
အမေရိကန် သမ္မတ အိုဘားမား အောက်မေ့ဖွယ် အခမ်းအနား တက်မယ်
အမေရိကန် သမိုင်းမှာ အဆိုးရွားဆုံး သေနတ်ပစ်ခတ် လူအစုလိုက် အပြုံလိုက် အသတ်ခံရမှု တခု ဖြစ်ခဲ့တဲ့ Connecticut ပြည်နယ်က Newtown မြို့လေးကို သမ္မတ အိုဘားမား ရောက်နေပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့တုန်းက မူလတန်းကျောင်း တခုမှာ သတ်ဖြတ်မှု ဖြစ်ခဲ့လို့ သေဆုံးသွားတဲ့ ကလေး အယောက် ၂ဝနဲ့ လူကြီး ခြောက်ယောက်တို့ရဲ့ ဆွေမျိုး မိသားစုတွေနဲ့ အိုဘားမား တွေ့ဆုံမှာ ဖြစ်ပါတယ်။
သူတာဝန်ယူတဲ့ သမ္မတ သက်တမ်းမှာ အခုလို သေနတ်ပစ်ခတ်သေဆုံးမှုအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲ ဝမ်းနည်းဖွယ် အခမ်းအနား တက်ရတာ ဒါဟာ လေးကြိမ်မြောက် ဖြစ်ပါတယ်။
သေနတ်သမား အဖြစ် တရားဝင် အတည်ပြု ထုတ်ဖော်ပြောကြားခံရတဲ့ အဒမ် လန်ဇာ ဟာ ဒီသတ်ဖြတ်မှု အတွင်း အကြိမ်ပေါင်းရာနဲ့ချီ တရစပ် ပစ်ခတ်ခဲ့ကြောင်း အစောပိုင်းတုန်း ကွန်နက်တီကတ် ရဲက ပြောပါတယ်။
ဒါ့အပြင် သေနတ်သမားရဲ့ ကားထဲမှာ ခြောက်လုံးပြူးနဲ့ မောင်းပြန် ရိုင်ဖယ် သေနတ် တွေကိုလည်း တွေ့ရတယ်လို့ ရဲက ဆိုပါတယ်။












