ဒုက္ခသည်စခန်းတွေပိတ်ပစ်လို့ ဟိန္ဒူတွေ အခက်ကြုံ

ဟိန္ဒူ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အရေးအခင်းအတွင်း သတ်ဖြတ်ခံခဲ့ရတဲ့ ဟိန္ဒူ ဘာသာ၀င်တွေရဲ့ မိသားစု ဆွေမျိုးတွေ

ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ ဒုက္ခသည်တွေကို နို၀င်ဘာ ၂ ရက်နေ့ကို နောက်ဆုံးထားပြီး မိမိ နေရပ် ဒေသတွေကို ပြန်ရမယ်လို့ ရခိုင်ပြည်နယ် အစိုးရကနေ ညွှန်ကြားချက်ထုတ်လိုက်ပါတယ်။

ဒီညွှန်ကြားချက်ကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်စား ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်လတ်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး နယ်မြေဒေသ တည်ငြိမ် အေးချမ်းလာတဲ့ အတွက် နိုဝင်ဘာ ၂ ရက်နေ့ နောက်ဆုံးထားပြီး ရခိုင်ပြည်နယ် အတွင်းက ဒုက္ခသည် စခန်းတွေကို ပိတ်သိမ်းသွားမှာ ဖြစ်တယ်လို့ ညွှန်ကြားချက်ထဲ ရေးသားဖော်ပြထားပါတယ်။

အခုလို ညွှန်ကြားချက်ထုတ်ပေမယ့် ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နောက်ပိုင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ အတွင်း အစုလိုက် အပြုလိုက် အသတ်ခံခဲ့ရတဲ့ လူနည်းစု ဟိန္ဒူ ဘာသာ၀င် ဒုက္ခသည်တွေ အနေနဲ့ နေရပ်ပြန်ဖို့ အခက်အခဲ ဖြစ်နေကြပါတယ်။

အစိုးရက စခန်းမှာ ရှိတဲ့ ဒုက္ခသည်တွေ အကုန်လုံး ပြန်ရမယ်လို့ ပြောထားပြီး တကယ်လို့များ အဲလို ပြန်ရမယ် ဆိုရင် ဘယ်မှာ သွားနေရမှန်းမသိ ၊ မောင်တော သွားပြီး ဒုက္ခသည် အဖြစ် ဘယ်သူ က လက်ခံ ပေးမလဲ ဆိုတာကိုလည်း စုံစမ်းလျက် ရှိပေမယ့် လက်ရှိမှာ မိမိနေအိမ်တွေကိုလည်း မပြန်ရဲ ၊ နယ်ပိုင်းလဲ မသွားရဲ ဖြစ်နေလို့ နေရပ်ပြန်ဖို့ အခက်အခဲ ဖြစ်နေတာပါလို့ ဟိန္ဒူ လူမျိုး ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးနီမော်က ပြောပါတယ်။

စစ်တွေက ဓညဝတီအားကစားကွင်းမှာ ဟိန္ဒူလူမျိုး ၆၀ဝ ခန့် ရှိနေပြီး သူတို့တွေထဲက အများစုဟာ မောင်တောမြို့နယ်က ပြေးလာကြသူတွေ ဖြစ်ကာ ပြီးခဲ့တဲ့ အရေးအခင်းအတွင်း ဆွေမျိုးမိသားစုတွေ အသတ်ခံခဲ့ရသလို အိမ်တွေလည်း မီးရှို့ခံခဲ့ရတဲ့ အတွက် နေရပ်မပြန်ရဲဘဲ ဖြစ်နေကြတာ ဖြစ်ပါတယ်။

ဘူးသီးတောင်မြို့ပေါ်ဆိုရင်လည်း ရခိုင်အပါအဝင် ဒုက္ခသည် ၃၀ဝ၀ ကျော်ခိုလှုံရာနေရာမှာ အများစုက နေရပ်တွေဆီကို ပြန်သွားကြပေမယ့် ဟိန္ဒူလူမျိုး ၃၀ဝ ခန့်ကတော့ ခုအချိန်ထိ အိမ် မပြန်နိုင်သေးကျန်ရှိနေပါတယ်။

ဟိန္ဒူ ဘာသာဝင်တွေ အနေနဲ့ ပြန်သွားဖို့ တော်တော် ခက်ခဲတဲ့ လက္ခဏာတွေကို ပြောပြကြပြီး ၊ သူတို့မှာ နေရထိုင်ရ အခက်အခဲ ရှိနိုင်တဲ့ အပြင် စိုးရိမ်သောက အရမ်းဖြစ်နေတာ တွေ့ရတယ်လို့ ဒုက္ခသည် ကူညီစောင့်ရှောက်ပေးနေတဲ့ ဘူးသီးတောင် ဒေသခံ ဦးဇော်ဝင်းကပြောပါတယ်။

ဟိန္ဒူလူမျိုး ၁၀ဝ ခန့် အသတ်ခံထားရတာကို နိုင်ငံတော်နဲ့ နိုင်ငံတကာကို ဖွင့်ပြောထားတဲ့ အတွက် တစ်ဖက်မှာ အကြမ်းဖက်သမားတွေက ဟိန္ဒူရွာသားတွေကို လက်စားချေလာနိုင်တဲ့ အတွက် ကြောက်ပြီး မပြန်ရဲတာလို့ ပြောပါတယ်။

အခု မောင်တောနဲ့ ဘူးသီးတောင် လုံခြုံရေး အခြေအနေက တည်ငြိမ်နေပြီလို့ ဆိုနေပေမယ့် သူတို့က တကယ် လက်တွေ့ ကြုံတွေ့ ခံစားခဲ့ရသူတွေ ဖြစ်ပြီး အမှန်တရားကို နိုင်ငံတော်နဲ့ မီဒီယာမှာ ပြောပြထားသူတွေ ဖြစ်တဲ့ အပြင် လူနည်းစု ဖြစ်နေတာကြောင့် နေရပ်ပြန်ဖို့ စိုးရိမ် ကြောက်လန့်နေကြတုန်းဘဲလို့ ဆိုပါတယ်။

ဘူးသီးတောင်မြို့နယ်မှာတော့ စစ်တပ်က ရုပ်သိမ်းသွားပြီ ဖြစ်ပေမယ့် မူဆလင် ကျေးရွာသားတွေကတော့ ဘင်္ဂလားဒေ့ရှ့်ကို ထွက်ပြေးနေကြတုန်း ဖြစ်တဲ့အတွက် ဒီအပေါ်မှာလည်း ဒေသခံ လူတွေကြားထဲမှာ ဝေဖန် သုံးသပ်မှုတွေ မြင့်တက်နေပါတယ်။