အိုင်စီဂျေအမှု ဂမ်ဘီယာဘက်က ကနေဒါနဲ့ နယ်သာလန် ကူညီမယ်

လူမျိုးတုံးသတ်ဖြတ်မှုတွေ မြန်မာနိုင်ငံက ကျုးလွန်ခဲ့တယ်ဆိုပြီး နိုင်ငံတကာ တရားရုံး အိုင်စီဂျေမှာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်လို့ ဂမ်ဘီယာဘက်ကနေ အားပေးထောက်ခံပြီး ဥပဒေကြောင်းအရလည်း ကူညီဆောင်ရွက်သွားမယ်လို့ ကနေဒါနဲ့ နယ်သာလန် နှစ်နိုင်ငံက စက်တင်ဘာ ၂ ရက်မှာ ပူးတွဲသတင်းထုတ်ပြန်လိုက်ပါတယ်။

"ဂျီနိုဆိုဒ် ကွန်ဗန်းရှင်း" လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက်ကို မြန်မာနိုင်ငံက ချိုးဖောက်ပြီး ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ရက်စက်စွာ ကျုးလွန်ခဲ့သူတွေ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေတာကို အဆုံးသတ်ဖို့နဲ့ ဂျီနိုဆိုဒ် ကွန်ဗန်းရှင်းမှာ ချမှတ်ထားတဲ့ ကတိကဝတ်တွေကို လိုက်နာဖို့ ဂမ်ဘီယာနိုင်ငံက အိုင်စီဂျီ နိုင်ငံတကာတရားရုံးမှာ တိုင်တန်းခဲ့တာပါ။

မြန်မာနိုင်ငံဘက်က ကျုးလွန်ခဲ့တယ်ဆိုတဲ့ အဲဒီ လုပ်ရပ်တွေဟာ လူသားအားလုံးအတွက် စိုးရိမ်စရာ ကောင်းတာကြောင့် ဂမ်ဘီယာဘက်က ကြိုးပမ်းချက်တွေကို ထောက်ခံအားပေးဖို့ တာဝန်ရှိတယ်လို့လည်း ကနေဒါနဲ့ နယ်သာလန်နိုင်ငံတွေက ဆိုပါတယ်။

ဒါကြောင့် ခက်ခဲရှုပ်ထွေးလာနိုင်တဲ့ ဥပဒေကြောင်းဆိုင်ရာ ကိစ္စရပ်တွေမှာ ကူညီဆောင်ရွက်သွားမှာ ဖြစ်ပြီး မုဒိမ်းကျင့်တာ အပါအဝင် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ ပတ်သက်တဲ့ ပြစ်မှုတွေအပေါ်မှာလည်း အထူးအာရုံစိုက်သွားမယ်လို့ ဒီပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလတုန်းက အိုင်စီဂျေ နိုင်ငံတကာ တရားရုံးမှာ စတင်ကြားနာစစ်ဆေးခဲ့တဲ့ ဒီအမှုနဲ့ ပတ်သက်လို့ ဂမ်ဘီယာနိုင်ငံဘက်က အချက် ၆ ချက် တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဘက်ကတော့ ဒီအမှုကို စာရင်းကနေ လုံးဝပယ်ဖျက်ပေးဖို့နဲ့ မပယ်ဖျက်ပေးနိုင်ရင် ဂမ်ဘီယာဘက်က တောင်းဆိုထားတဲ့ ကြားဖြတ်စီမံချက်တွေ ဆောင်ရွက်ဖို့ အမိန့်ကို မထုတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။

ဒါပေမဲ့ တရားရုံးဘက်ကတော့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုက အကာအကွယ်ပေးဖို့ အပါအဝင် မြန်မာဘက်က လိုက်နာဆောင်ရွက်ရမယ့် ကြားဖြတ် အစီအမံ အချက်လေးချက်ကို ချမှတ်ခဲ့ပါတယ်။

တရားရုံးက ချမှတ်ပေးခဲ့တဲ့ ကြားဖြတ်အစီအမံတွေကို လိုက်နာမှုရှိတဲ့အကြောင်း မြန်မာနိုင်ငံဘက်က မေလ ၂၂ ရက်နေ့မှာ ပထမ အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။

ဒါပေမဲ့ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေတာကြောင့် နှစ်နိုင်ငံလုံးက လျှောက်ထားရမယ့် အချိန်တွေကို တရားရုံးဘက်က သုံးလစီ နောက်ဆုတ်ပေးထားပါတယ်။

ဒါကြောင့် ဂမ်ဘီယာဘက်က အဆိုလွှာတင်သွင်းပြီး ၆ လအကြာ ၂၀၂၁ ခုနှစ် ဧပြီလကျမှ မြန်မာဘက်က Counter-Memorial လို့ ခေါ်တဲ့ ပြန်လည်ချေပလွှာကို တင်ရမှာ ဖြစ်ပါတယ်။

'ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် မြန်မာနိုင်ငံဘက်က ကျူးလွန်ခဲ့မှုတွေကို ကိုင်တွယ်ဆောင်ရွက်နေတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံအားပေးကြဖို့' လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက်မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံအားလုံးကို ကနေဒါနဲ့ နယ်သာလန်နိုင်ငံတို့က ထပ်မံတိုက်တွန်းထားပါတယ်။