ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်မှာ ဘာကြောင့် မီးတွေပြတ်နေသလဲ
တရုတ်ပြည်မှာ လျှပ်စစ်ဓာတ်အား လိုအပ်မှုတွေ အကြီးအကျယ်ဖြစ်နေပြီး လူနေအိမ်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ဓာတ်အားပြတ်တောက်မှုတွေ အကြီးအကျယ်ဖြစ်နေပါတယ်။
တရုတ်ပြည်မှာ မီးပြတ်တာက သိပ်မထူးဆန်းပေမယ့် ဒီနှစ်အတွင်းမှာတော့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးသူတွေဟာ အခက်အခဲ တော်တော်များများ ကြုံတွေ့နေရပါတယ်။
တရုတ်ပြည် အရှေ့မြောက်ပိုင်းက စက်မှုဇုန်တွေမှာ ဒီပြဿနာက ပိုပြီး ကြီးမားပါတယ်။ ဆောင်းရာသီလည်း ဝင်ခါနီးပြီ ဖြစ်တာကြောင့် ဒီပြဿနာက ကမ္ဘာ့တခြားဒေသတွေအထိပါ ရိုက်ခတ်မှုတွေ ရှိလာနိုင်ပါတယ်။
တရုတ်မှာ ဓာတ်အား လိုအပ်မှုတွေ ဘာကြောင့် ဖြစ်လာရသလဲ
တရုတ်ပြည်မှာ အရင်ကလည်း ဓာတ်အားလိုအပ်ချက်နဲ့ ဖြန့်ဖြူးပေးနိုင်မှု မညီမျှတဲ့ ပြဿနာတွေ ရှိခဲ့ဖူးပြီး အဲဒီတုန်းလည်း ပြည်နယ်အတော်များများမှာ ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ခဲ့ပါတယ်။
နွေရာသီနဲ့ ဆောင်းရာသီ ဓာတ်အားသုံးစွဲမှု အမြင့်ဆုံး အချိန်တွေမှာဆိုရင် ဒီပြဿနာက ပိုပြီး ကြီးပါတယ်။
ဒါပေမယ့် ဒီနှစ်မှာတော့ တခြား အကြောင်းအချက်တွေပါ ထပ်ဆောင်းပြီး ဒီပြဿနာဟာ ကြီးသည်ထက် ကြီးလာခဲ့ပါတယ်။
ကမ္ဘာကြီးမှာ ကပ်ရောဂါကာလကနေ တခါပြန်နိုးထလာတာနဲ့ အညီ တရုတ်ကုန်ပစ္စည်းတွေ အပေါ် ဝယ်လိုအားလည်း မြင့်လာနေတာကြောင့် ဒီလိုအပ်ချက်နဲ့ အညီလိုက်ထုတ်လုပ်နိုင်ဖို့ တရုတ်စက်ရုံတွေ ပိုလည်ပတ်ဖို့ လိုလာပါတယ်။ အကျိုးဆက်က ဓာတ်အားသုံးစွဲမှု ပိုများလာတာ ဖြစ်ပါတယ်။
လျှပ်စစ်ဓာတ်အား လိုအပ်ချက်တွေ တက်လာနဲ့အမျှ ဓာတ်အားထုတ်လုပ်ရေးမှာ သုံးနေရတဲ့ ကျောက်မီးသွေး ဈေးကလည်း တက်လာခဲ့ပါတယ်။ တဖက်မှာ အစိုးရက ဓာတ်အားခတွေကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတာကြောင့် ကျောက်မီးသွေးနဲ့ လည်ပတ်နေတဲ့ ဓာတ်အားစက်ရုံတွေက အရှုံးခံပြီး မလည်ပတ်ချင်ကြဘဲ အတော်များများက ထုတ်လုပ်မှုကို အကြီးအကျယ် လျှော့ချပစ်ခဲ့ကြပါတယ်။
မီးပြတ်တာကြောင့် ဘယ်သူတွေ နစ်နာသလဲ
ဓာတ်အားပြတ်တောက်မှုတွေကြောင့် လူနေအိမ်တွေရော စီးပွားရေး လုပ်ငန်းတွေမှာပါ ထိနေကြပြီ။ ပြည်နယ်တချို့နဲ့ ဒေသတချို့မှာဆို ဓာတ်အားကို ခွဲတန်းချပြီး ပေးနေရပါတယ်။
နိုင်ငံပိုင် Global Times သတင်းစာက တောင်ဘက်က ကွမ်တုံနဲ့ ဟေလုံကျန်း၊ အရှေ့မြောက်ပိုင်းက ကျိလင်း နဲ့ လျောင်နင်း ပြည်နယ်တွေမှာ ဓာတ်အားလိုအပ်ချက်တွေ ရှိနေကြောင်း ဖော်ပြထားပါတယ်။ နိုင်ငံတွင်းက တခြား ဒေသတွေမှာလည်း ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်နေတယ်လို့ သတင်းတွေမှာ ဆိုကြပါတယ်။
ကုန်ထုတ်လုပ်မှု အများဆုံး ဒေသတွေမှာလည်း ဝယ်လိုအား အမြင့်ဆုံး အချိန်တွေမှာ ဓာတ်အားသုံးစွဲမှုတွေကို လျှော့ချဖို့နဲ့ လုပ်ငန်းလည်ပတ်ချိန်တွေကို လျှော့ဖို့တောင် ပြောထားရပါတယ်။
စွမ်းအင်သုံးစွဲမှု အမြင့်ဆုံး လိုအပ်တဲ့ သံမဏိ ထုတ်လုပ်ရေး၊ အလျူမီနီယံ အရည်ကြိုစက်ရုံ၊ ဘိလပ်မြေစက်ရုံနဲ့ ဓာတ်မြေသြဇာ စက်ရုံတွေဟာ ဓာတ်အားလိုအပ်ချက်ကို အဆိုးဆုံး ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
တရုတ်စီးပွားရေး ဘယ်လောက်ထိခိုက်နေသလဲ
တရားဝင် ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ၂၀၂၁ စက်တင်ဘာလ အတွင်းမှာ တရုတ် စက်ရုံတွေရဲ့ ထုတ်လုပ်မှုဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံစီးပွားရေး ယိုင်လဲကျခဲ့တဲ့ ၂၀၂၀ ဖေဖော်ဝါရီလ နောက်ပိုင်းမှာ အနိမ့်ဆုံးကို ကျသွားခဲ့ပါတယ်။
လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေကြောင့် စိုးရိမ်မှုတွေလည်း ရှိလာနေပြီး ကမ္ဘာတစ်လွှားက ရင်းနှီးမြှုပ်နှံမှု ဘဏ်တွေက တရုတ်ရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု ခန့်မှန်းချက်တွေကို လျှော့ချလာကြပါတယ်။
Goldman Sachs ကဆို တရုတ်ပြည်ရဲ့ စက်မှုလုပ်ငန်း ၄၄ ရာခိုင်နှုန်းဟာ ဓာတ်အားမလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒါကြောင့်လည်း ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေးဖြစ်တဲ့ တရုတ်စီးပွားရေးဟာ အစက ကမ္ဘာတဝန်းမှာ ၈.၂ ရာခိုင်နှုန်း တိုးလာမယ်လို့ ခန့်မှန်းထားကြပေမယ့် ၇.၈ ရာခိုင်နှုန်းပဲ တိုးနိုင်မယ်လို့ ခန့်မှန်းချက်ကို လျှော့ချ လိုက်ပါတယ်။ ဓာတ်အားလိုအပ်မှုတွေကြောင့် နှစ်ကုန်ပိုင်း ဈေးဝယ်ထွက်ကြတဲ့ ရာသီအတွက် ကုန်ပစ္စည်း ထုန်လုပ်ဖြန့်ဖြူးမှုတွေကိုပါ ထိခိုက်လာနိုင်ပါတယ်။
စီးပွားရေးတွေ ပြန်လည် လည်ပတ်လာတဲ့ အချိန်ကစပြီး သွင်းကုန် ဝယ်လိုအားတွေ တက်လာခဲ့ပေမယ့် လက်လီရောင်းချသူတွေမှာ နေရာတော်တော်များများမှာ အခက်အခဲတွေနဲ့ ကြုံနေရဆဲ ဖြစ်ပါတယ်။
ဒီပြဿနာကို တရုတ်ဘယ်လို ဖြေရှင်း
တရုတ်စီးပွားရေးအတွက် အစီအစဥ်တွေ ချမှတ်တဲ့ အမျိုးသား ဖွံဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေး ကော်မရှင်က ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အစီအမံတွေ ချမှတ်ထားပြီဖြစ်ပါတယ်။ နိုင်ငံအရှေ့မြောက်ပိုင်းမှာ ဆောင်းရာသီအတွင်း စွမ်းအင်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ကို အဓိက ဦးစားပေး စီစဥ်ထားပါတယ်။
သူတို့ရဲ့ အစီအမံတွေထဲမှာ ဓာတ်အားပိုမို ထုတ်လုပ်နိုင်ရေးအတွက် စွမ်းအင် ထုတ်လုပ်ရေး လုပ်ငန်းတွေနဲ့ ပိုမို နီးကပ်စွာ လက်တွဲလုပ်ကိုင်ဖို့၊ လိုအပ်မယ့် ကျောက်မီးသွေးတွေ အပြည့်အဝ ရရှိရေးနဲ့ လျှပ်စစ်ဓာတ်အား ခွဲဝေသုံးစွဲရေးတွေကို ပိုပြီး လုပ်သွားဖို့ပါ ပါဝင်ပါတယ်။
ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းတွေကို ကိုယ်စားပြုတဲ့ တရုတ် လျှပ်စစ် ကောင်စီက လာမယ့် ဆောင်းရာသီမှာ အပူပေးနိုင်ဖို့နဲ့ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် သူတို့ဆီက ကျောက်မီးသွေးသုံး စွမ်းအင်ထုတ် လုပ်ငန်းတွေဟာ နည်းလမ်းမျိုးစုံသုံးပြီး ကျောက်မီးသွေး ဝယ်ယူမှုတွေကို တိုးချဲ့ နေကြပြီလို့ ဆိုပါတယ်။
ဒါပေမယ့် ကျောက်မီးသွေး ပိုမို တင်သွင်းရေးအတွက် လုပ်ရတာက ထင်သလောက် မလွယ်ကူပါဘူး။
ရုရှားဟာ သူတို့ရဲ့ ဥရောပဘက်က ဝယ်လက်တွေကိုပဲ အာရုံစိုက်နေသလို အင်ဒိုနီးရှားကလည်း မိုးကြီးလို့ ထုတ်လုပ်မှုတွေ လျော့ကျသွားပါတယ်။ အိမ်နီးချင်း မွန်ဂိုလီးယားကတော့ ကုန်ပစ္စည်း ပို့ဆောင်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးမှာ အားနည်းပါတယ်။
ကမ္ဘာတဝန်းက စွမ်းအင်မလုံလောက်မှုတွေနဲ့ရော ဆက်စပ်နေသလား
တရုတ်ပြည်မှာ မီးတွေပြတ်၊ ယူကေက ဓာတ်ဆီဆိုင်တွေမှာ ဆီတွေပြတ်၊ ဥရောပတလွှားမှာ စွမ်းအင်သုံးစွဲမှုအတွက် နှုန်းထားတွေ မြင့်တက်လာတာ၊ ရေနံစိမ်း၊ သဘာဝဓာတ်ငွေ့နဲ့ ကျောက်မီးသွေးဈေးတွေ တက်လာတာတွေကို ကြည့်ရင်တော့ ကမ္ဘာကြီးမှာ စွမ်းအင် မလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေရပြီလို့ ထင်ချင်ထင်မိကြမှာပါ။
ဒါပေမယ့် ဒီကိစ္စတွေကို ထင်သလောက် မရိုးရှင်းပါဘူး။ ကမ္ဘာပေါ်က ဒေသအလိုက် ပြဿနာတွေဟာ သူ့အကြောင်းရင်းနဲ့ သူ ရှိနေကြပါတယ်။
ဥပမာ ဆိုရရင် ယူကေက ဓာတ်ဆီဆိုင်တွေ ဆီပြတ်ကုန်တာက ဆီကားမောင်းမယ့်သူတွေ နည်းနေလို့ ဖြစ်ရတာပါ။ အဲဒါကြောင့် ဆီရှားတော့မယ်ထင်ပြီး ကားဆီဖြည့်သူတွေ တိုးဝှေ့ဝယ်ယူကြရရင်း ဆိုင်တွေမှာ ဆီပြတ်ကုန်တာ ဖြစ်ပါတယ်။
တခါ ဥရောပ တိုက်ဘက်မှာ စွမ်းအင်သုံးစွဲမှု အဖိုးအခတွေ တက်လာတာကလည်း အကြောင်းရင်းခံ အမျိုးစုံ ရှိပါတယ်။ သဘာဝဓာတ်ငွေ့ သိုလှောင်ထားမှု နည်းတာ၊ လေစွမ်းအင်နဲ့ နေစွမ်းအင်သုံး စက်ရုံတွေက ဓာတ်အားထုတ်လုပ်မှု နည်းနေတာနဲ့ တချို့ စက်ရုံတွေမှာ ပြုပြင်မွမ်းမံမှုတွေ လုပ်နေလို့ မလည်ပတ်နိုင်တာကြောင့် အခုလို ဈေးတွေ တက်လာရတာ ဖြစ်ပါတယ်။