ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကျွန်းလှ လွှတ်တိုက်ရွာက မီးရှို့ခံရုပ်အလောင်း
ဆွေမျိုးသားချင်းတစ်ယောက်လုံး မီးရှို့သတ်ခံနေရတာကို ဘာမှမသိခဲ့ဘဲ မလှုပ်မယှက်ထိုင်ပြီး နေခဲ့ရတဲ့ ဘဝပါလို့ ပြောလာသူက လွှတ်တိုက်ရွာက အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးပါ။
အောက်တိုဘာ ၂၉ရက် ညနေ ၃နာရီခွဲကျော်မှာ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့ မြောက်ဘက်က လွှတ်တိုက်ရွာကို စစ်ကောင်စီတပ်တွေ အင်အားအများအပြားနဲ့ တစ်အမ်တက်တစ်အိမ်ဆင်း ဝင်ရောက်ရှာဖွေစစ်ဆေးတာတွေ လုပ်ခဲ့ပြီးနောက် သူ့ဆွေမျိုးတစ်ဦး သေဆုံးခဲ့ပါတယ်။
ကျွန်းလှမြို့မြောက်ဘက်မှာရှိတဲ့ လွှတ်တိုက်ရွာဟာအိမ်ခြေ ၄၄၀ကျော်ရှိပြီး လူဦးရေ ၂၀၀၀ နီးပါးနေထိုင်တဲ့ ရွာကြီးတစ်ရွာပါ။ ဒေသခံအများစုဟာ တစ်နိုင်တစ်ပိုင် ရွှေတူးတဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုကြပါတယ်။
" စစ်သားတွေက မှတ်ပုံတင်တွေပြခိုင်းတယ်။ PDF (ပြည်သူ့ကာကွယ်ရေးတပ်) နဲ့ ဘယ်သူအဆက်အသွယ်ရှိလဲ။ PDF တွေက လွှတ်တိုက်မှာ စခန်းချတယ်ဆိုတာ ဟုတ်လား။ ဒီရွာက PDFတွေကို ထောက်ပံ့နေတာဟုတ်လား။ အဲဒါတွေ မေးတယ်။ တစ်ရွာလုံးက တောတိုက်(တောထဲ) ဘက် ကြောက်ပြီး ပြေးတဲ့သူက ပြေး၊ ကျန်တဲ့သူကကျန်ပေါ့ " လို့ ဒေသခံအမျိုးသားတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။
အဲဒီမှာ စစ်ကောင်စီတပ်တွေကို ကြောက်လို့ အိမ်ပေါ်မှာပုန်းနေတဲ့ အသက် ၃၀နှစ် အရွယ် ကိုငြိမ်းထွန်းဟာ ကြောက်အားလန့်အားနဲ့ အိမ်နောက်ဘက်ကနေ ပြေးဖို့ကြိုးစားခဲ့ပါတယ်။ အဲဒီလိုပြေးဖို့ ကြိုးစားတဲ့ ကိုငြိမ်းထွန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က သေနတ်နဲ့လှမ်းပစ်ခဲ့တယ်လို့ မနေ့က ဖြစ်စဉ်ကို သိခဲ့ကြုံခဲ့တဲ့ ဒေသခံအများစု ဘီဘီစီကို အတည်ပြုပါတယ်။
"စစ်တပ်က မပြေးနဲ့လို့ အော်ပြီး သေနတ်သံ ဆက်တိုက်ကြားတယ်။ အဲဒီအချိန်ရွာထဲမှာ ရှိတဲ့သူအားလုံးက အိမ်ထဲက အိမ်ပြင်မထွက်ရဲဘူး။ အသံတွေကို ကြားနေရတယ်။ ပြေးတာ၊ အော်တာ၊ပစ်တာ အားလုံး ကြားနေရတယ်။ ဒါပေမယ့် အဲဒီအချိန်အထိ ပစ်ခံရတာ ဘယ်သူလဲ ဘယ်သူမှ မသိသေးဘူး " လို့ သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တဲ့ ကိုငြိမ်းထွန်းနဲ့ အိမ်ဝိုင်းတစ်ခုထဲနေကြတဲ့ မိသားစုဝင်တွေနဲ့ ရွာခံတွေက ပြောပြပါတယ်။
သေနတ်သံတွေကြားပြီး နောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေဟာ လောင်စာဆီဝယ်တာ၊ မီးရှို့တာတွေကို ကိုငြိမ်းထွန်းရဲ့ အိမ်ဝိုင်းအနောက်ဘက် အိမ်သာအနီးမှာပြုလုပ်တာကို ဒေသခံတွေက သိနေကြပါတယ်။
ဒါပေမယ့် ဒေသခံတွေက ကိုယ့်အိမ်ရှေ့မှာ ကိုယ်ထိုင်နေကြရပြီး အပေါ့အလေးကအစ ထမင်းဟင်းချက်တဲ့အထိ ခွင့်မပြုလို့ ငုပ်တုပ်ထိုင်ပြီး ကြောက်နေခဲ့ရတယ်လို့ ဘီဘီစီက ဆက်သွယ်မေးမြန်းခွင့်ရတဲ့ မိသားစုဝင်တွေနဲ့ဒေသခံရွာသားတွေက အတည်ပြုပါတယ်။
"ဓာတ်ဆီတွေဝယ်တာသိတယ်။ မီးရှို့တာ၊ ညှော်နံ့တွေ ရတယ်။ ဒါပေမယ့် ကျွန်မတို့ ထကြည့်ခွင့် မရှိဘူး။ သိနေတယ်။ ထကြည့်လို့ မရဘူး။သူတို့ ဘာကို ရှို့နေလဲဆိုတာ ကျွန်မတို့ မနေ့က သူတို့ပြန်သွားတဲ့အထိ မသိဘူး" လို့ ကိုငြိမ်းထွန်းနဲ့ အိမ်ဝိုင်းတစ်ဝိုင်းထဲ အတူနေတဲ့ ဆွေမျိုးသားချင်းတစ်ဦးက ပြောပြပါတယ်။
အောက်တိုဘာ ၃၀ရက် မနက်ပိုင်းမှာတော့ ကိုငြိမ်းထွန်း ပျောက်လို့ မိသားစုတွေ ခေါင်းမီးတောက် ရှာခဲ့ပါတယ်။ သူ့ဖုန်းကို ဆက်ပေမယ့်လည်း စက်ပိတ်ထားတယ်ပဲ ဖြေသံကြားရပါတယ်။
အဲဒီနောက် သေနတ်ပစ်သံကြားတယ်။ ကိုငြိမ်းထွန်းရဲ့ အိမ်အနောက်ဘက်က အိမ်သာ မီးရှို့ခံရတယ်ဆိုတဲ့အချက်တွေကြောင့် ရွာခံတွေဟာ အဲဒီအိမ်သာကို ဖော်ဖို့ ကြိုးစားခဲ့ကြပါတယ်။
"အိမ်သာအလုံးလိုက်ကို မီးရှို့ပြီး ပြာကျသွားတာလို့ ထင်နေကြတာ။ အဲဒီအိမ်သာမှာ ဗုံးတွေ ဘာတွေ ထားခဲ့မှာစိုးတော့ တော်တော်နဲ့လည်း မဖော်ရဲကြဘူး။ ဒါနဲ့ ရွာကလူတွေစုပြီး အိမ်သာကျင်းနေရာကို သွားကြည့်မှ မီးလောင်ထားတဲ့ နေရာကို မြေတူးပြီးဖို့ထားတာတွေ့တယ်။ အဲဒီမြေတူးဖို့ထားတာကို ဖော်လိုက်မှ မောင်ငြိမ်းထွန်းရဲ့ မီးလောင်ထားတဲ့ ခန္ဒာကိုယ် အစိတ်အပိုင်းတွေ ထွက်လာတယ် " လို့ အဲဒီမီးလောင်ခံရတဲ့နေရာကို သွားရောက်ဖော်ခဲ့တဲ့ မိသားစုဝင်တချို့နဲ့ ရွာခံအချို့ ဘီဘီစီကို ပြောပြပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ လတ်တလော သတင်းထုတ်ပြန်တာတွေ မရှိသေးပါဘူး။ မိသားစုတွေကတော့ အဲဒီရုပ်အလောင်းဟာ ကိုငြိမ်းထွန်း ရုပ်အလောင်းလို့ အခိုင်အမာ ယူဆနေကြပါတယ်။
လွှတ်တိုက်ရွာခံတွေကတော့ မနေ့က ညနေပိုင်း ၃နာရီခွဲကျော်က ရွာထဲကို ဝင်လာတဲ့ စစ်ကောင်စီတပ်တွေဟာ သေနတ်ပစ်တဲ့ ဖြစ်စဉ်ဖြစ်ပြီးနောက်မှာ အိမ်တွေကို ဆက်မစစ်တော့ဘူးလို့ ပြောပါတယ်။
"ကျွန်တော်တို့သွားဖော်တော့ ဦးခေါင်းခွံတွေ့တယ်။ ညှပ်ရိုးတွေ့တယ်။ နောက် အသားတုံးလို တွေ့တယ်။ အကုန်လုံးကတော့ မီးလောင်နေပြီလေ။ အဲဒီတော့မှ သိတာ။ သူတို့ ရွာကနေ ညနေ ၆နာရီကျော် ဒီကိစ္စကို အပြတ်လုပ်ပြီးမှ ပြန်သွားတယ်ဆိုတာကို သိတာ ၊ ပထမတုန်းက သူတို့က ဆက်လည်းမစစ်ဘူး။ ပြန်လည်းမပြန်ဘူးပေါ့ဆိုပြီး ထင်နေကြတာ "လို့ အလောင်းဖော်ခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကိုငြိမ်းထွန်းဟာ အိမ်ထောင်ရှိပြီး ဇနီး၊ အသက် ၁၀ နှစ်နဲ့ ၇နှစ် သမီးနှစ်ယောက်ကျန်ခဲ့ပါတယ်။
" ကြောက်အားလန့်အားနဲ့ ဆင်းပြေးတာ ပစ်ခံရတာ။ အိမ်ကလူတွေရော၊ တစ်ရွာလုံးရော စိတ်မကောင်းဖြစ်တာရော ကြောက်တာရောပေါ့။ အခုက လူစုစု မနေနဲ့ဆိုလို့ သေတဲ့သူတောင် ဒီတိုင်းပစ်ထားရတယ် " လို့ မိသားစုဝင်တစ်ယောက်က ပြန်ပြောပြပါတယ်။
ပြီးခဲ့တဲ့ နှစ်ရက်ကစပြီး ကျွန်းလှမြို့ တဝိုက်က ကောင်းကင်ယံမှာ စစ်ရဟတ်ယာဉ်တွေ ဝဲပျံနေခဲ့ပါတယ်။ စစ်ကောင်စီအင်အား အများအပြားကလည်း ကျွန်းလှမြို့တဝိုက်က ရွာတွေမှာ ခြေလျင်စစ်ကြောင်းတွေ သွားနေတာ တွေ့ရပါတယ်။
အဲဒီထဲမှာမှ လူဦးရေ ထောင်ချီရှိတဲ့ ကျွဲတဲနဲ့လွှတ်တိုက် ရွာတွေကို စစ်ကောင်စီတပ်တွေက အင်အားအများအပြားနဲ့ ဝင်ရောက်ရှာဖွေစစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျွန်းလှမြို့ဟာ စစ်ကိုင်းတိုင်းထဲက မြို့ငယ်လေးတစ်ခုပါ။ အရှေ့တောင်အာရှမှာ ဒုတိယမြောက်အကြီးဆုံးဆည်ဖြစ်တဲ့သဖန်းဆိပ်ဆည်ရှိလို့ လူသိများတဲ့မြို့လို့ ပြောနိုင်ပါတယ်။ ကျွန်းလှမြို့က ရွာတွေဟာ တစ်နိုင်တစ်ပိုင် ရွှေတူးဖော်ရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုကြပါတယ်။
လွှတ်တိုက်လိုပဲ ကျွဲတဲ့ ရွာမှာလည်း အောက်တိုဘာ ၂၉ရက် ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့တချို့ ဝင်ရောက်ရှာဖွေတာ ခံခဲ့ရပါတယ်။
ရှာဖွေစစ်မေးတဲ့ အကြောင်းပြချက်ကလည်း ဒေသကာကွယ်ရေးတပ်တွေစခန်းချနေတယ်ဆိုတဲ့ ထင်မြင်ယူဆချက်နဲ့ပဲစစ်ဆေးနေတာလို့ ဒေသခံတွေက ပြောပြပါတယ်။
" ကျွန်တော်တို့ရွာကိုလည်း လွှတ်တိုက်လိုပဲ PDF တွေကို ရွာကလူတွေက ဆက်ကြေးပေးနေကြတယ်။ စခန်းချထားတယ်။ ထောက်ပံ့တာတွေ လုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝင်ရှာတာပဲ " လို့ ကျွဲတဲရွာဒေသခံတစ်ဦးက ပြောပါတယ်။
အောက်တိုဘာ ၂၉ ရက်ညနေပိုင်းက ကျွဲတဲရွာထဲမှာ စစ်ကောင်စီတပ်ရဲ့ ခြောက်လှန့် ပစ်ခတ်မှုကြောင့် ဒေသခံတချို့ လက်နက်ထိမှန်တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီထိမှန်သူတွေထဲမှာ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ပါဝင်ပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာတော့ ဒဏ်ရာရအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူဟာ စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
" ကိုဝင်းနိုင်က မနေ့က ရွာထဲကို စစ်သားတွေဝင်လာလို့ ပြေးကြလွှားကြရင်း သူကလည်း ပြေးတဲ့အထဲ ပါသွားတယ်။ သူ့အမျိုးသမီးက ရွာမှာကျန်ခဲ့ပြီး စစ်တပ်က လျှောက်ပစ်တော့ လက်ဖျံကို သေနတ်ရှပ်ထိထားတယ်။ သူက အဲဒါကို ကြားတော့ မနက်က ၄နာရီလောက် ပြေးပုန်းတဲ့နေရာကနေ ရွာထဲ ပြန်ဝင်လာတယ်။ ပါးစပ်ကလည်း အော်လာတယ်။ ကျွန်တော့်မိန်းမ ဒဏ်ရာရထားလို့ စိုးရိမ်လို့ ပြန်လာတာပါ။ ရွာထဲဝင်ခွင့်ပြုပါလို့ အော်နေရင်း ပစ်ခံရတာ'' လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရွာနှစ်ရွာလုံးမှာလည်း သေနတ်နဲ့ပစ်ခတ်မှုတွေကြောင့် လူနေအိမ်တချို့ ပျက်စီးခဲ့သလို လူထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရွာအတွင်း ဝင်ရောက်စစ်ဆေးမှုတွေကြောင့် ဖမ်းဆီးခံရသူတွေရှိသလို လို့ရွာခံတချို့ ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့လည်း ပြောကြပါတယ်။
ကျွန်းလှမြို့ လွှတ်တိုက်နဲ့ ကျွဲတဲရွာ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို ဘီဘီစီအနေနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ ကျွန်းလှမြို့ထဲက နောက်ထပ်ကျေးရွာတွေဖြစ်တဲ့ ကျီအင်း၊ကျီကုန်း၊ တင်းတိန်ရုံတောတိုက် စတဲ့နေရာတွေမှာ ဝင်ရောက်တပ်စွဲတာ ၊ ရှာဖွေမေးမြန်းစစ်ဆေးတာနဲ့ ပစ်ခတ်တာတချို့ကိုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျွန်းလှမြို့က ကျေးရွာတွေအခုလို ရှာဖွေခံနေရတာဟာ ကျွန်းလှမြေအောက်လှုပ်ရှားမှုအဖွဲ့ ပေါ်လာပြီးနောက်ပိုင်းမှာ ဖြစ်လာသလို အဲဒီအဖွဲ့အနေနဲ့ ကျွန်းလှမြို့ပေါ်က စစ်တပ်ရှယ်ယာပါဝင်တဲ့ မိုင်တယ်လ်တာဝါတိုင်ကို ဖျက်ဆီးတာနဲ့ စစ်ကောင်စီသတင်းပေးအချို့ကို ပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
၁၉၉၆ ခုနှစ်ကနေ ၁၉၉၉ ခုနှစ်အထိ သဖန်းဆိပ်ဆည်ဆောက်မယ်ဆိုတာကြောင့် မြို့ဟောင်းနေရာကိုစွန့်ခွာပြီး အခုလက်ရှိ မြို့သစ်ကျွန်းလှနေရာ နေရာကိုပြောင်းခဲ့ကြရတဲ့ ဒေသခံတွေဟာ အခုလည်း ပစ်ခတ်ဖမ်းဆီးရှာဖွေတာတွေကြောင့် ပြေးလွှားနေကြရတယ်လို့ ဆိုကြပါတယ်။
ဖွံ့ဖြိုးဖို့ အားယူနေချိန်မှာ အာဏာသိမ်းပြီးတဲ့နောက် အခုလို အခြေအနေတွေကို ရင်ဆိုင်လာရလို့ စစ်ကိုင်းတိုင်းမှာ အာဏာပိုင်တွေရဲ့ ခြယ်လှယ်မှု အခံရဆုံး မြို့တစ်မြို့ဆိုလည်း မမှားဘူးလို့ ဒေသခံတွေက ပြောနေကြပါတယ်။