
သမ္မတ ဒုတိယသက်တမ်းအတွက် အိုဘားမား ကျမ်းသစ္စာ ကျိန်ဆို
အမေရိကန် သမ္မတ အိုဘားမားဟာ သမ္မတ ဒုတိယ သက်တမ်းအတွက် ဝါရှင်တန်မြို့မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စုရဲ့ ၄၄ ဦးမြောက် သမ္မတအဖြစ် မစ္စတာအိုဘားမား ကျမ်းသစ္စာ ကျိန်ဆိုရာမှာ လာရောက် ကြည့်ရှုနေတဲ့ သိန်းနဲ့ ချီတဲ့ အမေရိကန် ပြည်သူတွေက ချီးကျူး သြဘာပေး ခဲ့ကြပါတယ်။
ကျမ်းသစ္စာ ကျိန်ဆိုအပြီး သမ္မတ အိုဘားမားက မိန့်ခွန်းပြောကြားရာမှာ ၁၀ နှစ်ကြာ စစ်ပွဲတွေလည်း ပြီးစပြုနေပြီ၊ စီးပွားရေးလည်း ပြန်နလံထူစပြုနေပြီ ဖြစ်ကြောင်း၊ အမေရိကန် ပြည်ထောင်စု အတွက် အလားအလာတွေဟာ အကန့်အသတ်မရှိကြောင်း ပြောသွားပါတယ်။
မိမိတို့မှာ ကမ္ဘာတဝှမ်းက လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးနိုင်မယ့် အရည်အချင်းတွေ အားလုံးကို ပိုင်ဆိုင်ထားကြောင်းနဲ့ အခုလို အခွင့်အခါ ကောင်းကို မိမိတို့ အတူတကွ အမိအရ ဆုပ်ကိုင်ကြဖို့ သမ္မတ အိုဘားမားက အမေရိကန် ပြည်သူတွေကို တိုက်တွန်း ပြောကြားသွားခဲ့ပါတယ်။
နောက်ပြီး သူရဲ့ သမ္မတ ဒုတိယ သက်တမ်းမှာ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာကိစ္စ၊ လူဝင်မှု ကြီးကြပ်ရေးကို ပြုပြင် ပြောင်းလဲမယ့်ကိစ္စ၊ လက်နက် ထိန်းချုပ်ရေး၊ အမျိုးသမီး အခွင့်အရေး၊ လိင်တူ ဆက်ဆံသူများရဲ့ အခွင့်အရေး စတာတွေကို လုပ်ဆောင်သွားမယ်လို့ သမ္မတ အိုဘားမားက ပြောသွားပါတယ်။












