Adidas ဖိနပ်ချုပ်တဲ့စက်ရုံက လုပ်ခတိုးတောင်းသူတွေ အလုပ်ပြန်ခန့်ဖို့ လက်မခံ

no tag

ဓာတ်ပုံ ရင်းမြစ်, ပေါင်ချိန်စက်ရုံ အလုပ်သမားသမဂ္ဂ

 ကမ္ဘာကျော်အမှတ်တံဆိပ်ဖြစ်တဲ့ Adidas ဖိနပ်တွေကိုချုပ်တဲ့ မြန်မာပေါင်ချိန်စက်ရုံမှာ ဆန္ဒပြတာကြောင့် အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမား ၂၆ဦးကို အလုပ်ပြန်ပေးဖို့ အဆင့်ဆင့်ညှိနှိုင်းနေပေမဲ့ ဒီကနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ အထိ အဆင်မပြေသေးဘူးလို့ သိရပါတယ်။

 ဒီအလုပ်သမားတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့က သူတို့လက်ရှိရနေတဲ့ လုပ်ခလစာ တစ်ရက် ၄၈၀၀ ကျပ်ကို ကျပ် ၈၀၀၀ တိုးပေးဖို့ တောင်းဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။

အလုပ်သမား ၂၀၀၀ကျော် ဆန္ဒပြခဲ့ပြီးနောက် အောက်တိုဘာ ၂၈ရက်ကစကာ အလုပ်သမား သမဂ္ဂဦးဆောင်သူတွေ အပါအဝင် ၂၆ဦးကို လုပ်ငန်းခွင်ပေးမဝင်တော့ဘဲ အလုပ်ထုတ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

သူတို့တောင်းဆိုတဲ့ လုပ်ခလစာ ကျပ် ၈၀၀၀ ဟာ လက်ရှိ ဒီဇင်ဘာလ ၁၃ ရက်နေ့ ပြင်ပငွေလဲနှုန်းနဲ့တွက်ရင် တစ်ရက်ကို နှစ်ဒေါ်လာကျော် ပမာဏဖြစ်ပြီးတော့ စစ်တပ်အာဏာသိမ်းပြီးနောက် လူနေမှုစားရိတ်တွေ ငွေဖောင်းပွမှုတွေ အဆမတန်ပြောင်းလာခဲ့ပြီးနောက် အလုပ်သမားတွေက အခုလို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, ပေါင်ချိန်စက်ရုံ အလုပ်သမားသမဂ္ဂ

အဲဒါအပြင် ဒီအလုပ်သမားတွေဟာ အခြားစက်ရုံတွေမှာ နေ့စားအဖြစ် အလုပ်ပြန်ဝင်ရင်လည်း ထပ်ပြီး အလုပ်ရပ်နားခံရတဲ့အကြောင်း ဘီဘီစီကို ပြောပြကြပါတယ်။

မြန်မာပေါင်ချိန်စက်ရုံက အလုပ်သမားအရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ အလုပ်ရုံ ဆက်ဆံရေးဦး စီးဌာနရော အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနဲ့ပါ အလုပ်ပြန်ခန့်ရေး ညှိနှိုင်းခဲ့ပေမဲ့ အဆင်မပြေခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

 နာမည်ကျော်အမှတ်တံဆိပ် Adidas ဖိနပ်တွေ ထုတ်လုပ်တဲ့ မြန်မာပေါင်ချိန်စက်ရုံကတော့ အလုပ်သမား တွေကို သုံးလစာလျော်ကြေးပေးပြီး အလုပ်ထုတ်ဖို့သာ အလုပ်သမားတွေကို ပြန်ပြောထားတယ်လို့ သိရပါတယ်။

အလုပ်သမားတွေဘက်က ဆန္ဒရှိရင် နစ်နာသူတွေအနေနဲ့ အရပ်ဘက် တရားရုံးမှာ တရားစွဲဆိုနိုင်ကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ရက်နေ့တုန်းက အလုပ်သမားဦးစီးဌာနဘက်ကနေ ပြောခဲ့တယ်လို့ ဆိုပါတယ်။

 အလုပ်သမားတွေဘက်ကတော့ အရပ်ဘက် တရားရုံးမှာ တရားစွဲဆိုတာထက် ညှိနိုင်းမှုတွေလုပ်ဖို့ကို လိုလားနေကြပါတယ်။ဒါ့အပြင် အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားတွေကတော့ အလုပ်ပြန်ခန့်ပေးဖို့သာ လိုလားနေပြီး အလုပ်ရှင်ဖြစ်တဲ့ ပေါင်ချိန်စက်ရုံနဲ့ တိုက်ရိုက်ညှိနှိုင်းခွင့်ရဖို့ ကြိုးစားနေတယ်လို့သိရပါတယ်။ 

 အလုပ်သမားတွေဘက်က ဆန္ဒပြတာမဟုတ်ပါဘူး ကုန်စျေးနှုန်းတက်လို့ တောင်းဆိုတာပါလို့ ပြေ

ဓာတ်ပုံ ရင်းမြစ်, ပေါင်ချိန်စက်ရုံ အလုပ်သမားသမဂ္ဂ

ဓာတ်ပုံ ပုံစာ, အလုပ်သမားတွေဘက်က ဆန္ဒပြတာမဟုတ်ပါဘူး ကုန်စျေးနှုန်းတက်လို့ တောင်းဆိုတာပါလို့ ပြော
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

 လက်ရှိ မြန်မာနိုင်ငံမှာ အထည်ချုပ်လုပ်ငန်းတွေ၊ စက်ရုံတွေ ယာယီပိတ်သိမ်းတာ၊ လုပ်ငန်းလျှော့ချတာ၊ နေ့စားအလုပ်သမားတွေကို အလုပ်ဖြုတ်လိုက်တာ စတာတွေကို လုပ်ငန်းရှင်တွေဘက်က ဆက်တိုက် လုပ်လာတာမျိုးတွေ ရှိနေလို့ အကူ အညီပေးဖို့ အလုပ်သမားတွေဘက်က တင်ပြ အကူအညီတောင်းလာတာတွေလည်း ရှိနေတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ဆိုပါတယ်။

ငွေကြေးမတည်ငြိမ်မှု၊ လောင်စာဆီအခက်အခဲ၊ စွမ်းအင်နဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေက အထည်ချုပ်လုပ်ငန်း အပါအဝင် အခြားလုပ်ငန်းတွေကိုပါ၊ စီးပွားရေးအရ သက်ရောက်မှုတွေရှိလာနေတယ်လို့ အလုပ်သမားအရေး ကူညီသူတွေက ပြောပါတယ်။

အထည်ချုပ် အပါအဝင်၊ အခြားလုပ်ငန်းမျိုးစုံက အလုပ်ရှင်နဲ့ အလုပ်သမားတွေအတွက် အလုပ်အကိုင်တည်မြဲမှု၊ အလုပ်အကိုင် လည်ပတ်နိုင်မှုအတွက် အခက်အခဲတွေက နေ့စဥ်ဆိုသလို တိုးတိုးလာနေတာလို့ အလုပ်သမားအရေး ကူညီသူတွေက ပြောဆိုကြပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အထည်ချုပ်လုပ်ငန်းတွေမှာ အဓမ္မလုပ်အားပေးစေခိုင်းမှု၊ အလုပ်လုပ်ချိန်ကြာမြင့်မှု၊ လုပ်ခလစာနည်းပါးမှု၊ အချိန်ပိုကြေးမပေးဘဲ အလုပ်စေခိုင်းမှုနဲ့ လုပ်ငန်းခွင် နှောက်ယှက်မှုများ ရှိနေတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ပြောပါတယ်။

စက်ရုံအလုပ်ရုံတွေမှာတော့ နေ့စဉ်နှင့်အမျှ အလုပ်သမားအခွင့်ရေး သိသိသာသာချိုးဖောက်ခံ နေရပြီး တိုင်ကြားရာမှာ ထိရောက်စွာဖြေရှင်းပေးတဲ့ ယန္တရားမရှိသလို ၊ အလုပ်သမားအခွင့်အရေး တောင်းဆိုရင် စစ်တပ်ကို ဖမ်းခိုင်းမယ်ဆိုပြီး ခြိမ်းခြောက်တဲ့ အခြေအနေတွေကိုလည်း ကြုံနေရကြောင်း အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အခုလို အလုပ်သမားအခွင့်ရေးချိုးဖောက်မှုတွေ ရှိလာတာကြောင့် နိုင်ငံတကာ ကုန်အမှတ်တံဆိပ်တွေက ထုတ်လုပ်မှုတွေရပ်ဆိုင်းဖို့ကို ပြီးခဲ့တဲ့ စက်တင်ဘာလက ကမ္ဘာကျော်ကုန်အမှတ်တံဆိပ်ထုတ်လုပ်တဲ့ လုပ်ငန်းအချို့က ထုတ်ပြန်ခဲ့တယ်လို့လည်း အလုပ်သမားအရေးလှုပ်ရှားသူတွေဘက်က ပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, ပေါင်ချိန်စက်ရုံ အလုပ်သမားသမဂ္ဂ

 ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်မှာရှိတဲ့ ပေါင်ချိန်စက်ရုံလုပ်သားတွေကို အလုပ်ပြန်ခန့်ပေးဖို့ ညှိနှိုင်းနေတာ ၂လနီးပါး ကြာမြင့်လာပြီလည်းဖြစ်ပါတယ်။

အဲဒီကာလအတွင်း အခြားစက်ရုံတွေမှာ နေ့စားအလုပ်သမားလုပ်ကိုင် ရာမှာလည်းပေါင်ချိန်စက်ရုံက ဖြစ်စဥ်တွေအပေါ် အကြောင်းပြုပြီး အလုပ်မလုပ်ခိုင်းတာတွေနဲ့လည်း အလုပ်သမားတွေကြုံနေရတယ်လို့ ကိုယ်တွေ့ကြုံရသူ အလုပ်သမား တစ်ဦးက ပြောပါတယ်။

အခုလို အလုပ်ထုတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး Adidas အမှတ်တံဆိပ်ဘက်ကလည်း အလုပ်သမားတွေကို အလုပ်ပြန်ခန့်ဖို့နဲ့ စုံစမ်းစစ်ဆေးရေးလုပ်နေတဲ့ကာလအတွင်းအလုပ်သမားတွေကို လုပ်ခလစာပေးဖို့ စက်ရုံဘက်ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။ 

မြန်မာပေါင်ချိန်စက်ရုံဘက်ကို ဒီကိစ္စအပေါ်သဘောထားနဲ့ပတ်သက်ပြီး မေးမြန်းဖို့ကြိုးစားနေပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

မြန်မာပေါင်ချိန်စက်ရုံဟာ ဒီ Adidas အမှတ်တံဆိပ် ဖိနပ်ကိုသာ အဓိကထုတ် လုပ်ပြီး အလုပ်သမား ၇၀၀၀ကျော်ရှိတဲ့ စက်ရုံကြီးတစ်ခုဖြစ်ပါတယ်။