ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လန်ဒန်ဂုဏ်ထူးဆောင်ဆု ဒေါ်အောင်ဆန်းစုကြည်ဆီက ပြန်ရုပ်ဖို့ ဆိုင်းငံ့တဲ့အကြောင်းအပါအဝင် မနက်ခင်းသတင်းများ
လန်ဒန်ဂုဏ်ထူးဆောင်ဆု ဒေါ်အောင်ဆန်းစုကြည်ဆီက ပြန်ရုပ်ဖို့ ဆိုင်းငံ့
(၁) လန်ဒန်ဂုဏ်ထူးဆောင်ဆု ဒေါ်အောင်ဆန်းစုကြည်ဆီက ပြန်ရုပ်ဖို့ ဆိုင်းငံ့
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လန်ဒန်မြို့တော်ကော်ပိုရေးရှင်းက ချီးမြှင့်ခဲ့တဲ့ လွတ်လပ်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဆု (Honorary Freedom of The City Award of London) ကို ပြန်ရုပ်သိမ်းဖို့နဲ့ ပတ်သက်လို့ ဆိုင်းငံ့ထားဖို့ မဲခွဲဆုံးဖြတ်လိုက်ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီရေးအတွက် နှစ်ပေါင်းများစွာ အကြမ်းမဖက် တိုက်ပွဲဝင်ခဲ့တာနဲ့ ပြည်သူလူထုအတွက် ငြိမ်းချမ်းပြီး လုံခြုံမှုရှိတဲ့ အသိုက်အဝန်းတစ်ခု ဖန်တီးပေးနိုင်ဖို့ ကြိုးပမ်းချက်တွေကြောင့် ဒီဆုကို ၂၀၁၇ မေလတုန်းက ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
ဆုရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ ဆာ ဒေးဗစ်ဝူတန်က "မြို့တော်ကော်ပိုရေးရှင်းအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ လူသားချင်း ညှဉ်းပန်းနှိပ်စက်မှုတွေ၊ လူနည်းစု ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေနဲ့ ပတ်သက်လို့ ပြစ်တင်ရှုတ်ချလိုက်ပြီး အရပ်သားအစိုးရရဲ့ ရပ်တည်ချက်အပေါ်မှာလည်း စိတ်မကောင်းဖြစ်ရတယ်" လို့ ပြောပါတယ်။
ခုလို ဆုရုပ်ဖို့ ဆိုင်းငံ့ထားတာမျိုးက မြို့တော်ကောင်စီသမိုင်းမှာ ပထမဆုံးကြုံရတာဖြစ်ပြီး ကော်မတီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ဖို့ ၃ ကြိမ်ကြိုးစားခဲ့ပေမယ့် တုံ့ပြန်မှု တစုံတရာ မရှိခဲ့ဘူး လို့လည်း ကော်မတီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Honorary Freedom ဆုဟာ လူပုဂ္ဂိုလ်တဦးချင်းစီကို လန်ဒန်မြို့တော်က ပေးအပ်တဲ့ အဆင့်အမြင့်ဆုံးဆု ဖြစ်ပြီးဝန်ကြီးချုပ်ဟောင်း ဝန်စတန်ချာချီ၊ ဖလော်ရင့်စ်နိုက်တင်ဂေးလ်၊ နယ်လ်ဆင်မင်ဒဲလား၊ ဒတ်စမွန်တူးတူး၊ သိပ္ပံပညာရှင် စတီဖင်ဟော့ကင်း တို့လို့ ကမ္ဘာသိ အထင်ကရ ခေါင်းဆောင်တွေ၊ ထူးချွန်ထက်မြက်သူတွေကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
(၂) သမ္မတထရမ့်ကို တရားစွဲနိုင်ရေး ဒီမိုကရက်တစ်အမတ်တွေ ကြိုးပမ်း
အမေရိကန်အောက်လွှတ်တော်က ဒီမိုကရက်အမတ်တွေဟာ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ကို စုံစမ်းစစ်ဆေးနိုင်တဲ့အထိ လုပ်ပိုင်ခွင့်ကို ချဲ့ထွင်နိုင်ဖို့ မဲပေးဆုံးဖြတ်ခဲ့ကြပါတယ်။
ဒီမိုကရက်အမတ်တွေ လွှမ်းမိုးတဲ့ အောက်လွှတ်တော်တရာစီရင်ရေးကော်မတီက သက်ဆိုင်ရာအထောက်အထားတွေကို လာပြောကြဖို့ အိမ်ဖြူတော်က လောလောဆယ်ဝန်ထမ်းတချို့နဲ့ ဝန်ထမ်းဟောင်းတချို့ကို ဖိတ်ခေါ်ခဲ့ပေမယ့် အဲ့ဒီသူတွေက ငြင်းဆန်နေကြတာမို့ အခုလို အဆင့်ကို လုပ်ခဲ့ကြတာပါ။
ဒါ့အပြင် အမေရိကန် ကွန်ဂရက်မှာ ဥပဒေပြုရေးကိစ္စတွေ ဆွေးနွေးဖို့ နီးကပ်ချိန်မှာ သမ္မတထရမ့်ကို စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုဖို့အတွက် လုံလောက်တဲ့ အချက်ဖြစ်မလား ဆိုတာနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
ကော်မတီ ဥက္ကဋ္ဌ ဂျယ်ရီနတ်ဒလာက "ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရှိနေတဲ့တာဝန်တွေကို ကျေအောင်လုပ်ဖို့ ဆုံးဖြတ်ထားတဲ့အကြောင်း" ပြောပါတယ်။
တရားရေးကော်မတီကတော့ သမ္မတ ထရမ့်ဟာ အခွန်ပေးတာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ မထုတ်ပြန်တာ၊ အပြာမယ်ကို နှုတ်ပိတ်ခပေးတာ၊ သမ္မတပိုင်တဲ့ ဟိုတယ်တွေနဲ့ အိမ်ခြံမြေတွေမှာ အမေရိကန်ပြည်သူတွေရဲ့ အခွန်ငွေတွေကို သုံးစွဲခဲ့တယ်ဆိုတဲ့ အချက်တွေ အပါအဝင် ကိစ္စအတော်တော်များကို စုံစမ်းစစ်ဆေးဖို့ အလိုရှိနေပါတယ်။
ဒါပေမဲ့ သမ္မတကို တကယ်စုံစမ်းစစ်ဆေး ပြစ်တင်ဖို့တော့ နောက်ထပ် မဲပေးထောက်ခံမှုတွေ ရဖို့ လိုအပ်နေပါသေးတယ်။
(၃) ကမ္ဘာသစ်တောပြုန်းတီးမှု စိုးရိမ်ဖွယ် အခြေအနေဆိုက်
ကမ္ဘာပေါ်မှာ တစ်နှစ် တစ်နှစ် သစ်တောပြုန်းတီးတဲ့ ဧရိယာက ဗြိတိန်နိုင်ငံဧရိယာလောက် ရှိတယ်လို့ ကမ္ဘာ့သစ်တောပြုန်းတီးမှုကို စောင့်ကြည်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Climate Focus အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
၂၀၁၄ နဲ့ ၂၀၁၈ ခုနှစ်ကြားကာလမှာ သစ်တောပြုန်းတီးမှုက အဆိုးရွားဆုံးဖြစ်ပြီး လွန်ခဲ့တဲ့ ၅ နှစ်က လုပ်ခဲ့တဲ့ သစ်တောထိန်းသိမ်းကြမယ်ဆိုတဲ့ နိုင်ငံတကာ သဘောတူစာချုပ်ကလည်း မအောင်မြင်ခဲ့ပါဘူး လို့ Climate Focus အဖွဲ့က ပြောပါတယ်။
၂၀၁၄ ကစခဲ့တဲ့ ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးကတော့ ၂၀၂၀ ကျရင် သစ်တောပြုန်းတီးမှုကို ထက်ဝက်လျှော့ချနိုင်ဖို့ သဘောတူထားခဲ့ပြီး ဒါတွေကို ၂၀၃၀ ရပ်တန့်နိုင်ဖို့ ရည်ရွယ်လုပ်ဆောင်ဖို့တွေကို ဆွေးနွေးပြောခဲ့ကြပါတယ်။
တကယ့် လက်တွေ့မှာတော့ သစ်တောတွေ ပြုန်းတီးတဲ့နှုန်းက မြန်ဆန်နေပြီး ၄၄ % အထိ တက်လာနိုင်တယ်လို့ Climate Focus အဖွဲ့က ပြောပါတယ်။
အမေဇုန်သစ်တောမှာ အင်ဒိုနီးရှားနဲ့ တချို့အာဖရိက ဒေသတွေမှာ လောင်ခဲ့တဲ့ တောမီးတွေကြောင့် သစ်တောတွေကို ထိန်းသိမ်းကာကွယ်ဖို့ ပိုပြီးတော့ အရေးကြီးလာပြီလို့လည်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ပညာရှင်တွေကတော့ ရာသီဥတုပြောင်းလဲတာကို ကာကွယ်ဖို့ အကုန်အကျ အသက်သာဆုံးနည်းလမ်းက ရှိနေတဲ့သစ်တောတွေကို ထိန်းသိမ်းကာကွယ်တဲ့ နည်းလမ်းဖြစ်တယ် ဆိုတာကို သဘောတူကြပါတယ်။