နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲ ကျင်းပမယ်

၂၀၁၅ ရွေးကောက်ပွဲ မဲပေးနေသူတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Shwe InnThar

နိုဝင်ဘာလ ၈ ရက်နေ့ကို လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပမယ့် နေ့အဖြစ် သတ်မှတ်လိုက်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းလည်း ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်တွေကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ထုတ်ပြန်ကြေညာခဲ့တဲ့ မဲဆန္ဒနယ်စာရင်းတွေအရ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် နဲ့ ချင်းပြည်နယ်တို့လည်း ပါဝင်တာ တွေ့ရပါတယ်။

လွှတ်တော်အသီးသီး ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်း စတင်တင်သွင်း နိုင်မယ့်ရက် ကိုဇူလိုင်လ ၂၀ ရက်နေ့လို့ သတ်မှတ်ခဲ့ပြီး နောက်ဆုံးရက်ကို သြဂုတ်လ ၇ ရက်နေ့ကို သတ်မှတ်ထားတယ်လို့ လည်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်း ရုပ်သိမ်းလိုပါက သြဂုတ်လ ၁၀ ရက်နေနောက်ဆုံးထား ရုပ်သိမ်းနိုင်တယ်လို့ လည်းဖော်ပြထားပါတယ်။

ကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို သြဂုတ်လ ၁၁ ရက်ကနေ ၁၇ ရက်အတွင်းစိစစ် ဖို့လည်းရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေကိုလည်း နိုဝင်ဘာလအတွင်းမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေဟာ COVID -19 ရောဂါကို ထိန်းချုပ်နိုင်တဲ့အနေအထားမှာရှိနေပြီး ရွေးကောက်ပွဲကျင်းပမယ့် အချိန်ဟာလည်း လအနည်းငယ် လိုသေးတာကြောင့် နိုဝင်ဘာလထဲမှာ ကျင်းပမှာ ဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းတွေအရဆိုရင်တော့ တစ်နိုင်ငံလုံးမှာမဲပေးနိုင်သူ သူစုစုပေါင်းကတော့ ၃၇သန်းခန့်ရှိတယ်လို့ သိရပါတယ်။