ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အနုမြူဗုံးဒဏ်က ရှင်ကျန်ရစ်သူတွေ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ
အန်နာ လမ်ချ်
BBC News
ဂျိန်းစ် လန်ဒဲလ်
သံတမန်ရေးရာ သတင်းထောက်
ဂျပန်က အနုမြူဗုံးဒဏ်ခံခဲ့ရသူတွေနဲ့ ဖွဲ့စည်းထားတဲ့ နီဟွန် ဟီဒန်ကရို အဖွဲ့က ၂၀၂၄ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ရရှိသွားပါတယ်။
အဲဒီအဖွဲ့ဟာ အနုမြူဗုံးဒဏ်ခံခဲ့ရတဲ့ ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့တွေကနေ ရှင်သန်ကျန်ရစ်တဲ့သူတွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပြီး ကမ္ဘာမှာ နျူကလီးယား လက်နက်တွေ ပပျောက်သွားရေးအတွက် အားထုတ်ခဲ့ကြတယ်လို့ နော်ဝေ နိုဘယ်လ် ကော်မီတီက အသိအမှတ်ပြုခဲ့ပါတယ်။
နိုဘယ်လ်ကော်မတီဥက္ကဋ္ဌ ယာဂန် ဗပ်နာ ဖရီးနက်စ်က “ကမ္ဘာမှာ နျူကလီးယား လက်နက် ကင်းစင်ရေးအတွက် ဒီအဖွဲ့ရဲ့ အထူးအားထုတ်မှု” အပေါ် ဂုဏ်ပြုပြောဆို ခဲ့ပါတယ်။
နျူကလီယား လက်နက်တွေ ဘယ်တော့မှ အသုံးမပြုကြရေးအတွက် ဗုံးဒဏ်ခံခဲ့ ရသူတွေရဲ့ အတွေ့အကြုံ ပြောကြားချက်တွေကို ဒီအဖွဲ့က အသုံးပြုတဲ့ အပေါ်မှာ လည်း နော်ဝေ နိုဘယ်လ်ကော်မတီက ချီးမွမ်းခဲ့ပါတယ်။
၁၉၅၆ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ အဲဒီအဖွဲ့ဟာ ရှင်သန်ကျန်ရစ်တဲ့သူတွေကို ကမ္ဘာတလွှားကနိုင်ငံတွေဆီ စေလွှတ်ခဲ့ပြီး နျူကလီးယား လက်နက်အသုံးပြုမှုကြောင့် "ကြောက်မက်စရာ ပျက်ဆီးမှုတွေ"၊ ကြုံတွေ့ခံစားခဲ့ရတဲ့ ဒုက္ခတွေကို သက်သေထွက်ဆို ဝေမျှခဲ့ကြောင်း သူတို့ရဲ့ ဝက်ဆိုက်ဒ်က တဆင့် သိရပါတယ်။
ဟီရိုရှီးမားနဲ့ နာဂါဆာကီ ကြေပြုန်းပျက်စီးပြီး ၁၀ နှစ်ကျော်လောက် ကြာပြီးတဲ့ ကာလမှာ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ စတင်လာခဲ့တာပါ။
၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့မှာ အမေရိကန် ဗုံးကြဲလေယာဉ်တစီးကနေ ဟီရိုရှီးမားမြို့ပေါ်ကို အနုမြူဗုံး တလုံးကြဲချခဲ့ပြီး လူပေါင်း ၁၄၀,၀၀၀ လောက် သေဆုံးခဲ့ရပါတယ်။
နောက် ၃ ရက်အကြာမှာ ဒုတိယ အနုမြူဗုံး တလုံးကို နာဂါဆာကီမြို့ပေါ်ကို ကျဲချခဲ့ပြန်ပါတယ်။ နောက် သီတင်းပတ် ၂ ပတ် အကြာမှာတော့ ဂျပန်တို့ လက်နက်ချပြီး ဒုတိယကမ္ဘာစစ် အဆုံးသတ်သွားပါတယ်။
အခုအဖွဲ့ရဲ့ ပူးတွဲ အကြီးအကဲဖြစ်သူ တိုရှီယူကီ မီမာကီက မျက်ရည်တွေနဲ့ ကျရင်း သတင်းထောက်တွေကို ပြောပြတဲ့အထဲမှာ "ဒီလို ဖြစ်လာလိမ့်မယ်လို့ တွေးတောင် မတွေးထားမိပါဘူး" လို့ သူပြောခဲ့တာကို အေအက်ဖ်ပီ သတင်းထဲမှာ ကိုးကားဖော်ပြ ထားပါတယ်။
နီဟွန် ဟီဒန်ကရို အဖွဲ့ကို ရွေးချယ်လိုက်တဲ့ ဆုံးဖြတ်ချက်နဲ့အတူ နိုဘယ်လ်ကော် မီတီဟာ အငြင်းပွားစရာဖြစ်လာနိုင်တဲ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ဆန်ခါတင် တချို့ကို ရှောင်ရှားလိုက်တာလည်း ဖြစ်ပါတယ်။
ပါလက်စတိုင်းမှာ လူသားချင်းစာနာမှုအကူအညီပေးနေတဲ့ ကုလသမဂ္ဂ အေဂျင်စီ (United Nations agency supporting Palestinians – UNWRA) ဒီနှစ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရလိမ့်မယ်လို့ အများက မှန်းဆ နေကြတာပါ။
UNWRA အဖွဲ့ဟာ ဂါဇာက အရပ်သားတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အဓိက ထောက်ပံ့ပေးတဲ့ အဖွဲ့ဖြစ်ပေမဲ့လည်း သူ့ရဲ့ အဖွဲ့သား ၉ ယောက်ဟာ မနှစ် အောက်တိုဘာလ ၇ ရက် ဟားမတ်စ်တို့ရဲ့ အစ္စရေးကို တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲတာတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် အလုပ်ကနေ အထုတ်ခံခဲ့ရပါတယ်။
လူပေါင်း ၁၂,၀၀၀ ကျော်က UNWRA အဖွဲ့ကို နိုဘယ်လ်ဆုမပေးဖို့ ကော်မီတီထံကို ပန်ကြားလွှာပေးပို့ခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (International Court of Justice – ICJ) ကို နိုဘယ်လ် ဆုချီးမြှင့်ဖို့ အဆိုတင်ကြတာတွေ ရှိပေမဲ့လည်း အလားတူ စိုးရိမ်ချက်တွေ ရှိခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ အဓိကတရားရေး အဖွဲ့အစည်းဖြစ်တဲ့ ICJ ဟာ အစ္စရေးတို့ ဂါဇာမှာ လူမျိုးတုံးသတ်ဖြတ်မှု ဂျီနိုဆိုက် ကျူးလွန်ခဲ့သလား ဆိုတဲ့အပေါ် စုံစမ်းစစ်ဆေးနေပြီး အစ္စရေး အာဏာပိုင်တွေအနေနဲ့ ဂါဇာမှာ ဂျီနိုဆိုက် ကျူးလွန်တာတွေ မလုပ်ဖို့ တားမြစ်မိန့်ကို ထုတ်ပြန်ထားပါတယ်။
ဒီနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် လူပုဂ္ဂိုလ် ၁၉၇ ဦးနဲ့ အဖွဲ့အစည်း ၈၉ ဖွဲ့ - စုစုပေါင်း ၂၈၆ ကိုအဆိုပြု တင်သွင်းခဲ့ကြတယ်လို့ နော်ဝေ နိုဘယ်လ် အင်စတီကျုက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀၂၃ ကတော့ အီရန်က လူ့အခွင့်အရေးလှုပ်ရှားသူ မစ္စ နာဂက်စ် မိုဟာမက်ဒီ ရရှိခဲ့ပါတယ်၊ အီရန်မှာအမျိုးသမီးတွေအပေါ် ဖိနှိပ်နေမှုတွေကို ဆန့်ကျင်တဲ့ သူ့ရဲ့ လှုပ်ရှားမှုတွေအတွက် ဂုဏ်ပြုခံခဲ့ရတာပါ။