ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဗီယက်နမ်ကို ချစ်ကြည်ရေးခရီး သွားမယ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဗီယက်နမ် စစ်ဦးစီးအရာရှိချုပ်ရဲ့ ဖိတ်ကြားချက်အရ ဒီရက်ပိုင်း အတွင်း ဗီယက်နမ်ကို သွားရောက်ဖို့ရှိနေပါတယ်။

တရားဝင်ချစ်ကြည်ရေးခရီးစဉ်သွားရောက်တာဖြစ်ပြီး ဘယ်နှရက်ကြာမယ်ဆိုတာတော့ အသေးစိတ်ပြောလို့ မရသေးဘူးလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

"ခရီးစဉ်အတွင်းမှာ ဗီယက်နမ် အမျိုးသားကာကွယ်ရေးဝန်ကြီး၊ စစ်ဦးစီးအရာရှိချုပ်နဲ့ တွေ့ပါမယ်။ ဗီယက်နမ်အစိုးရခေါင်းဆောင်တွေနဲ့လည်း တွေ့ဖို့ရှိ တယ်လို့တော့ သိထားပါတယ်။ ခရီးစဉ်အသေးစိတ်နေရာတွေတော့ မသိသေးဘူး" လို့ သူက ပြောပါတယ်။

ဗီယက်နမ်တပ်မတော်နဲ့ကတော့ အာဆီယံနိုင်ငံချင်းဖြစ်တဲ့အတွက် ADMM (အကြမ်းဖက်မှုတန်ပြန် နှိမ်နင်း ရေး လက်တွေ့လေ့ကျင့်ခြင်း) စတဲ့ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်တာတွေရှိတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"ADMM တို့၊ နောက် စစ်ဦးစီးချုပ်များအစည်းအဝေးတွေရှိတယ်။ ကာကွယ်ရေးအစည်းအဝေးတွေရှိတယ်။ ကာကွယ်ရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုတွေကတော့ နှစ်စဉ်ရှိပါတယ်။ အာဆီယံအစီအစဉ်နဲ့ လုပ်တာ များပါတယ်" လို့ သူကပြောပါတယ်။

မကြာသေးခင်က တောင်ကိုရီးယားကနေ မြန်မာက ရေတပ်သင်္ဘောဝယ်ချိန် လမ်းခရီးဖြတ်သန်းမှုမှာ ရုရှကနေတစ်ဆင့် ဖြတ်သန်းလာခဲ့သလို ဗီယက်နမ်မှာ ဝင်နားခဲ့တာရှိပြီး အပြန်အလှန် ဆက်သွယ်ဆက်ဆံမှုတွေ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် မြန်မာ့တပ်မတော်ရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ တယ်လီဖုန်းအော်ပရေတာ မိုင်တဲဟာ ဗီယက်နမ်တပ်မတော်ဘက်က ရင်းနှီးမြှုပ်နှံမှု ပါဝင်ထားတဲ့လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ စီးပွားရေးလုပ်ငန်းကိစ္စဆွေးနွေးဖို့ရှိမရှိ မေးမြန်းရာမှာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက

"အဓိက ပူးပေါင်းတာကတော့ ဗီယက်နမ်တပ်မတော်ကလည်း မြန်မာ့တပ်မတော်လိုပဲ တပ်မတော်နဲ့ ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေရှိတယ်။ ဒီဘက်က မိုင်တဲနဲ့ ဟိုဘက်က ဗီယက်နမ်တပ်မတော်ပိုင်တဲ့ ဗီယက်တဲတို့ ပူးပေါင်းဆောင်ရွက်တာရှိတယ်လေ။ အသေးစိတ်တော့ မသိသေးဘူး" လို့ သူက ဆက်ပြော ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဗီယက်နမ်ပြည်သူ့တပ်မတော် စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် ဖန်ဗန်ဂျောင်းဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့ပါ တယ်။

အဲဒီခရီးစဉ်အတွင်း နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရေးခရီးစဉ်တွေအပြန်အလှန်လည်ပတ်ရေး၊ လေ့ကျင့်ရေးနဲ့ ဆေးဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု၊ နည်းပညာ၊ ယဉ်ကျေးမှု၊ အားကစားနဲ့ တခြား နယ်ပယ်တွေမှာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ဖို့၊ မူးယစ်ဆေးဝါး ကာကွယ်တားဆီး ရေးနဲ့ သတင်းအချက်အလက်ဖလှယ်ရေး၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတာတွေကို ဆွေးနွေးခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့မတ်လတုန်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာလည်း ဗီယက်နမ်အမျိုးသား ကာကွယ်ရေးဝန်ကြီးရဲ့ ဖိတ်ကြားချက်နဲ့ ဗီယက်နမ်ကို ချစ်ကြည်ရေးခရီး သွားရောက်ထားပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရဲ့ အခု ဗီယက်နမ်ခရီးစဉ်မစခင်လေးမှာပဲ နေပြည်တော်ကို ဗီယက်နမ် ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု ရောက်ရှိနေပါတယ်။

ဗီယက်နမ်ဝန်ကြီးချုပ်ဟာ ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံမှုတွေမှာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနချင်း ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊ ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး ငါးနှစ်စီမံကိန်းနဲ့ နှစ်နိုင်ငံ ပြည်သူများ ဗီဇာကင်း လွတ်ခွင့် ရက်သုံးဆယ် တိုးမြှင့်တဲ့သဘောတူညီချက် စတာတွေကို လက်မှတ်ရေး ထိုးခဲ့ပါတယ်။

ဗီယက်နမ်ဝန်ကြီးချုပ်ဟာ ဒီအစိုးရလက်ထက် မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တာဖြစ်ပြီး ရန်ကုန်မှာ ဗီယက်နမ်ဘဏ်သစ်ကို တက်ရောက်ဖွင့် လှစ်ခဲ့ပါတယ်။

သုံးရက်ကြာ သူ့ခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့တော့ တွေ့ဖို့မရှိနိုင်ဘူးလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။