ဟာ အရေးပိုင် ဦးဖိန်းရဲ့သားဖြစ်ပြီး ၂၂ နှစ်အရွယ် ၁၉၁၇ မှာ ကိန်းဘရစ်တက္ကသိုလ်က သင်္ချာ၊ ဘောဂဗေဒ ဂုဏ်ထူးနဲ့ ဘွဲ့ရခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ အိန္ဒိယစစ်တပ်ရဲ့ ကော်မရှင်ဝင်အဖြစ် မြန်မာအရာရှိ လေးယောက် ခန့်ထားရာမှာလည်း သူပါခဲ့ပါတယ်။ ၁၉၁၉ မှာ အိုင်စီအက် အရွေးခံရပြီး အောက်စဖို့ဒ်တက္ကသိုလ်မှာ ၂ နှစ်ဆည်းပူးလေ့ကျင့်ခဲ့ပါတယ်။ သူနဲ့ နောင်လာမယ့် မြန်မာအိုင်စီအက်တွေဟာ အောက်စဖို့ဒ် လှေလှော်အသင်းတွေမှာ ပဲ့ထိန်းအဖြစ် ဆောင်ရွက်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သူနဲ့ ခေတ်ပြိုင် ဗြိတိန်မှာ ပညာသင်ခဲ့ကြတဲ့ မြန်မာကျောင်းသားတွေထဲ ဝတ်လုံ ဥပဒေပညာသင် ကျောင်းသားအများအပြား အိုင်စီအက် စာမေးပွဲကို ဝင်ပြီး ကံစမ်းကြသလို တိုက်ရိုက်ခန့်အပ်ခံရတာသူ ၁၅ ယောက် ရှိပါတယ်။ ၁၉၂၉ က စပြီး ရန်ကုန်မှာ စာစစ်ဌာနဖွင့်ကာ ဒီက ဖြေဆိုအောင်မြင်သူ ၁၈ ယောက်ရှိတယ်လို့ သိရပါတယ်။
အိုင်စီအက် အရွေးခံရသူတွေထဲမှာ အောက်စဖို့ဒ်က ဦးမောင်မောင် ၊ ဦးခင်မောင်ရင်၊ ဦးကျော်ခိုင်၊ ဦးကြင်၊ ဦးစံမောင်၊ ဦးရွှေဘော်၊ ဦးစိန်တင်၊ ဦးအောင်စိုး၊ ဦးစောဟန်၊ ဦးရွှေမြ၊ ဦးကျော်သိန်း၊ ဦးချမ်းသာ၊ ဦးစိုးတင့်တို့ ပါဝင်ကြောင်း သိပ္ပံမောင်ဝရဲ့ အောက်စဖို့ဒ်တက္ကသိုလ် စာအုပ်မှာ ပါရှိပါတယ်။ နောက် သစ်တောအတွက် အိုင်အက်ဖ်အက်နဲ့ ဘီအက်ဖ်အက် အရာရှိ အရွေးခံရသူတွေလည်း အောက်စဖို့ဒ်မှာ ဆည်းပူးကြပါတယ်။ ရဲအတွက် အိုင်ပီအက်၊ ပညာရေးအတွက် အိုင်အီးအက် ၊ စာရင်းစစ်အတွက် အိုင်အေအက်၊ ဆေးဘက်အတွက် အိုင်အမ်အက် စတဲ့ သီးခြားပဋိညာဉ်ခံဝန်ထမ်းတွေလည်း ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဗြဟ္မာပြည့်က အပ်
အိုင်စီအက် အရွေးခံရဖို့ နှစ်စဉ် လူဒါဇင်နဲ့ချီ ဝင်ပြိုင်ကြပြီး တက္ကသိုလ်ဂုဏ်ထူး ပထမတန်းနဲ့ ဒုတိယတန်းရသူတွေ အများအပြား ပြိုင်ကြတယ်လို့ ဦးချမ်းသာရဲ့ ကျွန်တော်အိုင်စီအက်(စ်) စာအုပ်မှာ ပါရှိပါတယ်။ ဒီလူတွေအတွက် တက္ကသိုလ်ကျောင်းအုပ်ကြီး မစ္စတာစလော့ကိုယ်တိုင် သင်တန်းပေးပြီး လေ့ကျင့်တယ်လို့လည်း ဆိုပါတယ်။ အိုင်စီအက် အရွေးခံရဖို့ ရာဇဝင် (သမိုင်း)၊ စာစီစာကုံး၊ နိုင်ငံရေး၊ အင်္ဂလိပ်စာ၊ မြန်မာစာနဲ့ အထွေထွေဗဟုသုတ၊ နေ့စဉ်သိပ္ပံ၊ နှုတ်မေးဖြေ စတဲ့ ဘာသာတွေ ဖြေဆိုရပြီး ဒီစာမေးပွဲအတွက် ခြောက်လလောက် ကြိုပြင်ရတယ်လို့ ဦးချမ်းသာက ရေးပါတယ်။ သူဖြေတဲ့ ၁၉၃၂ က ရန်ကုန် စာစစ်ဌာနအတွက် စုစုပေါင်း အမှတ် ၁၈ဝ၀ မှာ ၇၅ဝ အထက် ရသူသုံးယောက်ကိုသာ ရွေးမှာ ဖြစ်လို့ မီးကုန်ယမ်းကုန် ကြိုးစားခဲ့ရပါတယ်။ နောက်ဆုံးတလလုံး တရက် အိပ်ချိန် လေးနာရီပဲ ထားပြီး ဖတ်ရှုလေ့လာခဲ့ရတာ ဖြစ်ပါတယ်။
သူတို့နှစ် အရွေးခံရတဲ့ သုံးယောက်လုံး အောက်စဖို့ဒ်တက္ကသိုလ်မှာ အစမ်းခန့်အဖြစ် ၂ နှစ် ပညာသင်ခဲ့ရပြီး ရာဇဝင်၊ နိုင်ငံရေးနဲ့ မြင်းစီးပညာကို သင်ခဲ့ရပါတယ်။ ဗြိတိန်မှာ စာသင်စဉ်ကာလအတွင်း အောက်စဖို့ဒ်တက္ကသိုလ် သမဂ္ဂမှာ မိုက်ကယ်ဖု စတဲ့ လေဘာပါတီခေါင်းဆောင်လောင်းတွေနဲ့အတူ တက်ကြွပါဝင်ခဲ့ကြတယ်လို့ ဦးချမ်းသာက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒူးကလေးနှစ်လုံး
နာမည်ကျော် ခေတ်စမ်းစာဆို သိပ္ပံမောင်ဝက သူ့မျက်စိ၊ လျှာ၊ နား စတဲ့ ခံစားအာရုံပါတဲ့ ကိုယ်အင်္ဂါတွေဟာ ကမ္ဘာပေါ်မှာ ကောင်းပေ့ ထင်ရှားပေ့ ဆိုတဲ့ နေရာတွေ၊ အစားအသောက်တွေနဲ့ သီချင်းဂီတတွေကို ကြည့်ရှု စားသောက် နားဆင်ခဲ့ပေမယ့် သူ တောတက်ရင် ဘောင်းဘီတိုနဲ့ ခြေအိတ်ကြားက မဖုံးနိုင်တဲ့ ဒူးကလေးနှစ်လုံးကတော့ ဆူးခြစ်တာ ရှတာတွေ ခံရတယ်လို့ စာဖွဲ့ခဲ့ပါတယ်။
အိုင်စီအက်တွေရဲ့ ဘဝကလည်း မောင်ဝ စာဖွဲ့သလိုပဲ နိုင်ငံခြားနဲ့ မြို့ပေါ်မှာ အရာရှိအရာခံဘဝကို စံစားနိုင်ကြပေမယ့် နယ်ကို ကွင်းဆင်းတဲ့အခါမှာတော့ ဆူးတွေ ချုံတွေကိုလည်း တိုးရတတ်ပါတယ်။ ဒါကြောင့် အိုင်စီအက် သင်တန်းမှာ မြင်းစီးတာကို အဓိက သင်ကြားပေးတာပါ။
အိုင်စီအက်တွေ မြန်မာပြည် ပြန်ရောက်စမှာ နယ်ပိုင်၊ ကြေးတိုင်အရာရှိ စတဲ့ နယ်ဆင်းရတဲ့ အလုပ်တွေ ခန့်ပြီး လုပ်သက်ရင့်လာတာနဲ့အမျှ အရေးပိုင်၊ အတွင်းဝန်ကလေး၊ လက်ထောက်အတွင်းဝန် စတဲ့ ရာထူးတွေကို တိုးမြှင့် ခန့်ထားပါတယ်။ ဒါကြောင့် ၁၉၂၁ မှာ ပထမဆုံး မြန်မာထဲက အိုင်စီအက် ဖြစ်တဲ့ ဦးတင်ထွဋ်ဟာ ၁၉၃၅ မှာ ဘဏ္ဍာရေး ဌာန ဒုတိယ အတွင်းဝန် ရာထူးနဲ့ ရန်ကုန် အတွင်းဝန်များရုံးမှာ အမှုထမ်းခဲ့သလို ရန်ကုန်တက္ကသိုလ်ရဲ့ ပထမဆုံး ရွေးကောက်ခံရတဲ့ အဓိပတိအဖြစ်လည်း ၁၉၃၉ မှာ တင်မြှောက်ခံရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လူမျိုးဘာသာ
မြန်မာပြည်က အရွေးခံရတဲ့ အိုင်စီအက်နဲ့ ဘီစီအက် ဝမ်း အများစုဟာ မြန်မာလူမျိုးထဲက များပေမယ့် အင်္ဂလိပ်ကပြားနဲ့ တရုတ်စတဲ့ တခြားလူမျိုးတွေလည်း ရှိပါတယ်။ ကပြားထဲမှာ ဂျွန်မက္ကနီးခေါ် ဦးသောင်းစိန်၊ ထရပ်ဝိန်ခေါ် ဦးအုန်းမောင် ၊ ဂျိမ်းစ်ဘာရင်တန်တို့ ထင်ရှားပြီး ဝီလ်ဂျပ်ဆင် ကဲရော့လည်း ရှိပါတယ်။ တရုတ်ထဲက ကွေဖောင်ဟိုးနဲ့ တရုတ်ကပြား ဦးဘဌေး စသူတွေ ရှိပြီး ရခိုင်ထဲက ဦးဦးကျော်ခိုင်၊ ဦးကျော်မင်း၊ ဦးရွှေဘော် ၊ ဦးကျော်သိန်း၊ ဦးရွှေမြ စသူတွေ ထင်ရှားပါတယ်။ အညာသားထဲက မင်းဘူး ဦးချမ်းသာ၊ မုံရွာက ဦးစိုးတင့်နဲ့ ဦးဘညိမ် စတဲ့ သူတွေ ရှိသလို အောက်သားထဲမှာတော့ မော်လမြိုင် ဦးစိန်တင်၊ ညောင်တုန်း ဦးကြင်၊ ထားဝယ်နဲ့ မြန်အောင်က ဦးတင်တွေ ရှိပါတယ်။
ဒီမြန်မာအိုင်စီအက်တွေဟာ ဗုဒ္ဓဘာသာဝင် အများစု ဖြစ်ပြီး ခရစ်ယာန်နဲ့ မွတ်ဆလင်ထဲက အရွေးခံရသူတချို့လည်း ရှိပါတယ်။ ဦးကြင်ဟာ အငြိမ်းစားဘဝနဲ့ ဝိုင်အမ်ဘီအေအသင်းမှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၄၆ မှာ ထုတ်တဲ့ အစိုးရအရာရှိစာရင်းအရ အဖြူ အမည်း အိုင်စီအက်နဲ့ ဘီစီအက် ဝမ်း ၁၁၃ ယောက်ထဲမှာ မြန်မာစစ်စစ်က ၃၆ ယောက် ပါတယ်ဆိုပြီး ဦးချမ်းသာက ရေးပါတယ်။ ဒီထဲက ၁၈ ယောက်ဟာ ရန်ကုန်တက္ကသိုလ် ပြည်ကျောင်းဆောင်က ထွက်သူတွေလို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဇာနည်နဲ့ မြေစာပင်
အိုင်စီအက် ဘီစီအက် အရာရှိတွေဟာ ရာထူးကြီးအဆင့်ဆင့် ထမ်းဆောင်ပြီး အငြိမ်းစား ယူကြတာ များပေမယ့် လုပ်ကြံသတ်ဖြတ်ခံရလို့ တာဝန်ထမ်းဆောင်ဆဲ ကွယ်လွန်ကြသူတွေလည်း ရှိပါတယ်။ ၁၉၄၂ ဒုတိယကမ္ဘာစစ် မြန်မာပြည်ကူးစက်ချိန်မှာ သိပ္ပံမောင်ဝ ဦးစိန်တင် ဓားပြသတ်လို့ နိုင်ငံအထက်ပိုင်း ကန့်ဘလူနယ်မှာ ကွယ်လွန်သလို ဦးဦးကျော်ခိုင်လည်း လူမျိုးရေး အဓိကရုဏ်းအတွင်း ရခိုင်ဘက်မှာ သတ်ဖြတ်ခံရပါတယ်။ ၁၉၄၇ နိုင်ငံတော် လုပ်ကြံမှုမှာ ဆုံးပါးတဲ့ အတွင်းဝန် ဦးအုန်းမောင်နဲ့ ၁၉၄၈ မှာ ကားဗုံးခွဲ သတ်ဖြတ်ခံရတဲ့ ဝန်ကြီးဟောင်း ဦးတင်ထွဋ်တို့ရဲ့ ဖြစ်ရပ်ကလည်း နိုင်ငံရေး မတည်ငြိမ်တဲ့ မြန်မာပြည်သမိုင်းမှာ ကျန်ရစ်ခဲ့ပါတယ်။ အိုင်စီအက်ဦးရွှေဘော်ကတော့ ၁၉၄၇ လုပ်ကြံမှုမှာ အစည်းအဝေးခန်းထဲ ရှိနေပေမယ့် အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိုင်စီအက်နဲ့ နိုင်ငံရေး
ဂျပန်ခေတ်မှာ စစ်ပြေးအစိုးရနဲ့ အိန္ဒိယလိုက်သွားတဲ့ မြန်မာအိုင်စီအက် သုံးလေးယောက်က လွဲပြီး ကျန်တဲ့သူတွေ ဒေါက်တာဘမော်အောက်မှာ ဆက်ပြီး အမှုထမ်းကြပါတယ်။ ဘီစီအက် ဝမ်း အောင်ကာစ ဦးဘညိမ်၊ ဦးကျော်ညွန့်နဲ့ ဦးမိုးမြစ်တို့ သုံးယောက်လည်း သြစတြေးလျကနေ မြန်မာပြည်ကို ဂျပန်ဝင်ခါစမှာ သင်္ဘောတတန်၊ လေယာဉ်တတန်နဲ့ ခက်ခက်ခဲခဲ ပြန်ဝင်လာကြပါတယ်။ စစ်အတွင်းမှာ အင်္ဂလိပ်အရာရှိတွေ မရှိတော့တဲ့အတွက် အတွင်းဝန် ရာထူးတွေမှာ မြန်မာတွေ ပထမဆုံးအကြိမ် အုပ်စီးမိကြပြီး ဒီထဲက တဒါဇင်ကျော်က အိုင်စီအက်တွေ ဖြစ်တယ်လို့ ၂ဝ ရာစု မြန်မာနိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး မျက်နှာဖုံးများ စာတမ်းမှာ သံအမတ်ကြီးဟောင်း ဦးသက်ထွန်းက ရေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ပြီးခေတ် လွတ်လပ်ရေးယူဖို့ လန်ဒန်ကို ဗိုလ်ချုပ်အောင်ဆန်း သွားခါနီးရန်ကုန်မှာရှိတဲ့ မြန်မာအိုင်စီအက်တွေ ဆာမောင်ဘအိမ်မှာ စုကြပြီး အရေးပေါ်ရင် ဗိုလ်ချုပ်နဲ့ တိုင်းပြည်ဘက်က ရပ်မယ်ဆိုပြီး ဆုံးဖြတ်ကြတယ်လို့ ဦးချမ်းသာက ရေးပါတယ်။ အိုင်စီအက် ဝါအရင့်ဆုံး ဖြစ်တဲ့ ဦးတင်ထွဋ်ကိုယ်တိုင် ရာထူးကထွက်ပြီး ဗိုလ်ချုပ်အောင်ဆန်းအစိုးရမှာ ဝန်ကြီးဖြစ်နေချိန်ပါ။ ၁၉၄၇ တိုင်းပြည်ပြုလွှတ်တော် ရွေးကောက်ပွဲမှာ ဖဆပလအမတ် ဖြစ်လာသူတွေထဲ ရန်ကုန်တက္ကသိုလ် ဘဏ္ဍာထိန်းဖြစ်ခဲ့တဲ့ အိုင်စီအက်ဟောင်း မြန်အောင်ဦးတင်လည်း ပါပါတယ်။ မြန်အောင်ဦးတင်ဟာ ၁၉၃၆ ကျောင်းသားသပိတ်မှာ ငရဲခွေးကြီးလို့ စွပ်စွဲခံခဲ့ရပေမယ့် နောက်ပိုင်းမှာ ပြေလည်မှု ပြန်ရပြီးလွတ်လပ်ပြီးခေတ်မှာ ကျန်းမာရေးဝန်ကြီးထိ ဖြစ်ခဲ့ပါတယ်။
လွတ်လပ်ရေးရချိန်မှာ ဘဏ္ဍာတော်မင်းကြီးဖြစ်ခဲ့တဲ့ အိုင်စီအက် ဦးကျော်မင်းကလည်း ၁၉၅၁ မှာ ရခိုင်နိုင်ငံရေးခေါင်းဆောင် ဖြစ်လာပြီး ၁၉၅၈ သန့်ရှင်းဖဆပလခေတ်မှာ ဘဏ္ဍာရေးဝန်ကြီးဖြစ်လာပါတယ်။ လက်ဝဲသန်တဲ့ ဘီစီအက် ဦးဘညိမ်ကတော့ ပမညတ သဘာပတိအဖွဲ့ဝင် ဖြစ်လာပြီး ၁၉၆၂ အာဏာသိမ်းအစိုးရမှာ ဘဏ္ဍာရေး အကြံပေး ဖြစ်လာကာ တော်လှန်ရေးကောင်စီဝင်နဲ့ ဝန်ကြီးထိ ဖြစ်ခဲ့ပါတယ်။ အိုင်စီအက် ဦးချမ်းသာနဲ့ ဘီစီအက် ဦးချစ်ဖေတို့ကတော့ ဦးနုရဲ့ ပထစခေတ်မှာ ပါလီမန်အတွင်းဝန်တွေ ဖြစ်လာပြီး ဦးဗိုလ်အုပ်စု ခေါင်းဆောင်တွေ ဖြစ်ခဲ့ကြပါတယ်။
၁၉၅၈ ဗိုလ်ချုပ်ကြီးနေဝင်း အိမ်စောင့်အစိုးရမှာ ပြည်ထဲရေး၊ ပြန်ကြားရေး၊ လူဝင်မှု၊ ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ဌာနဝန်ကြီးအဖြစ် အတွင်းဝန်ချုပ် အိုင်စီအက် ဦးခင်မောင်ဖြူကို ခန့်အပ်ခဲ့ပါတယ်။ ဦးခင်မောင်ဖြူဟာ အမျိုးသားကြံ့ခိုင်ရေး အသင်းဥက္ကဋ္ဌနဲ့ ကင်းထောက်ချုပ်ဖြစ်တယ်လို့လည်း ၁၉၆၁ ထုတ် မည်သူမည်ဝါ မြန်မာပြည်မှာ စာအုပ်မှာ ပါရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဖဆပလခေတ် တရားရေးဘက်မှာလည်း အိုင်စီအက်တွေကို ခန့်ထားတဲ့အတွက် ဦးသောင်းစိန်နဲ့ ဦးစံမောင်တို့ တရားလွှတ်တော် တရားဝန်ကြီးတွေ ဖြစ်ခဲ့ကြပါတယ်။
သံအမတ် အိုင်စီအက်များ
လွတ်လပ်ပြီးခေတ်မှာ အသစ်ပေါ်လာတဲ့ သံအမတ် ရာထူးတွေအတွက် အင်္ဂလိပ်စာ ရေလည်တဲ့ အရာရှိကြီးတွေကို ပို့လွှတ်ရာမှာ ဂျိမ်းစ်ဘာရင်တန်၊ ဦးကာစီ၊ ဦးကြင်၊ ဦးလှမောင်၊ ဦးအောင်စိုး၊ ဦးစံမောင်နဲ့ ဦးဝင်းဖေတို့ သံအမတ် ဖြစ်ခဲ့ကြပါတယ်။ ဒီထဲက ဦးကာစီဟာ ၁၉၄၈ က အစိုးရထဲက ဆိုရှယ်လစ်တွေ ထွက်ပေးဖို့ သခင်နုကို တောင်းဆိုခဲ့တဲ့ လုံခြုံရေးကောင်စီဝင် အတွင်းဝန်ချုပ် ဖြစ်တယ်လို့ သိန်းဖေမြင့်ရဲ့ ကျော်ငြိမ်းစာအုပ်မှာ ပါရှိပါတယ်။ ဒီလိုတောင်းဆိုခဲ့သူအများအပြား ဖယ်ရှားခံရရာမှာ သူ့ကို သံအမတ်အဖြစ် စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကုလသမဂ္ဂရောက် အိုင်စီအက်များ
၁၉၅၂ မှာ မြန်မာအစိုးရ ခွင့်ပြုချက်နဲ့ အာရှနှင့် အရှေ့ဖျား စီးပွားရေး ကော်မရှင် (အီးကဖီး)မှာ အမှုထမ်းခဲ့တဲ့ အိုင်စီအက်ဦးညွန့်ကို အီးကဖေး ဦးညွန့်ဆိုပြီး လူသိများပါတယ်။ နောက်ပိုင်း အက်စ်ကပ်လို့ ခေါ်ကြတဲ့ အဖွဲ့ရဲ့ အမှုဆောင် အတွင်းဝန်အဖြစ် ၁၉၅၉ ကနေ ၁၉၇၃ ထိ ထမ်းဆောင်ခဲ့တဲ့ ဦးညွန့်ကို အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ဖခင်ကြီးအဖြစ် သတ်မှတ်ထားပါတယ်။ သူ့လက်ထက်မှာ မဲခေါင် ဖွံ့ဖြိုးရေး စီမံကိန်း၊ အာရှ အဝေးပြေးလမ်းကွန်ရက်၊ အာရှ စာရင်းအင်းသိပ္ပံစတဲ့ စီမံကိန်းကြီးတွေ စခဲ့ပါတယ်။ သူ့နောက်မှာ အတွင်းဝန်ချုပ် ဦးရွှေမြလည်း ကုလသမဂ္ဂ အကြံပေး ဖြစ်ခဲ့ပါတယ်။
ရွေးကောက်ပွဲ ကော်မရှင် အိုင်စီအက်များ
၁၉၇၃ နဲ့ ၁၉၇၄ က လမ်းစဉ်ပါတီ အစိုးရတက်ဖို့ လမ်းခင်းပေးခဲ့တဲ့ ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲနဲ့ လွှတ်တော်နဲ့ ကောင်စီအဆင့်ဆင့် ရွေးချယ်ပွဲတွေမှာ ကော်မရှင်ဝင်အဖြစ် အိုင်စီအက် ဦးရွှေမြနဲ့ ဦးခင်မောင်ဖြူတို့ ခန့်အပ်ခံရပါတယ်။ ၁၉၉ဝ မှာ ကျင်းပတဲ့ ပါတီစုံ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် အိုင်စီအက် ဦးဘဌေးနဲ့ အဖွဲ့ဝင်အဖြစ် ဘီစီအက် ဝမ်း ဦးကျော်ညွန့်တို့ကို ခန့်အပ်ပါတယ်။
စာရေးဆရာ ပန်းချီဆရာ အိုင်စီအက်များ
သိပ္ပံမောင်ဝခေါ် ဦးစိန်တင်ဟာ စာရေးဆရာအိုင်စီအက်အဖြစ်သာမက ခေတ်စမ်း စာပေ ခေါင်းဆောင်အဖြစ်လည်း အင်မတန် နာမည်ကြီးပါတယ်။ လက်ဝဲမင်းညို ခေါ် ဦးချမ်းသာကတော့ ပထမဆုံး ကဗျာဆုရ အိုင်စီအက်စာဆိုဖြစ်ပြီး လက်ျာစံထား နာမည်နဲ့လည်း စာတွေရေးခဲ့ပါတယ်။ သူရေးတဲ့ အနုပညာဂုဏ်ရည်စာအုပ်ကို တခေတ်က တက္ကသိုလ်ဥပစာတန်းမှာ အထွေထွေမြန်မာစာအဖြစ် ၂ နှစ် ပြဋ္ဌာန်းခဲ့တာပါ။ ဦးချမ်းသာနဲ့ အိုင်စီအက် ဦးလှရှိန်တို့နှစ်ယောက်ကို ပန်းချီဆရာတွေ အဖြစ်လည်း လူသိများပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိုင်စီအက် မိသားစုများ
အိုင်စီအက်တွေဟာ ရာထူးကြီးအရာရှိတွေ ဖြစ်တဲ့အတွက် မိသားစုနောက်ခံတောင့်တင်းတဲ့အထဲက လာသူတွေရှိသလို သူဌေးသူကြွယ်နဲ့ အရာရှိမိသားစုတွေထဲ သမက်အဖြစ် ရောက်သွားသူတွေလည်း မနည်းပါဘူး။ တခေတ်က အင်္ဂလန်က ပြန်လာတဲ့ အိုင်စီအက် ဝတ်လုံ စတဲ့ ပညာတတ်တွေကို သီဟိုဠ်ခေါ် သီရိလင်္ကာအထိ ဆင်းပြီး ကြိုကြတဲ့ ယောက္ခမလောင်းတွေ ရှိခဲ့ပါတယ်။
ပထမ မြန်မာ အိုင်စီအက် ဦးတင်ထွဋ်တို့ ညီနောင်လေးယောက်လုံးကလည်း ပညာတတ် ဥပဒေအရာရှိကြီးတွေနဲ့ ပါမောက္ခတွေအဖြစ် ထင်ရှားသလို ယောက်ဖလုပ်သူ ဦးဧမောင်ကလည်း ပထမဆုံး မြန်မာစာပါမောက္ခ ဖြစ်ပါတယ်။ မင်းသုဝဏ်ရဲ့ ချစ်ဦးသူ ခင်စောမူကိုတော့ အိုင်စီအက် ဦးဘတင့်နဲ့ လက်ထပ်ပေးပါတယ်။ ဦးထွန်းသင်သမက်တော်သူ ဒေါက်တာထွန်းသင်ကတော့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့မှာ ထမ်းဆောင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆာဘွဲ့ရတဲ့ မြန်မာသူဌေး ဆာဘိုးသာနဲ့ ဆာဦးသွင်တို့မှာ ဦးပိုင်နဲ့ ဦးစံမောင်ဆိုတဲ့ အိုင်စီအက် သမက်တွေ ရှိကြသလို ဆာမောင်ခင်ရဲ့ညီ၊ စမော်ကော်မင်းကြီး(Small Cases Court Judge) ဦးသာဒင်ကြီးရဲ့ သမက် အိုင်စီအက် ဦးအုန်းကိုလည်း အချမ်းသာဆုံး အိုင်စီအက်အဖြစ် လူသိများပါတယ်။
ဇနီးသုံးယောက် ရှိခဲ့တဲ့ အိုင်စီအက် ဦးရွှေဘော်ရဲ့ ပထမဇနီး ဒေါ်မြစိန်နဲ့ တတိယဇနီး ဒေါ်ခင်ခင်ကြီးတို့ဟာလည်း ပညာတတ် အမျိုးသမီးခေါင်းဆောင်တွေအဖြစ် ထင်ရှားခဲ့ပါတယ်။
အိုင်စီအက် ဦးကြင်ရဲ့ညီ ဗိုလ်မှူးကြီးကြည်မောင်ဟာလည်း NLD ခေါင်းဆောင်တယောက် ကျော်ကြားခဲ့ပါတယ်။
အိုင်စီအက် ဦးစောလွင်ရဲ့ ယောက္ခမကတော့ အထက်လွှတ်တော်အမတ် မီးရထား ဝန်ထောက်ဟောင်း ဦးဘစိန်ဖြစ်ပြီး မြန်မာနိုင်ငံ ပညာပြန့်ပွားရေးအသင်းအမှုဆောင် တယောက် ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၄၈ လွတ်လပ်ရေး ရချိန်မှာ အဖြူတကျပ် အမည်းတမတ် မူနဲ့ ခွဲခြားခံရတဲ့ မြန်မာအိုင်စီအက်တွေဟာ အများဆုံး လျော်ကြေး နှစ်သောင်းခွဲထိသာ ဗြိတိသျှအစိုးရဆီက ရခဲ့ကြပါတယ်။ အဲဒီနောက် မြန်မာအစိုးရလက်ထက်မှာလည်း နိုင်ငံရေးသမားတွေရဲ့ စွက်ဖက်မှုကြောင့် အိုင်စီအက်တချို့ အစိုးရအလုပ်ကထွက်ပြီး စီးပွားရေးဘက်ကို ကူးပြောင်းပါတယ်။ ကျန်ခဲ့သူတွေကို အတွင်းဝန်ချုပ်၊ ဘဏ္ဍာတော်မင်းကြီး စတဲ့ အမြင့်ဆုံး ရာထူးကြီးတွေ ပေးပေမယ့် ဝန်ကြီးနေရာထိ ရတဲ့ အိုင်စီအက်အနည်းငယ်သာ ရှိခဲ့ပြီး စစ်တပ်နဲ့ နိုင်ငံရေးသမားတွေရဲ့ သြဇာကို မလွန်ဆန်နိုင်တာ တွေ့ရပါတယ်။ နိုင်ငံခြားပြန် မိုးကျရွှေကိုယ်ဆိုပေမယ့် သူတို့လောက် ပညာမချွန်သူတွေရဲ့ နောက်တန်းက နေခဲ့ရသူတွေသာ ဖြစ်ပါတယ်။
သူတို့ကို ဆက်ခံတဲ့ မြန်မာနိုင်ငံဝန်ထမ်း ဘီစီအက်တွေဟာလည်း ၁၉၆၂ နောက်ပိုင်း စစ်အစိုးရအဆက်ဆက်အောက်မှာ မှေးမှိန်ခဲ့ပြီး အထွေထွေအုပ်နဲ့ ဌာနပေါင်းစုံမှာလည်း ခြစားမှု၊ အုပ်ချုပ်ရေးမနိုင်နင်းမှု၊ ခေတ်မမီမှုတွေကြောင့် ကိုလိုနီကြိုးနီစနစ်ကိုတောင် လိုက်မမီတဲ့အဖြစ်ကို ရောက်ခဲ့ရပါတယ်။








