အကြမ်းဖက်မှုတွေကို စစ်ခုရုံးတင်ဖို့ ပါကစ္စတန် အတည်ပြု

စာသင်ကျောင်း တိုက်ခိုက် ခံရပြီးနောက်ပိုင်း အကြမ်းဖက်မှုကို ထိန်းချုပ်ဖို့ ပါကစ္စတန် ကြိုးစားလာ

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, စာသင်ကျောင်း တိုက်ခိုက် ခံရပြီးနောက်ပိုင်း အကြမ်းဖက်မှုကို ထိန်းချုပ်ဖို့ ပါကစ္စတန် ကြိုးစားလာ

ပါကစ္စတန် နိုင်ငံမှာ ပြီးခဲ့တဲ့ လက ကျောင်းသားငယ် ၁၃၀ ကျော် အစုလိုက် သတ်ဖြတ် ခံရမှု ဖြစ်ခဲ့ပြီးနောက် နောက်ထပ် အကြမ်းဖက်မှုတွေကို တားဆီးဖို့ ကြိုးစားတဲ့ အနေနဲ့ အကြမ်းဖက် သမား အဖြစ် သံသယ ရှိသူတွေကို စစ်ခုံရုံးတွေ ဖွဲ့ပြီး စစ်ဆေး စီရင်တော့မှာ ဖြစ်ပါတယ်။

ဒီလို စစ်ခုံရုံးတွေ ဖွဲ့ပြီး စစ်ဆေးဖို့ အစီအစဉ်ကို ပါကစ္စတန် အောက်လွှတ်တော်က အခြေခံ ဥပဒေမှာ ပြင်ဆင် ထည့်သွင်းဖို့ အတည်ပြု လိုက်တာ ဖြစ်ပါတယ်။

အကြမ်းဖက်မှု တွေကို အရပ်ဖက် ခုံရုံးတွေမှာ စစ်ဆေးတဲ့ အခါ တရားသူကြီးတွေ၊ အစိုးရ အမှုလိုက် ရှေ့နေတွေနဲ့ သက်သေတွေ အပေါ် ခြိမ်းခြောက်မှုတွေ ရှိနေတဲ့ အတွက် ထိရောက်အောင် မဆောင်ရွက် နိုင်ခဲ့ကြတဲ့ သာဓက ဖြစ်ရပ်တွေကြောင့် အခုလို စစ်ခုံရုံးတွေ ဖွဲ့ပြီး စစ်ဆေးဖို့ ပါကစ္စတန်ရဲ့ နိုင်ငံရေး ပါတီတွေ အားလုံး လိုလိုက သဘောတူ ထောက်ခံ ခဲ့ကြတာပါ။