မြန်မာ အထည်ချုပ်လုပ်ငန်းတွေ အမှာအော်ဒါ အရနည်းလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာနိုင်ငံက အထည်ချုပ် လုပ်ငန်းတွေမှာ အမှာတွေအရင်ထက် လျော့နည်းလာလို့ လုပ်ငန်း ရပ်ဆိုင်းတာ၊ လုပ်သားအင်အားလျော့ချရတာ၊ အချိန်ပိုဆင်းတာတွေ နားလိုက်ရတာတွေ ရှိနေတယ်လို့ အထည်ချုပ်လုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောပါတယ်။
အမေရိကန်၊ ဥရောပစတဲ့ နိုင်ငံတွေရဲ့ အမှာတွေက နောက်လာမယ့် သုံးလစာအတွက် လုံးဝမရရှိတဲ့အခြေအနေကြောင့် အခုလို ဆက်တိုက်ဖြစ်လာတာလို့ လုပ်ငန်းရှင်အချို့နဲ့ အလုပ်သမားအရေးကူညီဖြေရှင်းပေးနေသူတွေထံက ပြောကြပါတယ်။
အရင်က မြန်မာအပါအဝင်၊ တရုတ်၊ ဗီယက်နမ် စတဲ့ နိုင်ငံတွေပါ ရရှိနေတဲ့ အမှာတွေအားလုံးက ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်ရှိသွားတယ်လို့ မြန်မာအထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောပြပါတယ်။
“အီးယူ ဥရောပသမဂ္ဂက ဝယ်လိုအားကျသွားတယ်၊ ယူအက်စ်ကလည်း ဝယ်လိုအားကျသွားတယ်၊စာချုပ်ချုပ်တဲ့ အချိန်ကျမှ ကိုယ့်အော်ဒါတွေ သူ့ဆီပါသွားတာ သိလိုက်ရတာလို့ “သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
လာမယ့် ၃ လစာအတွင်း အမှာ ဆက်တိုက်မရှိတော့သလို အဲဒီနောက်ပိုင်းမှာလည်း အမှာတွေပြန်လည် ရရှိနိုင်ဖို့အတွက် အလုပ်ရှင်တွေဘက်က လိုက်လံကြိုးပမ်းနေပေမယ့် အခြေအနေအတိအကျကိုတော့မသိကြရသေးဘူးလို့ လုပ်ငန်းရှင်တွေဘက်က သိရပါတယ်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်အသင်း စာရင်းအရ နိုင်ငံအတွင်းမှာ အထည်ချုပ်စက်ရုံပေါင်း ၇၇၀ ကျော်ရှိတယ်လို့ သိရပါတယ်။
အဲဒီထဲမှာ အထည်ချုပ်စက်ရုံ ၁၀၀ ကျော်က ကိုဗစ်နဲ့ အာဏာသိမ်းကာလအတွင်းမှာ လျော့နည်းသွားတယ်လို့ အသင်းဝင် လုပ်ငန်းရှင်အချို့ထံက သိရပါတယ်။
စစ်ကောင်စီသတင်းစာကတော့ အထည်ချုပ်လုပ်ငန်းမှာ စက်ရုံပေါင်း ၆၀၀ လောက်နဲ့ အလုပ်သမားပေါင်း ၅ သိန်းလောက်က နိုင်ငံပြည်ပပို့ကုန်ရရှိငွေရဲ့ ၁၀ရာခိုင်နှုန်းအထိ ရှာဖွေလုပ်ကိုင်ပေးနေတယ်လို စက်တင်ဘာ ၂၅ရက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်တဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ တကယ်တမ်း လည်ပတ်နေတဲ့ စက်ရုံဟာ သြဂုတ်လကုန်အထိ ၅၃၂ ရုံ ရှိတယ်လို့ သိရပါတယ်။
အထည်ချုပ်လုပ်ငန်းရှင်များရဲ့ စာရင်းအရ ဆိုရင်စက်ရုံပေါင်း ၂၄၇ ရုံဟာ လုပ်ငန်းလည်ပတ်မှုမရှိတာကိုလည်း တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့မှာ တည်ထောင်ခဲ့တဲ့ Primark အဝတ်အထည်လုပ်ငန်းကတော့ မြန်မာနိုင်ငံမှာ သူတို့ရဲ့ ထုတ်လုပ်မှုတွေကို ရပ်ဆိုင်းတော့မယ်လို့ အထည်ချုပ်လုပ်ငန်းအကြောင်း သတင်းတွေဖော်ပြတဲ့ Ecotexitle မဂ္ဂဇင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က ဖော်ပြတာတွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ ထုတ်လုပ်နေတဲ့ နာမည်ကြီး အမှတ်တံဆိပ်နဲ့ လက်လီလုပ်ငန်းတွေအနေနဲ့ လုပ်ငန်းဆက်လက်လုပ်ကိုင်မှုတွေကို ပြန်လည်သုံးသပ်ဖို့ အရေးတကြီးလိုအပ်နေတယ်လို့ ကုန်သွယ်မှု ကျင့်ဝတ်ဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ ETI ရဲ့ အစီရင်ခံစာ ထွက်လာပြီးနောက် Primark က အထည်ချုပ်လုပ်မှု ရပ်ဆိုင်းတော့မယ်လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရေးအရ သက်ရောက်မှုရှိလာတဲ့ ဖြစ်စဥ်ဖြစ်သလို နိုင်ငံတွင်းက ပြည်ပရင်းနှီးမြှပ်နှံမှုလုပ်ကိုင်နေသူ တွေလည်း အခြားနိုင်ငံကို ပြောင်းရွှေ့လုပ်ကိုင်ဖို့အထိ ပြင်ဆင်နေတာတွေကို သိရှိထားရတယ်လို့ သွေးစည်း ညီညွတ်သောသမဂ္ဂများ အဖွဲ့ချုပ် (STUM) ရဲ့ ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးကပြောပါတယ်။
"ပြီးခဲ့တဲ့လလောက်ကတည်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ငန်းရွေ့မယ်ဆိုတာကြားနေရတယ်"လို့လည်း သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, M M Aye
လက်ရှိ အထည်ချုပ်လုပ်ငန်းတွေ ယာယီပိတ်သိမ်းတာ၊ လုပ်ငန်းလျှော့ချတာ၊ နေ့စားအလုပ်သမားတွေကို အလုပ်ဖြုတ်လိုက်တာ စတာတွေကို လုပ်ငန်းရှင်တွေဘက်က ဆက်တိုက် လုပ်လာတာမျိုးတွေ ရှိနေလို့ အကူ အညီပေးဖို့ အလုပ်သမားတွေဘက်က တင်ပြ အကူအညီတောင်းလာတာတွေလည်း ရှိနေတယ်လို့သူက ဆိုပါတယ်။
ငွေကြေးမတည်ငြိမ်မှု၊ လောင်စာဆီအခက်အခဲ၊ စွမ်းအင်နဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေက အထည်ချုပ်လုပ်ငန်း အပါအဝင်၊ နိုင်ငံအတွင်းက စီးပွားရေးအပေါ် သက်ရောက်မှုတွေရှိလာနေတယ်လို့ အလုပ်သမားအရေး ကူညီသူတွေက ပြောပါတယ်။
အထည်ချုပ် အပါအဝင်၊ အခြားလုပ်ငန်းမျိုးစုံက အလုပ်ရှင်နဲ့ အလုပ်သမားတွေအတွက် အလုပ်အကိုင်တည်မြဲမှု၊ အလုပ်အကိုင် လည်ပတ်နိုင်မှုအတွက် အခက်အခဲတွေက နေ့စဥ်ဆိုသလိုတိုးတိုးလာနေတာလို့ အလုပ်သမားအရေး ကူညီသူတွေက ပြောဆိုကြပါတယ်။
မြန်မာနိုင်ငံမှာ လက်ခစားနစ်နဲ့ ထုတ်လုပ်ကြတဲ့ H&M ,Zarah စတဲ့ နိုင်ငံတကာကုန်အမှတ်တံဆိပ်တွေ ထုတ်လုပ်တဲ့ စက်ရုံအချို့က မြန်မာလုပ်သားတွေဟာ အိုဗာတိုင်ကြေးမရတာတွေရှိသလို စက်ရုံအတွင်း အခွင့်အရေးချိုးဖောက်ခံနေရတယ်ဆိုပြီး အလုပ်သမားတွေဘက်က ပြောဆိုတာတွေဟာ အခုရက်ပိုင်းအတွင်း ဆက်တိုက် ဖြစ်ပွားနေတယ်လို့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေဘက် ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အထည်ချုပ်လုပ်ငန်းတွေမှာ အဓမ္မလုပ်အားပေးစေခိုင်းမှု၊ အလုပ်လုပ်ချိန်ကြာမြင့်မှု၊ လုပ်ခလစာနည်းပါးမှု၊ အချိန်ပိုကြေးမပေးဘဲ အလုပ်စေခိုင်းမှုနဲ့ လုပ်ငန်းခွင် နှောက်ယှက်မှုများ ရှိနေတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ပြောပါတယ်။
စက်ရုံအလုပ်ရုံတွေမှာတော့ နေ့စဉ်နှင့်အမျှ အလုပ်သမားအခွင့်ရေး သိသိသာသာချိုးဖောက်ခံ နေရပြီး တိုင်ကြားရာမှာ ထိရောက်စွာဖြေရှင်းပေးတဲ့ ယန္တရားမရှိသလို ၊ အလုပ်သမားအခွင့်အရေး တောင်းဆိုရင် စစ်တပ်ကို ဖမ်းခိုင်းမယ်ဆိုပြီး ခြိမ်းခြောက်တဲ့ အခြေအနေတွေကိုလည်း ကြုံနေရကြောင်း အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေကပြောပါတယ်။
အခုလို အလုပ်သမားအခွင့်ရေးချိုးဖောက်မှုတွေ ရှိလာတာကြောင့် နိုင်ငံတကာ ကုန်အမှတ်တံဆိပ်တွေက ထုတ်လုပ်မှုတွေရပ်ဆိုင်းဖို့ လုပ်လာတာလည်းဖြစ်တယ်လို့လည်း အလုပ်သမားအရေးလှုပ်ရှားသူတွေဘက်က ပြောပါတယ်။








