တရုတ် ဝက်ဘ်ဆိုက် အယ်ဒီတာတွေ ဖမ်းဆီးခံရ

တရုတ်ပြည်မှာ ခြစားမှုတွေကို နယ်ပယ်စုံမှာ ဖမ်းဆီးနေ

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, တရုတ်ပြည်မှာ ခြစားမှုတွေကို နယ်ပယ်စုံမှာ ဖမ်းဆီးနေ

တရုတ်နိုင်ငံမှာ စီးပွားရေး လုပ်ငန်းရှင်တွေ ဆီက ငွေကြေး ရယူတဲ့ မသင်္ကာမှုနဲ့ နာမည်ကြီး စီးပွားရေး သတင်း ဝက်ဘ်ဆိုက်က အရာရှိ ၈ ဦးကို ရဲအဖွဲ့က ဖမ်းဆီးလိုက်ကြောင်း တရုတ် အစိုးရပိုင် ဆင်ဟွာ သတင်းဌာနက ပြောပါတယ်။

တရုတ်တောင်ပိုင်း ကွမ်ကျိုးမြို့မှာ အခြေစိုက်တဲ့ 21st Century financial news ဝက်ဘ်ဆိုက်က ဝန်ထမ်း ၈ ဦးကို ဖမ်းဆီးလိုက်တဲ့ အပြင် ရှန်ဟဲနဲ့ ရှန်ဇန် မြို့မှာ ရှိတဲ့ လူမှု ဆက်သွယ်ရေး ကုမ္ပဏီ ၂ခု လည်း စုံစမ်း စစ်ဆေးမှု ခံနေရပါတယ်။

အဲဒီ ဝက်ဘ်ဆိုက်က သတင်းသမားတွေဟာ လူမှု ဆက်သွယ်ရေး ကုမ္ပဏီက ဝန်ထမ်းတွေ နဲ့ ပူးပေါင်းပြီး အပြုသဘော ဆောင်တဲ့ သတင်းတွေ ရေးစေချင်ရင် သူတို့ သတင်းစာတိုက်ကို ငွေပေးဖို့ ကုမ္ပဏီတွေကို တောင်းဆိုခဲ့ကြောင်း၊ ငွေမပေးတဲ့ ကုမ္ပဏီတွေကိုတော့ မကောင်းကြောင်းတွေ ပုံနှိပ် ဖော်ပြပြီး တိုက်ခိုက်ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ပြောပါတယ်။

အဲဒီ 21st Century စီးပွားရေး သတင်း ဝက်ဘ်ဆိုက်ဟာ 21st Century Business Herald သတင်းစာကို ပိုင်ဆိုင်တဲ့ 21st Century မီဒီယာ အုပ်စုရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။