အပျိုဖြန်းစအိမ်ထောင်ပြုတဲ့ ဒေါ်သိန်းကြွယ်နဲ့ အိုင်စီအက်ခေတ်

ဓာတ်ပုံ ရင်းမြစ်, Than Myint Aung
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
ရန်ကုန်မှာ လွတ်လပ်ရေးနေ့က အနိစ္စရောက်တဲ့ ဒေါ်သိန်းကြွယ်ဟာ နောက်ဆုံး အာဇာနည်မုဆိုးမလက်ကျန်ဖြစ်သလို မြန်မာအိုင်စီအက် အရာရှိလောကမှာ နောက်ဆုံး ကွယ်လွန်တဲ့ ဇနီးဖြစ်ပါလိမ့်မယ်။ အသက် (၉၈) နှစ်ထိ နေသွားရတဲ့ ဒေါ်သိန်းကြွယ်နဲ့ ခင်ပွန်း အတွင်းဝန်ဦးအုန်းမောင်တို့အကြောင်းကို ရေးတာ များများစားစား မရှိခဲ့တဲ့အတွက် သူတို့ဘဝအကြောင်းတွေ လူသိနည်းတာကိုလည်း တွေ့ရပါတယ်။
ကုန်းဘောင်ဆက်နဲ့ ပုသိမ်သူ
ဒေါ်သိန်းကြွယ်ဟာ "ကြက်သရေဆောင်ရွှေစလွယ်ရမင်း"နဲ့ အမှုထမ်းကောင်း တံဆိပ်ရမင်း ဘွဲ့တွေ ရတဲ့ ပုသိမ်က အရေးပိုင် ဦးဘိုးဘေရဲ့ သမီးဖြစ်ပြီး သမ္မတဟောင်း ဒေါက်တာ ဘဦးရဲ့ နှမဝမ်းကွဲ ဖြစ်ပါတယ်။ နောက် ကာကွယ်ရေးဦးစီးချုပ်ဟောင်းနဲ့ NLD နာယက ဦးတင်ဦးဟာလည်း သူနဲ့ မတ်တော်စပ်ပါတယ်။ ဒါကြောင့် လုပ်ကြံမှု ဖြစ်ပွားချိန်မှာ ဦးအုန်းမောင် မိသားစုဟာ ရန်ကုန် အင်းယားလမ်းက ဘကြီးဦးဖိုးလှအိမ်မှာနေကြတယ် ဆိုတဲ့အတွက် ဒေါက်တာဘဦးရဲ့ဖခင် အထက်လွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဦးဘိုးလှအိမ် ဖြစ်နိုင်ပါတယ်။ ဦးဘိုးလှကလည်း အိန္ဒိယအတုလ မဟာရဋ္ဌသဟာယခေါ် စီအိုင်အီး ဘွဲ့ ရခဲ့ပြီး ဆာဘွဲ့ထက် တဆင့်ပဲ နိမ့်တဲ့ဘွဲ့မျိုးဖြစ်ပါတယ်။
တခါ ဒေါ်သိန်းကြွယ် အဖေ ဦးဘိုးဘေနဲ့ ဦးဘိုးလှ သမီးယောက်ဖနှစ်ယောက်ဟာ ၁၉၂၁ က ဆရာတော် ဦးဥတ္တမကို ဖမ်းမိန့်ပေးခဲ့ရသူနဲ့ ထောင်ချခဲ့ရသူ အရေးပိုင်တွေလည်း ဖြစ်ကြပါတယ်။ အဲဒီအချိန်က မြန်မာထဲက အရေးပိုင်ဖြစ်သူ သုံးယောက်သာ ရှိသေးတဲ့အချိန်မှာ ဦးဥတ္တမလို နာမည်ကြီးခေါင်းဆောင်တယောက်ကို တရားစွဲစစ်ဆေးရတဲ့ အလုပ်ကို ဘာလို့ သူတို့မိသားစုဝင်တွေကို လွှဲအပ်ရသလဲဆိုပြီး မအူပင်အရေးပိုင် ဦးဘိုးဘေက ဗြိတိသျှအစိုးရကို ကန့်ကွက်ခဲ့ပါတယ်။ ဆရာတော် ထောင်ကျချိန်မှာ ထောင်ထဲမှာ သက်သာအောင် သီတင်းသုံးရဖို့ ဦးဘိုးဘေက ဖန်တီးပေးတဲ့အတွက် ဆရာဒကာ ဆက်ဆံရေး ရှိသွားပြီး ထောင်ကလွတ်ပြီးနောက်မှာလည်း ဒေါက်တာဘဦးညီတွေက ဆရာတော် ပျံတော်မူခါနီးထိ ဆွမ်းကပ်တာတွေ ရှိခဲ့တယ်လို့ ဒေါက်တာဘဦးရဲ့ ကျွန်ုပ်၏မြန်မာပြည် ကိုယ်ရေးအတ္ထုပ္ပတ္တိမှာ ရေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Anadolu Agency
နောက် ဒေါက်တာဘဦးရဲ့ ဒုတိယအိမ်ထောင်က ဦးဘိုးဘေရဲ့သမီး ဒေါ်ဒေါ်အေးဖြစ်လို့ ဒေါ်သိန်းကြွယ်ဟာ ဦးဘဦးရဲ့ ခယ်မလည်းတော်ပါတယ်။ ဒေါ်သိန်းကြွယ်ရဲ့နာရေးမှာတော့ ဒေါက်တာဘဦး-ဒေါ်ဒေါ်အေးတို့အမည်တွေကို မဖော်ပြပါဘူး။ သူတို့ မိသားစုမျိုးရိုးဟာ ကုန်းဘောင်မင်းဆက် နန်းတွင်းရေး အရှုပ်အရှင်းတွေရန်က ထွက်ပြေးလာတဲ့ ဟင်္သာတ မင်းသမီးရဲ့ အဆက်တွေလို့လည်း ဒေါက်တာဘဦးက ရေးပါတယ်။ တိကျတဲ့ သက်သေတော့ ရှာလို့မရသေးပါဘူး။
ဦးဘိုးဘေရဲ့ဖခင် ဦးဗိုလ်ကြီး အထိမ်းအမှတ် အစိုးရအလယ်တန်းကျောင်းကတော့ ဝါးခယ်မမြို့မှာ အနှစ်တရာကျော် တည်ရှိနေဆဲ ဖြစ်ပါတယ်။
အပျိုဖြန်းနဲ့ အိုင်စီအက်

ဓာတ်ပုံ ရင်းမြစ်, Than Myint Aung
ဒေါ်သိန်းကြွယ် (၁၆) နှစ်သမီးလောက်မှာပဲ အင်္ဂလန်ကပြန်လာခါစ ဦးအုန်းမောင်နဲ့ လက်ဆက်ခဲ့ပါတယ်။ သူ့အစ်ကို ပန်းတနော်အမတ် ဦးအေးမောင်က ဦးအုန်းမောင်နှမ ဒေါ်ခင်စိန်နဲ့ လက်ထပ်ပြီး သူက ဦးအုန်းမောင်နဲ့ယူတဲ့ မောင်လှယ်နှမလှယ် တော်စပ်မှု ဖြစ်ပါတယ်။ အဲဒီအချိန်က အိုင်စီအက် ဘီစီအက် (အဆင့် ၁) အရာရှိတွေဟာ အင်မတန် လူကြိုက်များတဲ့ သတို့သားလောင်းတွေ ဖြစ်ပါတယ်။ သမီးရှင်တချို့က ရန်ကုန်ပြန်ရောက်မှာကို မစောင့်နိုင်လို့ သီဟိုဠ်ခေါ် သီရိလင်္ကာထိ သွားပြီး သမက်လောင်းကို ကြိုတဲ့ခေတ်ဖြစ်သလို အင်္ဂလန်မသွားခင်ကတည်းက လက်ထပ်နေရာချတာမျိုးတွေ ရှိပါတယ်။ ဒေါ်သိန်းကြွယ်လိုပဲ အရာရှိကြီး သမီးတွေထဲက အိုင်စီအက်နဲ့ လက်ထပ်တဲ့ အပျိုပေါက်စတွေလည်း ရှိခဲ့ပါတယ်။ ဒေါ်သိန်းကြွယ်နဲ့ ဦးအုန်းမောင်တို့ (၁ဝ)နှစ် အသက်ကွာတယ်လို့လည်း သိရပါတယ်။
တကယ်က အိန္ဒိယပဋိညာဉ်ခံဝန်ထမ်းလို့ သိကြတဲ့ အိုင်စီအက် အရာရှိတွေဟာ တချိန်က မိုးကျရွှေကိုယ်အရာရှိကြီးတွေအဖြစ် မြန်မာပြည် အုပ်ချုပ်ရေးမှာ တွင်ကျယ်ခဲ့ကြပါတယ်။ မြန်မာပြည်ပြန်ရောက်တာနဲ့ နယ်ပိုင်အဆင့်က စပြီး အရေးပိုင်၊ တိုင်းမင်းကြီး၊ အတွင်းဝန်စတဲ့ ရာထူးတွေကို ဗြိတိသျှနဲ့ အိန္ဒိယသားတွေနဲ့ အပြိုင် ရယူနိုင်တဲ့ မြန်မာလူနည်းစုထဲမှာ ဒီလူစုပါဝင်ပါတယ်။ မြန်မာထဲက ဦးတင်ထွဋ်ကို ၁၉၂၁ လန်ဒန်မှာ အိုင်စီအက် ခန့်တာကနေစပြီး မြန်မာအိုင်စီအက် အရေအတွက်ဟာ (၁၅) နှစ်အတွင်း လူ (၃ဝ) လောက် ရှိလာပါတယ်။ ၁၉၃၇ မှာ မြန်မာပြည်ကို အိန္ဒိယက ခွဲထုတ်ပြီးနောက် အိုင်စီအက်ကနေ မြန်မာပဋိညာဉ်ခံဝန်ထမ်း ဘီစီအက် (အဆင့် ၁) ဖြစ်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Than Myint Aung
ဒုတိယ ကမ္ဘာစစ်ဖြစ်ချိန်မှာတော့ ဒီ ဘီစီအက် အရာရှိလောင်းတွေကို အင်္ဂလန်ပို့ပြီး ပညာမသင်စေတော့ဘဲ သြစတြေးလျကို ပို့တယ်လို့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တော်လှန်ရေး ကောင်စီဝင်ဟောင်း ဘီစီအက်ဦးဘညိမ်က ရေးပါတယ်။ စစ်မဖြစ်ခင်က ခန့်ခဲ့တဲ့ အိုင်စီအက်နဲ့ ဘီစီအက် (အဆင့် ၁) စုစုပေါင်း (၄၆) ယောက် ရှိတယ်လို့လည်း မောင်မြင့်ကြွယ်ရဲ့ ကျွန်တော်ဘီစီအက်စ် စာအုပ်အရ သိရပါတယ်။ ၂ဝ၁၄ က ထုတ်တဲ့ သူ့စာအုပ်ပါ စာရင်းမှာ ဦးအုန်းမောင်ကို ထည့်ပြမထားတဲ့အတွက် (၄၇) ယောက်လို့ ဆိုနိုင်ပါတယ်။ ထားဝယ်ဦးတင်နဲ့ စက်ရှင်မင်းကြီးဦးမောင်မောင်ကိုပါ ထည့်ရေရင် (၄၉ ) ယောက်လို့လည်း ဆိုသူ ရှိပါတယ်။
စစ်ပြီးခေတ်မှာတော့ အင်္ဂလန်ကို စေလွှတ်တာ မရှိတော့ဘဲ လွတ်လပ်ရေး ရပြီးနောက်မှ အမေရိကန်က ဟားဗတ် စတဲ့ တက္ကသိုလ်တွေကို မဟာအုပ်ချုပ်ရေး ဘွဲ့အတွက် စေလွှတ်ပညာသင်စေခဲ့ပါတယ်။
ဘီစီအက်နဲ့ ကပြားမျိုးချစ်

ဓာတ်ပုံ ရင်းမြစ်, www.gnlm.com.mm
အိုင်စီအက် ဦးအုန်းမောင်လို့ လူသိများတဲ့ ဒီအာဇာနည်ပုဂ္ဂိုလ်ကြီးဟာ ဘီစီအက် (အဆင့် ၁) ဖြစ်ပါတယ်။ ၁၉၃၇- ၃၈ ပညာသင်နှစ်မှာ အောက်စဖို့ဒ်ကို ပညာသင်ဖို့ သူနဲ့ ဦးဘကျော်၊ ဦးဘစန်းတို့ ရောက်လာကြောင်း မင်းသုဝဏ်ရဲ့ မှတ်တမ်းများကို ကိုးကားပြီး သားဖြစ်သူ ဒလဘန်းက ရေးပါတယ်။ ဗြိတိသျှစာကြည့်တိုက် ကက်တလောက် စာရင်းတခုမှာတော့ အိုင်စီအက် ဦးအုန်းမောင်လို့တွေ့ပါတယ်။ မင်းဘူးဇာတိ ဦးအုန်းမောင်ဟာ ဧရာဝတီသင်္ဘော ကုမ္ပဏီကိုယ်စားလှယ်ကြီး မစ္စတာထရပ်ဝိန်ရဲ့သား ဖြစ်ပြီး အင်္ဂလိပ်-မြန်မာကပြားဖြစ်ပါတယ်။ ဒါကြောင့် သူ့နှမ ဒေါ်ခင်စိန်ရဲ့အိမ် ဧည့်ခန်းမှာ အင်္ဂလိပ်အမျိုးသားကြီးတွေနဲ့ မြန်မာအမျိုးသမီးကြီးတွေရဲ့ ခေတ်ဟောင်းက ဓာတ်ပုံတွေ ချိတ်ဆွဲထားခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဒလဘန်း
ဦးအုန်းမောင်ဟာ ကပြားဖြစ်ပေမယ့် မျိုးချစ်စိတ်ရှိသူလို့လည်း မြန်မာအထောက်အထားတွေက ဖော်ပြပါတယ်။ ဒါကြောင့် ဝေလနယ်က စာကြည့်တိုက်တခုမှာ သူနဲ့ နိုင်ငံရေး ဆွေးနွေးရာက မင်းသုဝဏ်ရဲ့ သပြေညိုကဗျာ ၁၉၃၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်မှာ ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့လူမျိုးကို ထိလာရင် နည်းနည်းမှ သည်းမခံတတ်တဲ့ ကိုအုန်းမောင်ကို တိုက်ကြက်ကလေးဆိုပြီး အင်္ဂလန်က အငြိမ်းစား အိုင်စီအက် တချို့က ခေါ်တယ်လို့လည်း မင်းသုဝဏ်က ရေးသားခဲ့ပါတယ်။ ဒီကဗျာကို အဲဒီအချိန်က ပြန်ကြားရေးအတွင်းဝန် ဖြစ်နေတဲ့ အိုင်စီအက် ဦးစိန်တင်ခေါ် သိပ္ပံမောင်ဝက ပုံနှိပ်ပြီး နိုင်ငံအနှံ့ဝေစေတယ်လို့လည်း ဆိုပါတယ်။
ဦးအုန်းမောင်လို တခြားမြန်မာကပြားအိုင်စီအက်တွေ ရှိခဲ့ပြီး အထင်ရှားဆုံးကတော့ အမေရိကန်နဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် မဟာသရေစည်သူ ဂျိမ်းစ်ဘယ်ရင်တန် ဖြစ်ပါတယ်။ မြန်မာနိုင်ငံခြားရေးဌာနမှာ အတွင်းဝန်လည်း ဖြစ်ခဲ့တဲ့ ဘယ်ရင်တန်နဲ့ ဇနီး အီလင်းတို့ ဝါရှင်တန်မှာ တည်ခင်းတဲ့ ထမင်းစားပွဲမှာ အုန်းထမင်း၊ ကြက်သားဟင်း၊ ငါးပိကြော်၊ သနပ်စုံနဲ့တကွ ကြက်သွန်ပေါင်းကြော်ပါ ပါတယ်ဆိုပြီး ဒဂုန်ခင်ခင်လေးက ကမ္ဘာ့ခရီးသည်မှာ ရေးခဲ့ပါတယ်။ သံအမတ်ကတော်က ဗမာလို လက်နဲ့စားတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Than Myint Aung
တကယ်က ဦးအုန်းမောင်၊ ဘယ်ရင်တန်နဲ့ တရားဝန်ကြီး မဟာသီရိသုဓမ္မ ဦးသောင်းစိန်ခေါ် ဂျွန်မက္ကနီး စတဲ့ ကပြားအိုင်စီအက်တွေဟာ တို့ဗမာမျိုးချစ်စိတ် ခေါင်းအထောင်ဆုံး ၁၉၃ဝ ကျော်ကနေ လွတ်လပ်ရေးကာလထိ မြန်မာပြည် အုပ်ချုပ်ရေးမှာ တာဝန်ယူခဲ့ကြသူတွေ ဖြစ်ပြီး မျိုးချစ်စိတ်မရှိသူ၊ ဗြိတိသျှအလိုတော်ရိ ဆိုတဲ့ စွပ်စွဲမှုတွေကြားမှာ လွတ်အောင် နေခဲ့ရသူတွေ ဖြစ်ကြပါတယ်။ တခြား မြန်မာစစ်စစ် တိုင်းရင်းသားဆိုတဲ့ အိုင်စီအက်တွေကိုလည်း မြန်မာနိုင်ငံရေးသမားနဲ့ မျိုးချစ်တွေက အမြင်မကြည်ခဲ့ကြပါဘူး။ ဒါပေမဲ့ စစ်အတွင်းမှာ သူတို့အများစု အင်္ဂလိပ်တွေ စစ်ပြေးတဲ့နောက် လိုက်မသွားဘဲ မြန်မာပြည်မှာ နေခဲ့ပြီး ဂျပန်မသင်္ကာခံရတဲ့ကြားက ဆက်အမှုထမ်းခဲ့ကြသလို သြစတြေးလျ ရောက်နေတဲ့ ဘီစီအက်သင်တန်းဆင်း လေးယောက်လည်း ဗုံးဘေး၊ တော်ပီဒိုဘေး မကြောက်ဘဲ အိန္ဒိယကပတ်ပြီး မြန်မာပြည်ထဲကို ခက်ခက်ခဲခဲ ပြန်ဝင်ခဲ့ကြပါတယ်။
ထူးဆန်းတာတခုကတော့ ဦးအုန်းမောင် ဂျပန်ဝင်ချိန်ထိ ကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုလက်မှုဌာန လက်ထောက် အတွင်းဝန်အဖြစ် ထမ်းဆောင်ပြီးနောက် ၁၉၄၇ မြစ်ကြီးနားအရေးပိုင် ဖြစ်ချိန်ကြား ဘယ်ရောက်နေတယ်ဆိုတာကို မှတ်တမ်း မတွေ့ရဘဲ ရှိပါတယ်။ ဘယ်ရင်တန်နဲ့ တခြားအင်္ဂလိပ်၊ ကပြားနဲ့ မြန်မာအိုင်စီအက်တချို့လိုပဲ ဆင်းမလား စစ်ပြေးအစိုးရနဲ့ လိုက်သွားသလား၊ ဦးသောင်းစိန်လို မြန်မာပြည်ထဲမှာပဲ အမှုထမ်းရင်း ကျန်ခဲ့သလား မသိရ ဖြစ်နေပါတယ်။
အဌမ အာဇာနည်

ဓာတ်ပုံ ရင်းမြစ်, Frank Bienewald
သူကျဆုံးချိန်ထိ လမ်းပန်းဆက်သွယ်ရေးဌာန ဒုတိယအတွင်းဝန်အဖြစ် ထမ်းဆောင်ခဲ့တယ်လို့လည်း ဒေါက်တာမောင်မောင်ရဲ့ နိုင်ငံတော်လုပ်ကြံမှု စာအုပ်က ဖော်ပြပါတယ်။ အဲဒီနေ့က သူ့ဝန်ကြီး စောစံဘိုးသင် ခရီးလွန်နေလို့ သူအစည်းအဝေးတက်ရသလို ဘဏ္ဍာခွန် အတွင်းဝန် အိုင်စီအက်ဦးကြင် တင်ပြရမယ့်အလှည့်မှာ သူကိစ္စရှိလို့ အရင်ဝင်ပြီး တင်ပြတယ်လို့လည်း တွေ့ရပါတယ်။ သူနဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါးတော်မြဲ ဗိုလ်ထွန်းလှတို့ အစည်းအဝေးခန်းထဲက အဝင်အထွက် မိနစ်ပိုင်းပဲ ကွာပြီး သူဝင်ခါစမှာပဲ လူသတ်သမားတွေ ဝင်လာပြီး ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်နဲ့ လက်ယာဘက်ခြမ်းက ဝန်ကြီးတွေစားပွဲကို အရင်ပစ်ခံရတဲ့အတွက် ဗိုလ်ချုပ်နဲ့ ကပ်ရက် လက်ယာဘက် စားပွဲထိပ်နားမှာ ထိုင်နေတဲ့ ဦးအုန်းမောင် ရှောင်ချိန်မရဘဲ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ လက်ဝဲဘက်စားပွဲက အစိုးရအတွင်းဝန် အိုင်စီအက် ဒေါက်တာရွှေဘော်ကတော့ ဝန်ကြီး ပျော်ဘွယ်ဦးမြနဲ့အတူ ပြတင်းပေါက်ကနေ ကျော်လွှား လွတ်မြောက်သွားပါတယ်။ ဒါကြောင့် သူများလက်ချက်နဲ့ သေဆုံးရတဲ့ မြန်မာအိုင်စီအက် စာရင်းမှာ စစ်ကြီးအတွင်းက သတ်ဖြတ်ခံရတဲ့ ဦးစိန်တင်၊ ဦးဦးကျော်ခိုင်နဲ့ စစ်ပြီးခေတ်မှာ ဦးအုန်းမောင်၊ ဦးတင်ထွဋ်တို့ စာရင်းဝင်သွားခဲ့တာ ဖြစ်ပါတယ်။
နောက် အဲဒီနေ့က ရုံးပေါ်ကို မိနစ်ပိုင်း စောရောက်သွားတဲ့ ဆောက်လုပ်ရေးနဲ့ ပြန်လည်ထူထောင်ရေး တွဲဖက် အတွင်းဝန် အိုင်စီအက်ဦးချမ်းသာလည်း လှေကားမှာ သေနတ်သမားတွေနဲ့ မတိုးဘဲ ကပ်လွတ်သွားပါတယ်။ အဲဒီနေ့မနက်တင် သယ်ယူ ပို့ဆောင်ရေး သမဝါယမဖွဲ့ဖို့အတွက် ဦးအုန်းမောင် သူ့ဆီလာပြီး ဆွေးနွေးသွားတယ်၊ ရုံးသွားတော့လည်း ကားပေါ်ကနေ လက်ပြသွားတယ်လို့ ဦးချမ်းသာက ကျွန်တော် အိုင်စီအက်စ် စာအုပ်မှာ အမှတ်တရ ရေးခဲ့ပါတယ်။
ဦးအုန်းမောင်နဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြမ်းပြင်ပေါ်မှာ ပေအနည်းငယ်စီပဲကွာပြီး အသက်ပျောက်ကြတယ်လို့လည်း အစိုးရ လက်ထောက် အတွင်းဝန် ဦးတင်အုန်းရဲ့ အစစ်ခံချက်မှာ ပါရှိပါတယ်။
အာဇာနည်ပင်စင်နဲ့ လျော်ကြေး

ဓာတ်ပုံ ရင်းမြစ်, SOE THAN WIN
ဒီလို လုပ်ကြံမှုမှာ သေဆုံးခဲ့ရပေမယ့် သူနဲ့ ကိုထွေးကို တခြားအစိုးရအဖွဲ့ဝင် ဝန်ကြီး အာဇာနည်တွေနဲ့ တန်းတူထား လေးစားခံရတာတွေ ချက်ချင်းရခဲ့တာ မဟုတ်ပါဘူး။ ခေါင်းဆောင်ကြီးများ ကျဆုံးသောနေ့ဆိုပြီး အစောပိုင်း ကျင်းပတဲ့ အာဇာနည်နေ့တွေမှာ သူတို့ပုံတွေမပါဘဲ ထုတ်ခဲ့တဲ့ စာနယ်ဇင်းတွေရှိသလို အုန်းမောင်နဲ့ ကိုထွေးတောင် အာဇာနည် ဖြစ်သေးတာပဲ ဆိုတဲ့ ပြောဆိုရေးသားမှု တွေ ရှိခဲ့ပါတယ်။ နောက် ကျဆုံးတဲ့ ဝန်ကြီး မိသားစုတွေကို အစိုးရ ထောက်ပံ့ကြေး တသိန်းစီပေးချိန်မှာ သူနဲ့ ကိုထွေး မိသားစု တွေကိုတော့ တသောင်းစီသာ ပေးပါတယ်။ ဗြိတိသျှအစိုးရရဲ့ အိုင်စီအက် ပင်စင်ကိုတော့ ဒေါ်သိန်းကြွယ် အသက်ကြီးတဲ့အထိ ရပြီး ကွယ်လွန်ချိန်ထိ ခံစားခဲ့ရပုံပေါ်ပါတယ်။ ၁၉၆၃ လောက်ထိ အဲဒီပင်စင်က တလကို ငါးရာကျပ်ရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, www.gnlm.com.mm
တခြားအာဇာနည် မုဆိုးမတွေလိုပဲ အစိုးရအကူအညီနဲ့ ကမ်းနားလမ်းမှာ ဓာတ်ဆီဆိုင် ရသလို မစ္စစ်အုန်းမောင်ကုမ္ပဏီ ဆိုပြီး ပြည်သူပိုင်မသိမ်းခင်ထိ ဖွင့်ခဲ့ပါတယ်။ ခင်ပွန်းမရှိတဲ့နောက် အင်းယားလမ်း မှာ ဆက်နေခဲ့ပေမယ့် နောက်ပိုင်းမှာ ဝင်ဒါမီယာ အောက်လမ်းခေါ် ချင်းတွင်းလမ်း အိမ်နံပါတ် (၆၂) ကိုပြောင်းပြီး ကွယ်လွန်ချိန်ထိ နေထိုင်ခဲ့ပါတယ်။ သူ့အိမ်နံပါတ်နဲ့ သခင်မြမိသားစု အိမ်နံပါတ်က တလမ်းထဲမှာ အတူတူ ဖြစ်ပြီး တခြံကျော်လို့လည်း သိရပါတယ်။
၁၉၅ဝ မှာတော့ (၂၇) နှစ်အရွယ် ဒေါ်သိန်းကြွယ်က ဂဠုန်ဦးစောဇနီး ဒေါ်သန်းခင်နဲ့ လုပ်ကြံမှုမှာ ပါခဲ့ပြီး သေဒဏ်က လွတ်လာတဲ့ ခင်မောင်ရင်၊ သုခ၊ မောင်နီနဲ့ ဖော်ကောင် ဘညွန့်တို့ကို အသက်ဖိုး လျော်ကြေး လေးသိန်းရလိုတယ်ဆိုပြီး တရားလွှတ်တော်မှာ စွဲဆိုပါတယ်။ သူ့ဘက်က ဥပဒေပါမောက္ခ ဒေါက်တာဘဟန် လိုက်ပါ ဆောင်ရွက်ပြီး ဒီအမှု သက်သေအဖြစ် လုပ်ကြံမှုပေါ်အောင် စီမံခဲ့တဲ့ ရဲမင်းကြီးဟောင်း ဦးထွန်းလှအောင်ကို သီဟိုဠ်က ပြန်ခေါ်နိုင်အောင် လျှောက်ထား တဲ့အတွက် ခွင့်ပြုတယ်လို့ ၁၉၅ဝ ဇွန်လကုန်က ထုတ်တဲ့ မြန်မာ့အလင်း သတင်းစာမှာ ပါရှိပါတယ်။ ဦးတင်ထွဋ် လုပ်ကြံခံရမှု နောက်ပိုင်း နိုင်ငံရေးအရှုပ်အထွေးမှာ လန်ဒန်ကို စစ်သံမှူးအဖြစ် အပို့ခံရတဲ့ ဦးထွန်းလှအောင်ဟာ ဒီလိုနည်းနဲ့ မြန်မာပြည်ကို ပြန်လာဖို့ ရှိပေမယ့် ထပ်မံတားဆီးခံရတဲ့ အတွက် ၁၉၅၆ မှ မြန်မာပြည် ပြန်နိုင်ခဲ့ပါတယ်။ ဒေါ်သိန်းကြွယ် တရားစွဲတဲ့ အမှုလည်း ဘာဖြစ်သွားတယ် မသိရပါဘူး။ ဦးထွန်းလှအောင် ပြန်လာဖို့ ရုံးတော်က ကော်မရှင်နဲ့ ခေါ်တာကိုလည်း မပြန်ကြားတဲ့အတွက် ရုံးချိန်း ရွှေ့ရတယ်လို့ပဲ ၁၉၅၁ ဇန်နဝါရီလလယ်က လူထုသတင်းစာတစောင်မှာ ပါရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Than Myint Aung
တခြားဘက်မှာတော့ ဦးအုန်းမောင်ရဲ့ ကျန်ခဲ့တဲ့ သားသုံးယောက်အတွက် ပညာသင် ထောက်ပံ့ငွေကို ဗြိတိသျှအစိုးရဆီက သူတို့ (၂၄) နှစ်အရွယ်ထိ ရခဲ့ပါတယ်။ နောက် သားကြီး ဦးတင်မောင်သိန်း ပညာသင်ဆုရလို့ လန်ဒန် အင်ပီရီယယ် ကောလိပ်မှာ လျှပ်စစ် အင်ဂျင်နီယာ ဘွဲ့လွန်ယူပြီး ရန်ကုန်စက်မှုတက္ကသိုလ်နဲ့ ထိုင်းနိုင်ငံ အဆမ်းရှင်း တက္ကသိုလ် တွေမှာ ကထိက လုပ်ခဲ့ပါတယ်။ သားငယ် ဒေါက်တာမင်းမြင့်ကတော့ ဂလပ်စဂိုက ပါရဂူဘွဲ့ယူပြီး ရန်ကုန် တက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒ ပါမောက္ခအဖြစ် အငြိမ်းစား ယူခဲ့ပါတယ်။ ဒေါက်တာ မင်းမြင့်ဟာ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ တစညပါတီ ကနေပြီး ဝင်ပြိုင်ခဲ့သလို ၂ဝ၁၅ မှာလည်း NLD ကိုယ်စားလှယ်အဖြစ် ကမာရွတ်က ဝင်ပြိုင်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။
မြင်းစီးကျွမ်းတဲ့ မိုးကျရွှေကိုယ်

ဓာတ်ပုံ ရင်းမြစ်, University of Southern California
ဦးအုန်းမောင်သာ အသက်မသေကျန်ခဲ့မယ် ဆိုရင် သူ့မိတ်ဆွေ အိုင်စီအက်တွေလိုပဲ အရာရှိကြီးဘဝ သံအမတ်ဘဝနဲ့ အငြိမ်းစားယူမလား၊ ဦးညွန့်၊ ဦးရွှေမြတို့လို ကုလသမဂ္ဂ မှာ ပြောင်းပြီး ထမ်းဆောင်မလား၊ ဦးကျော်မင်း၊ ဦးချမ်းသာတို့လို နိုင်ငံရေးထဲ ဝင်မလား၊ ဦးအုံးလို စီးပွားရေးပြောင်းလုပ်မလား၊ မြန်အောင်ဦးတင်၊ ဦးဘဌေးတို့လို ပိဋကတ် ဘာသာပြန်တွေ လုပ်မလား ဆိုတာ ခန့်မှန်းရခက်ပါတယ်။ တိုက်ကြက်ကလေး ဆိုတဲ့ သူ့ရဲ့ ချစ်စနိုးအမည်ပြောင်လိုပဲ ရောက်တဲ့နေရာမှာ ထူးချွန်အောင် လုပ်မယ်လို့ပဲ ယူဆ ရပါတယ်။
အသက် (၂၁) နှစ်က (၂၃) နှစ်အတွင်းရှိပြီး အရပ် (၅) ပေ (၃) လက်မထက် မနိမ့်တဲ့ အရပ်ရှိသူ၊ အလေးချိန် ပေါင် (၁ဝဝ) အောက် မကျသူ၊ ရေးဖြေနဲ့ နှုတ်ဖြေ အိုင်စီအက် စာမေးပွဲတွေမှာ ကျားကုတ်ကျားခဲ ကျက်မှတ်ဖြေဆိုနိုင်သူ၊ ကျန်းမာရေးကောင်းသူ၊ မြင်းစီး ကျွမ်းကျင်သူ စတဲ့ အရည်အချင်းတွေ ပြည့်စုံမှ ရနိုင်တဲ့ ဒီအိုင်စီအက်ရာထူးဟာ တချိန်က မြန်မာ အပါအဝင် တောင်အာရှနိုင်ငံတွေက အုပ်ချုပ်ရေးဝန်ထမ်းတွေ အကြားမှာ အထင်ကြီးခံရဆုံး ရာထူးဖြစ်ခဲ့ပါတယ်။ အဲဒီခေတ်က ဝန်ကြီးလစာ ငါးထောင်ရတဲ့ခေတ်မှာ အိုင်စီအက်ထဲက ရာထူးအကြီးဆုံးသူတွေဟာ (၂၂၅ဝ) ကျပ်ထိ လစာကောင်း ခဲ့တယ် လို့လည်း ဆိုပါတယ်။ လာဘ်မစားအောင် လခကောင်းကောင်းပေးတာလို့လည်း သိရ ပါတယ်။ ဒါကြောင့် ဗြိတိသျှအစိုးရနဲ့ ချုပ်တဲ့ ပဋိညာဉ်ထဲမှာ အပြင် စီးပွားရေးမလုပ်ဖို့၊ အလွဲသုံးစားမလုပ်ဖို့နဲ့ အစိုးရလျှို့ဝှက်ချက်ကို စောင့်ထိန်းဖို့ စတဲ့အချက်တွေ ပါတာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း အိန္ဒိယနဲ့မြန်မာအိုင်စီအက်တွေဟာ အုပ်ချုပ်ရေးနဲ့ အခွန်ကောက်ရေးမှာသာ ကျွမ်းကျင်ပြီး နိုင်ငံမှာ အရေးကြီးဆုံးဖြစ်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေ နားမလည် ဘူးလို့ ဝေဖန်တာတွေ ရှိကြောင်း တော်လှန်ရေးကောင်စီဝင်ဟောင်း ဗိုလ်မှူးကြီးခင်ညိုက ရေးသား ခဲ့ပါတယ်။ ဒီလိုမြန်မာအိုင်စီအက်တွေ နိုင်ငံရေးစိတ်နည်းတယ်လို့ အထင်ခံရ ပေမယ့် သွေးမနည်းကြောင်း ချေပသူလည်း ရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလန် မသွားခင်မှာ သူတို့လျှို့ဝှက်စည်းဝေးပြီး အရေးအကြောင်းရှိရင် အင်္ဂလိပ်ဘက် ရပ်မလား၊ ဗိုလ်ချုပ်နဲ့ တိုင်းပြည်ဘက်က ရပ်မလား ရွေးရာမှာ တိုင်းပြည်ဘက်ကပဲ ရပ်မယ်လို့ တညီ တညွတ်တည်း ဆုံးဖြတ်ခဲ့ကြကြောင်း ဦးချမ်းသာက ရေးသားခဲ့ပါတယ်။
ခင်သန်းမြင့်တို့ ကမ္ဘာ

ဓာတ်ပုံ ရင်းမြစ်, Ludu Archive
အိုင်စီအက် ကတော်တွေထဲမှာ လူသိအများဆုံးကတော့ ဦးစိန်တင်ရဲ့ ဇနီး ဒေါ်ခင်ခင်မြင့်ခေါ် ခင်သန်းမြင့် ဖြစ်ပါတယ်။ မောင်လူအေးရဲ့ ဇနီးအဖြစ် လူသိများတဲ့ ဒေါ်ခင်ခင်မြင့်အပြင် နောက်ထပ် ထင်ရှားတဲ့ အိုင်စီအက်ကတော်တွေကတော့ ဒေါက်တာ ရွှေဘော်ရဲ့ ပထမဇနီး ဒေါ်မြစိန်နဲ့ တတိယဇနီး ဒေါ်ခင်ခင်ကြီးတို့ ဖြစ်ပါတယ်။ ဒေါ်မြစိန်ဟာ မြန်မာအမျိုးသမီးထဲက ပထမဆုံး မဟာဝိဇ္ဇာဘွဲ့ကို ရပြီး အောက်စဖို့ဒ် တက္ကသိုလ်ကနေ စာပေဘွဲ့ရခဲ့ပါတယ်။ ဒေါ်ခင်ခင်ကြီးကတော့ ပထမဆုံး ပညာရေး မဟာဘွဲ့ရ မြန်မာ အမျိုးသမီးဖြစ်ပြီး အမျိုးသမီးလွတ်လပ်ရေးအဖွဲ့မှာ ဥက္ကဋ္ဌလုပ်ခဲ့ပါတယ်။
သူဌေး ဆာဘိုးသာသမီး ဒေါ်ဦးရင်နဲ့ ဆာဦးသွင်သမီး ဒေါ်ခင်ကြီးတို့ကတော့ အချမ်းသာဆုံး အိုင်စီအက်ကတော်တွေ ဖြစ်နိုင်ပါတယ်။ ဘီစီအက် ဦးမိုးမြစ်ကတော့ ရနောင်းဘုရင်ခံရဲ့ သမီး ထိုင်းအမျိုးသမီးကို ရအောင် ပိုးပန်းခဲ့တယ်လို့ ဦးသက်ထွန်းက ရေးပါတယ်။ အိုင်စီအက် ဦးဘတင့်ကတော် ခင်စောမူကတော့ ခေတ်စမ်းစာဆိုဖြစ်ပြီး မင်းသုဝဏ်ရဲ့ အချစ်ဦး ဖြစ်ပါတယ်။
ဒေါ်သိန်းကြွယ် မရှိတဲ့နောက် မြန်မာအိုင်စီအက် မိသားစုတွေထဲမှာ အသက်အကြီးဆုံး ကျန်ခဲ့သူကတော့ ဦးတင်ထွဋ်သမီး ဒေါ်မြစောရှင်ခေါ် မော်လီထွန်းသင်ဖြစ်နိုင်ပါတယ်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့မှာ ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာထွန်းသင်ဇနီး ဒေါ်မြစောရှင်ဟာ အမေရိကန် ကွန်ဂရက်လွှတ်တော်ရဲ့ အရှေ့ဖျား ဥပဒေ စာကြည့်တိုက်မှူး အဖြစ် စာအုပ်တွေ ရေးသားခဲ့ပြီး (၈၈) နှစ် ရှိပြီ ဖြစ်ပါတယ်။









