ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တိုင်တန်ရေငုပ်သင်္ဘော- ရှာဖွေရေး စတုတ္ထနေ့မှာ ဘာတွေ ဆက်ဖြစ်ခဲ့သလဲ
ကနေဒါ ကမ်းလွန်က စိန့်ဂျွန်းစ် ဟာဘာမှာ နေ့သစ် စပြီ ဖြစ်သလို ပျောက်ဆုံးနေတဲ့ တိုက်တန် ရေငုပ်သင်္ဘော ရှာဖွေရေး လုပ်ငန်းတွေဟာလည်း စတုတ္ထနေ့ထဲကို ဝင်ရောက်လာနေပြီ ဖြစ်ပါတယ်။
ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့တွေက မျှော်လင့်ချက် ထားနေတုန်းပဲလို့ ပြောသလို ဒီနေ့မှာ နောက်ထပ် သင်္ဘော ၁၀ စင်းနဲ့ အဝေးထိန်း ရေငုပ်သင်္ဘောတွေ ရေယာဉ်တွေ ထပ်ရောက်လာမှာ ဖြစ်တာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ၂ ဆ တိုးလုပ်ကိုင်နိုင်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဦးဆောင်နေ ကပ္ပတိန်ကတော့ တိုက်တန်ဟာ ဘယ်နေရာကို ရောက်နေတယ်ဆိုတာ မသိရသေးကြောင်း ပြောပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေက ရေအောက်က ထုရိုက်သံလို အသံတွေ ကြားခဲ့ရတဲ့ နောက် ရှာဖွေရေး ဧရိယာကိုလည်း တိုးချဲ့ခဲ့ကြပါတယ်။ အခုဆိုရင် ကွန်နက်တီကပ်ပြည်နယ်ရဲ့ ၂ ဆကျယ်တဲ့ ရေပြင်ရဲ့ အနက် ၂ မိုင်ခွဲ အထိ ရှာဖွေမှုတွေ လုပ်နေကြပါတယ်။ အဲဒီ ကြားခဲ့ကြတဲ့ အသံတွေ ဆိုတာကလည်း တိုက်တန် ရေငုပ်သင်္ဘောဆီက လာတာလား ဆိုတာ မကွဲပြားသေးပါဘူး။ တိုက်တန် ရေငုပ်သင်္ဘောကို ချပေးခဲ့တဲ့ The Polar Prince သင်္ဘောကိုလည်း ရှာဖွေရေး လုပ်ငန်းတွေရဲ့ ကွပ်ကဲရေး ဌာနအဖြစ် အသုံးပြုနေပြီး တိုက်တန်းနစ် သင်္ဘောပျက်ကြီး ရှိနေတဲ့ နေရာ အနီးက ရေပြင်မှာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။
နောက်ဆုံး ရရှိထားတဲ့ သတင်းတွေအရ အဲဒီ ရှာဖွေရေးတွေ လုပ်နေကြတဲ့ နေရာဆီကို ရေနက်ပိုင်း ရှာဖွေရေး ကိရိယာယာဉ်တွေ ရောက်လာကြပါပြီ။ ပြင်သစ်က Victor 6000 လို့ ခေါ်တဲ့ ရေငုပ်ကိရိယာဟာ ပင်လယ်ကြမ်းပြင် အထိရောက်အောင် သွားနိုင်ပြီး အဲဒီကနေလည်း ပုံရိပ်တွေကို ရေပြင်ပေါ်ကိုပို့ပေးနိုင်ပါတယ်။ နောက်ပြီး တိုက်တန်းနစ် သင်္ဘောပျက်ကြီးကို စကဲန်ဖတ်ယူခဲ့ဖူးတဲ့ နောက်ထပ် ရေနက်သွား ကိရိယာ ယာဉ်ငယ်ဟာလည်း ဂျာဆီကနေ လေယာဉ်နဲ့ ရောက်လာဦးမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အရင် မှန်းဆတွက်ချက်မှုတွေအရ ပျောက်ဆုံးနေတဲ့ ရေငုပ်သင်္ဘောပေါ်မှာလည်း လက်ကျန် အောက်ဆီဂျင် ပမာဏဟာ အင်မတန် နည်းနေပြီ ဖြစ်ပါတယ်။
ပြင်သစ်က Victor 6000
ပြင်သစ် သုတေသန အဖွဲ့ Ifremer ရဲ့ ယာဉ်ကတော့ ၄ နာရီ ဆိုင်းတွေနဲ့ အလုပ်လုပ်ရတဲ့ ယာဉ်ဖြစ်ပါတယ်။ ယာဉ်မှူး ၂ ဦးက ရေမျက်နှာပြင်ထက်မှာ ရှိနေတဲ့ Atalante သင်္ဘောပေါ်က ထိန်းချုပ်ခန်းကနေပြီး အဝေးထိန်း စနစ်နဲ့ ထိန်းချုပ်မောင်းနှင်ရတာ ဖြစ်ပါတယ်။ နောက်ပြီး အဲဒီအခန်းထဲမှာ သူတို့ အတွက် ကူညီဖို့ ကနေဒါ ကမ်းရိုးတန်း စောင့်တပ်ဖွဲ့ သို့မဟုတ် ပျောက်ဆုံး ရေငုပ်သင်္ဘောရဲ့ ကုမ္ပဏီက တဦးလည်း ရှိနေမှာ ဖြစ်ပါတယ်။
Victor 6000 မှာ မီးမောင်းတွေနဲ့ ကင်မရာတွေလည်းပါတာကြောင့် ရေပြင်ထက်က ထိန်းချုပ်မောင်းနှင်သူတွေက အချိန်နဲ့ တပြေးညီ မြင်တွေ့နေရမှာ ဖြစ်ပါတယ်။ သူတို့ မြင်နိုင်တဲ့ ပမာဏကတော့ ပင်လယ်ကြမ်းပြင်ရဲ့ တင်းနစ်ကွင်းငယ် တကွင်းစာလောက်ကို မြင်ရမှာဖြစ်ပါတယ်။ နောက်ပြီး သူ့မှာ ပါတဲ့ စက်လက်တံ ၂ ချောင်းနဲ့ ဖြတ်တောက်တာ၊ အပျက်အစီးတွေကို ဖယ်ရှားပေးတာမျိုးတွေတောင် လုပ်နိုင်ပါတယ်။
အခု အတ္တလန်တိတ် သမုဒ္ဒရာရေပြင်မှာ Victor 6000 ကို ထိန်းချုပ် မောင်းနှင်မယ့် အဖွဲ့ဟာ အင်မတန် အတွေ့အကြုံရင့်တဲ့ သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ရှာဖွေရေးမှာ ပါဝင်နေကြတဲ့ ရေယာဉ်များ
ဒီပျောက်ဆုံး ရေငုပ်သင်္ဘောရှာဖွေရေးမှာ အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံတွေက အေဂျင်စီတွေ၊ ရေတပ်တွေ အပြင် စီးပွားဖြစ် ပင်လယ်ရေနက်ပိုင်း လုပ်ငန်းတွေ လုပ်ကြတဲ့ ကုမ္ပဏီ အဖွဲ့အစည်းတွေက ရေယာဉ်တွေပါ ပါဝင် ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ တဖွဲ့ချင်းစီမှာလည်း အသီးသီး စွမ်းဆောင်ရည် ကိုယ်စီရှိနေကြပါတယ်။ ဆိုတော့ သူတို့ ဘာတွေလုပ်နိုင်ကြသလဲ ဆိုတာ ကြည့်ရအောင်ပါ။
Deep Energy - စီးပွားဖြစ် ပင်လယ်ရေအောက် ကေဘဲလ် လိုင်းကြိုးတွေ ချတဲ့ ယာဉ်ဖြစ်ပြီး သူ့ဆီက ရေနက်ပိုင်းသွား ROV ယာဉ် ၂ စင်းဟာ ပင်လယ်ရေမျက်နှာပြင်အောက် မီတာ ၃၀၀၀ ပေ ၁၀၀၀၀ အထိ သွားရောက် နိုင်ပါတယ်။
Atlantic Merlin - ကနေဒါ ကမ်းလွန် ထောက်ပို့ရေယာဉ် ဖြစ်ပြီး သူ့ဆီက ဝန်ချီစက်က ROV ယာဉ်တွေကို မီတာ ၄၀၀၀ အထိ ချပေးနိုင်တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ROV တွေက ရေအနက် ဘယ်လောက်အထိ အလုပ်လုပ်နိုင်သလဲ ဆိုတာတော့ မသိရပါဘူး။
Skandi Vinland - သူကလည်း ရေအောက် ထောက်ပို့ရေယာဉ် ဖြစ်ပြီး ROV ၂ စင်း ပါပါတယ်။ ဘယ်လောက် အနက်အထိ သွားနိုင်သလဲ ဆိုတာတော့ မသိရပါဘူး။
L'Atalante - ပြင်သစ် သင်္ဘောဖြစ်ပြီး အထက်မှာ ပြောခဲ့တဲ့ သူ့ ROV က တိုက်တန်းနစ် သင်္ဘောပျက်ကြီး ရှိနေတဲ့ ရေအနက်အထိတောင် ခရီးရောက်နိုင်ပါတယ်။
Horizon Arctic - စီးပွားဖြစ် ထောက်ပို့ ရေယာဉ်ဖြစ်ပြီး လိုအပ်တဲ့ ပစ္စည်း ကိရိယာတွေကို ပံ့ပိုးပေးနိုင်ပါတယ်။
Glace Bay - ကနေဒါ ရေတပ်ရဲ့ ရေယာဉ် ဖြစ်ပြီး ဖိအားလျှော့ခန်း အပါအဝင် လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ ထောက်ကူမှုတွေ ပေးဖို့ အတွက် ဖြစ်ပါတယ်။
John Cabot - သိပ္ပံ သုတေသန ရေယာဉ် ဖြစ်ပြီး ဆိုနာခေါ် အသံလှိုင်းသုံးပြီး ရေအောက်က အရာဝတ္တုတွေကို ရှာဖွေနိုင်တဲ့ ကိရိယာ ပါရှိပါတယ်။
အမေရိကန် ကမ်းရိုးတန်းစောင့် တပ်ဖွဲ့ကတော့ တိုက်တန် ရေငုပ်သင်္ဘောပေါ်မှာ ပါတဲ့ အောက်ဆီဂျင်က နောက်ထပ် နာရီအနည်းငယ်စာလောက်ပဲ ကျန်တော့တယ်လို့ ခန့်မှန်းပါတယ်။
ရေအောက်ကလာတဲ့ ထုရိုက်သံတွေနဲ့ တည်နေရာကို ပြောနိုင်မလား
အမေရိကန် ကမ်းရိုးတန်းစောင့်တပ်က အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ထုရိုက်သံလို အသံတွေ ကြားခဲ့ရတယ်လို့ ဆိုပေမယ့် ဘယ်ကလာသလဲတော့ မပြောနိုင်ပါဘူး။
ရေပေါ် အာရုံခံ ကိရိယာ sonobuoy တွေက ဖမ်းယူ ရရှိခဲ့တာ ဖြစ်ပြီး တကယ်လို့ ပျောက်ဆုံးနေတဲ့ တိုက်တန် ရေငုပ်သင်္ဘောဆီက ဆိုရင်တောင် နေရာ အတည်အကျနဲ့ ပြနိုင်ဖို့ ခက်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ အဏ္ဏဝါ ပထဝီရူပ ပညာရှင် ဒေါက်တာ ရော့လ် လာတာက အဝေးထိန်း ရေနက်ပိုင်းသွား ယာဉ်နဲ့ ပင်လယ်ရေနက်ပိုင်း ကြမ်းပြင်မှာ ရှာဖွေဖို့ ဆိုတာ အဲဒီ ရှာဖွေမယ့် ဧရိယာကို ကျဉ်းနိုင်သမျှကျဉ်းပြီး တိတိကျကျ ထားရှာဖို့ လိုကြောင်းပြောပါတယ်။
အသံတွေ ကြားရတယ်ဆိုပေမယ့် ရှာဖွေမှု လုပ်နေတဲ့ ဧရိယာကြီးက ကျယ်လွန်းနေတော့ ဘယ်သူကမှ ဘယ်နေရာလောက် ဖြစ်တယ်ဆို ခိုင်ခိုင်မာမာ မပြောနိုင်ဘူး ဖြစ်နေပါတယ်လို့ ဒေါက်တာ လာတာက ကြာသပတေးနေ့ မနက်ပိုင်း ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။ sonobuoy တခုချင်းကတော့ သူတို့ ဖမ်းယူ ရရှိတဲ့ အသံလာရာ လမ်းကြောင်းကို ပြနိုင်လောက်ပြီး အဲဒီ sonobuoy တွေရဲ့ အရေအတွက်နဲ့ တည်နေရာတွေကို အခြေခံတွက်ချက်ရင်တော့ အသံလာရာကို ထောက်ပြနိုင်မယ့် အလားအလာ ရှိတယ်လို့ ရေအောက်ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး ကျွမ်းကျင်သူ ဖရန့်ခ် အိုဝင်က ပြောပါတယ်။ ဒါက ဖြစ်နိုင်တယ်၊ ဒါပေမယ့် တိုက်တန် သင်္ဘောက ဆိုရင်တောင် ဒီအသံတွေက စတီးလ် ကိုယ်ထည်ထက် ကာဘွန် ဖိုက်ဘာနဲ့လုပ်ထားတဲ့ ကိုယ်ထည်ကို ရိုက်တဲ့ အသံ ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။
အဲဒီတော့ အသံက ခေါင်းလောင်းသံလို မကျယ်လောင်ဘဲ ကုလားတက်သံလို ခပ်အုပ်အုပ်နဲ့ သစ်တုံးခေါက်သံလို ဖြစ်နေမယ်။ ကြည်လင် ပြတ်သားတဲ့ အသံမျိုး မဖြစ်နိုင်ဘူး၊ ရေထုထဲမှာ ပြန့်ပြီး တက်လာဖို့ မလွယ်လှဘူးလို့ ပြောပါတယ်။
အောက်ဆီဂျင် ဘယ်လောက်ကျန်သလဲ အတိအကျ ပြောနိုင်သလား
ပင်လယ်ရေအောက် ပေထောင်ချီမှာ ပျောက်နေတဲ့ ၂၂ ပေ ရှည်တဲ့ ရေငုပ်သင်္ဘောထဲမှာ အောက်ဆီဂျင် ဘယ်လောက်ပဲ ကျန်တော့မယ်ဆိုတာ ပြောနေပေမယ့် အဲဒီ သင်္ဘော ဘယ်မှာဆိုတာနဲ့ ပါသွားသူတွေရဲ့ အခြေအနေ ဘယ်လို ရှိနေမလဲ ဆိုတာ ဘယ်သူမှ မသိကြပါဘူး။ လတ်တလော အခြေခံ တွက်ချက်နေတာက သင်္ဘောက မကျိုးမပျက် အကောင်းအတိုင်း ရှိနေပြီး အထဲမှာ အောက်ဆီဂျင် ရှိနေဦးမယ်ဆိုပြီး မှန်းဆတွက်ချက်နေကြတာပါ။
ဒါပေမဲ့ နယူးဖောင်းလန်းက စိန့် ဂျွန်းစ် မှာ ရှိတဲ့ Memorial University က ဒေါက်တာ ကဲန် လာဒက်ဇ်က သင်္ဘောပေါ် ပါသွားသူတွေထဲက အခြေအနေအပေါ် မူတည်ပြီး တချို့က တခြားသူတွေထက် ပိုပြီး အချိန်ကြာကြာ ရှင်သန်နိုင်စွမ်း ရှိနိုင်တယ်လို့ ဘီဘီစီ ကိုပြောပါတယ်။ အထဲမှာ ဘယ်လောက်အထိ အေးလာသလဲ၊ အောက်ဆီဂျင်ကို ဘယ်လောက် ကြာတဲ့ အထိ ထိန်းထားနိုင်ကြမလဲ ဆိုတဲ့ အပေါ်လည်း မူတည်တယ်၊ ခိုက်ခိုက်တုန်နေတဲ့ အခါ အောက်ဆီဂျင်ကို ပိုပြီးသုံးရတယ်၊ ဒါကြောင့် နွေထွေးအောင် လုပ်ပြီး အပူငွေ့ကို ထိန်းထားနိုင်ဖို့ လိုတယ်လို့ ဆိုပါတယ်။
အမေရိကန် ကမ်းရိုးတန်းစောင့် တပ်က ရေတပ်ဗိုလ်ချုပ် ဂျွန် မိုဂါကတော့ အခု ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ မသိနိုင်တဲ့ အရာတွေ အများကြီး ရှိနေတယ်လို့ ဆိုပါတယ်။ သူက ရေငုပ်သင်္ဘောထဲက အောက်ဆီဂျင် သုံးစွဲနှုန်းကိုလည်း မသိနိုင်တဲ့အကြောင်း ပြောပါတယ်။
ဒေါက်တာ လာဒက်ဇ်ကတော့ အောက်ဆီဂျင် ကုန်လာတာတခုတည်း တင်မကဘဲ တခြားပြဿနာတွေလည်း ရှိတယ်လို့ ပြောပါတယ်။
ရေငုပ်သင်္ဘောထဲမှာ အောက်ဆီဂျင်နဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ကိုထိန်းတဲ့ နေရာမှာ အရေးပါတဲ့ လျှပ်စစ်ဓာတ်အား လုံးဝပြတ်တောက်သွား နိုင်ကြောင်း ပြောပါတယ်။ အဲဒီအခါမှာ အသက်ရှူလိုက်တဲ့ အတွက် အောက်ဆီဂျင်ကျပြီး ရှူထုတ်လိုက်တဲ့ ကာဘွန်ဒိုင်အောက်ဆိုက်တွေ များလာနိုင်တယ်။ အဲဒါဆို တဖြည်းဖြည်း ရီဝေ မူးမေ့ အိပ်ပျော်သွားတာမျိုးဖြစ်တတ်တယ်လို့ ဆိုပါတယ်။ သွေးထဲမှာ အဲဒီလို ဓာတ်ငွေ့တွေ များလာရင် အချိန်မီ မကုသနိုင်ရင် အသက်အန္တရာယ်ပါ ဖြစ်စေနိုင်ပါတယ်။ အရင် တော်ဝင်ရေတပ်က ရေငုပ်သင်္ဘောမှာ ရေယာဉ်မှူးဖြစ်ခဲ့တဲ့ ရိုင်ယန် ရမ်ဆီက သူတိုင်တန် ရေငုပ်သင်္ဘောရဲ့ အတွင်းပိုင်းကို ရိုက်ထားတဲ့ ဗီဒီယိုတွေကို အွန်လိုင်းမှာ တွေ့ရတဲ့အကြောင်းနဲ့ အဲဒီမှာ scrubbers လို့ ခေါ်တဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်တဲ့ စနစ်မပါတဲ့ အကြောင်း ပြောပါတယ်။ သူ့အတွက်တော့ ဒါဟာ အကြီးဆုံး ပြဿနာကြီးပဲလို့ ရိုင်ယန်ရမ်ဆီက ဆိုပါတယ်။
ကမ်းရိုးတန်းစောင့် တပ်က တိုက်တန်ထဲမှာ အောက်ဆီဂျင်နည်းလာနေပြီလို့ ဆိုပေမယ့် ချွေတာသုံးနိုင်ကြမယ် ဆိုရင်တော့ နည်းနည်းပိုပြီး ကြာကြာ ခံနိုင်မယ်လို့ ဆိုပါတယ်။ မစ္စတာ ရမ်ဆီကတော့ အသက်ရှူနှုန်း ချတာမျိုး လုပ်နိုင်တယ်၊ ဒါပေမယ့် သူတို့ရဲ့ စိတ်ဖိစီးမှု ဘယ်လောက်များနေသလဲ မသိနိုင်တော့ ခက်တယ်လို့ ဆိုပါတယ်။ ဒေါက်တာ လာဒက်ဇ်ကလည်း လျှပ်စစ်ဓာတ်အား ကျန်နေသေးရင် ချွေတာသုံးတာမျိုး လုပ်နိုင်သလို ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပစ်နိုင်တဲ့ အရာတွေကို ဖြန့်ကျဲပေးထားတာမျိုး လုပ်သင့်ကြောင်း ပြောပါတယ်။ တိုက်တန် သင်္ဘောပေါ်မှာ အစာရေစာ ဘယ်လောက် ပါသွားလဲ ဆိုတာနဲ့ ပတ်သက်လို့တော့ အကန့်အသတ်ရှိတယ်လို့သာ ကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။
ဒီလို စိန်ခေါ်မှုတွေ ရှိနေပေမယ့် ဒေါက်တာ လာဒက်ဇ်ကတော့ ရှာဖွေ ကယ်ဆယ်ရေးတွေ မရပ်ဖို့ တိုက်တွန်းနေပါတယ်။ အောက်ဆီဂျင်တော်တော်နည်းနေပြီ ဆိုပေမယ့် ဒီလူတွေ ရှင်သန်နေနိုင်ဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကြာသပတေးနေ့မှာပဲ ရေတပ် ဗိုလ်ချုပ် မိုဂါက လူတွေရဲ့ ရှင်သန်လိုတဲ့ စိတ်ဓာတ်အားမာန်ကိုလည်း ထည့်သွင်းစဉ်းစားရမယ့် အကြောင်း ပြောပါတယ်။ အဲဒါကြောင့်လည်း ရှာဖွေ ကယ်ဆယ်ရေးတွေကို ဆက်လုပ်နေတယ်လို့ သူက NBC သတင်းကို ပြောပါတယ်။