
ဒီနှစ် စာပေနိုဗဲဆုရှင် တရုတ်နိုင်ငံသား မိုယန်
နှစ်စဉ်ပေးနေကျ စာပေဆိုင်ရာ နိုဗဲ ဆုကြီးကို ဒီကနေ့မှာပဲ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ပေးအပ်ဖို့ရှိနေပါတယ်၊ ဒီနှစ်ဆုရသူဖြစ်တဲ့ တရုတ်က စာရေးဆရာ မိုယန်လဲ စတော့ဟုမ်းမှာ ရောက်နေပါပြီ၊ ဒီနှစ် ဆုကို သူ့ကို ပေးတော့ တော်တော်လေး အသံ မြည်ခဲ့ပါတယ်၊ တရုတ်က အစိုးရနဲ့ နီးစပ်သူ စာရေးဆရာကို နိုဗဲဆုလို ဆုကြီးပေးလို့ပါ၊
မိုယန်ဟာ အစိုးရဖွဲ့ပေးထားတဲ့ တရုတ်စာရေးဆရာ အသင်းရဲ့ ဒုတိယ ဥက္ကဌပါ၊ တခါ သူဟာ ကွန်မြုနစ်ပါတီဝင်လည်း ဖြစ်နေပါတယ်။
သူ ပြီးခဲ့တဲ့ အပတ်ကတည်းက စတော့ဟုမ်းမှာ ရောက်နေပြီး ပွဲတချို့မှာ စကားတွေ ပြောနေခဲ့ပါတယ်။ အဲဒီမှာလည်း သူ့ မှတ်ချက်စကားတွေကို တချို့က ဝေဖန်ခဲ့ပါတယ်၊ ဥပမာ စာပေဆင်ဆာလုပ်မှုနဲ့ ပတ်သက်ရင် သူ က အပြင်းအထန် မဆန့်ကျင်ရုံမက ဆင်ဆာဟာ လိုအပ်လို့လုပ်ရတာဆိုပြီး လေဆိပ်တွေမှာ လုံခြုံရေးအရ စစ်ဆေးရှာဖွေတာနဲ့ တူတယ်လို့ ခိုင်းနှိုင်းပြောခဲ့ပါသေးတယ်။
တရုတ်အစိုးရကတော့ ဒီတကြိမ်မှာ သူ့နိုင်ငံသားတယောက် နိုဗဲဆုရတာကို အကြီးအကျယ်ဂုဏ်ယူ ဝမ်းမြောက်စွာနဲ့ ပြည်တွင်းမှာ ဖော်ထုတ်ချီးကျူးပါတယ်။
ဒါပေမဲ့ တရုတ်မှာ နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ လျုရှောင်ဘိုကို ၂၀၁၀ နှစ်က နိုဗဲ ငြိမ်းချမ်းရေးဆုပေးတုန်းကတော့ အစိုးရက ဒေါသတကြီး ကန့်ကွက်ခဲ့ပါတယ်။ သူ့ကိုလဲ ဆက်ပြီး ချုပ်ထားဆဲပါ။
အကျယ်ချုပ်ကျခံနေရတဲ့ လျုရှောင်ဘိုကို ပြန်လွှတ်ပေးဖို့ နိုဗဲဆုရှင် ၁၃၀ ကျော်က လက်မှတ်ဝိုင်းထိုးပြီး တောင်းဆိုကျတော့လဲ ဒီနှစ်ဆုရှင် မိုယန်က မပါပဲ ရှောင်နေခဲ့ပါတယ်၊ သူ့အဆိုကတော့ အုပ်စုဖွဲ့ပြီး တောင်းဆို ဖိအားပေးတာမျိုးမှာ သူမပါချင်လို့ လွတ်လွတ်လပ်လပ်နေချုင်လို့လို့ ဆိုပါတယ်။ ဒါပေမယ့် သူဟာ တရုတ်အစိုးရနဲ့ကျတော့ လွတ်လွတ်ကင်းကင်းနေလို့လားဆိုပြီး သူ့ကို ဝေဖန်သူတွေတိုးလာခဲ့ပါတယ်။
မိုဟန်က သူ့ကို ဝေဖန်နေသူတွေဟာ တကယ်တော့ တရုတ်နိုင်ငံကို ဆန့်ကျင်ချင်သူတွေသာ ဖြစ်ပြီး သူ ဆုရတာဟာ တဦးချင်းအနေနဲ့ ရတာသာ ဖြစ်ပါတယ်လို့ဆိုပါတယ်။ သူ့ကို ဝေဖန်သူတွေ သူ့စာတွေကို ဖတ်ကြည့်ကြပါဦးလို့လည်း ဆိုပါတယ်။
ဒီအပြောကပဲ သူဟာ တရုတ်နိုင်ငံ တရုတ်အစိုးရ လုပ်သမျှကို လုံးလုံးထောက်ခံနေသူ တယောက်မဟုတ်ဘူးဆိုတာ ပြနေတယ်လို့ ယူချင်လည်း ယူလို့ ရပါတယ်လို့ သူ့ကို ထောက်ခံသူတွေကတော့ ဆိုနေကြပါတယ်။












