
အခွန်တိုးမြှင့်မှု ကိစ္စ အငြင်းထုတ်စရာ
သမ္မတ အိုဘားမား ဒုတိယ သက်တမ်းမှာ အရေးကြီးဆုံး စိန်ခေါ်မှုကြီး ကတော့ နိုင်ငံရဲ့ စီးပွားရေး ကျဆင်းမသွားအောင် အတိုက်အခံ ရီပတ်ဘလစ်ကင်နဲ့ ဘယ်လိုပူးပေါင်း အဖြေရှာမလဲ ဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။
တကယ်လို့ အခု လာမယ့် နှစ်ဆန်းပိုင်းမှာ နဂိုက စီစဉ်ထားတဲ့ အတိုင်း အခွန် တိုးကောက်ပြီး ဘတ်ဂျက်တွေ လျှော့ပစ်မယ် ဆိုရင် အလုပ်လက်မဲ့နှုန်း လာမယ့် နှစ်ကုန်ပိုင်းမှာ ၉ ရာနှုန်း အထိ ပြန်ဖြစ်သွားနိုင်တယ်လို့ သီးခြား လွတ်လပ်တဲ့ ကွန်ဂရက် ဘတ်ဂျက်ရုံးက သတိပေး လိုက်ပါတယ်။
အခွန်နှုန်း တိုးကောက်ရင် ရိုက်ခတ်မှု အများဆုံး ဖြစ်နိုင်ပါတယ်။
ဒီလို ဆောင်ရွက်တာကြောင့် ဝင်ငွေလျော့သွားပြီး ဒီဇင်ဘာလည်း အခု ကောက်နေတဲ့ အခွန်နှုန်းတွေ ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။
ပြီးတော့ အစိုးရ ဘတ်ဂျက်တွေလည်း အတော်များများ အလိုအလျောက် အဖြတ်အတောက် ခံရမှာ ဖြစ်ပါတယ်။
ဖက်ဒရယ် ဘတ်ဂျက်နဲ့ ပတ်သက်လို့ သမ္မတနဲ့ ကွန်ဂရက်က ရီပတ်ဘလစ်ကန် အမတ်တွေကြား ထိပ်တိုက် ဖြစ်ရာကနေ ဒီလို ဆုံးဖြတ်ချက်တခု ထွက်လာခဲ့တာ ဖြစ်ပါတယ်။
ဒီအပြောင်းအလဲတွေရဲ့ ရိုက်ခတ်မှုကြောင့် လာမယ့်နှစ်မှာ အမေရိကန် ဒေါ်လာ ထရီလျံ တဝက်လောက် ထိခိုက်နိုင် ပါတယ်။
ဒါကြောင့် စီးပွားရေး ဆုတ်ယုတ်ဖို့ အတော် ဖြစ်နိုင်ချေ ရှိပါတယ်။
ပါတီကြီး နှစ်ခုလုံးက အမေရိကန်စီးပွားရေးကို ချောက်ထဲ မကျစေချင် ပါဘူး။
နှစ်ဖက် စလုံးက ရေရှည်မှာ အစိုးရက ငွေချေးသုံးစွဲတာ တဖြည်းဖြည်း လျှော့ချဖို့ သဘောတူကြပါတယ်။
ဝင်ငွေ များသူတွေကို အခွန် တိုးကောက်ဖို့ သမ္မတ အိုဘားမားက ပြောပေမယ့် အောက်လွှတ်တော်မှာ အများစု ဖြစ်တဲ့ ရီပတ်ဘလစ်ကန်တွေက သဘောမတူပါဘူး။
ဒီလို ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတဲ့ စီးပွားရေး ပြဿနာကို အိုဘားမားက ဦးစားပေး ဖြေရှင်းရ ပါလိမ့်မယ်။
ဒီအချက်တွေဟာ အမေရိကန် စီးပွားရေး အပေါ် အရေးကြီးတဲ့ အကျိုး သက်ရောက်မှုတွေ ဖြစ်နိုင်တဲ့အတွက် အဲဒီက တဆင့် ကမ္ဘာ့စီးပွားရေး အပေါ် ရိုက်ခတ် လာနိုင်တယ်လို့ ဘီဘီစီ စီးပွားရေး သတင်းထောက် အင်ဒရူး ဝေါ်ကာက ပြောသွားပါတယ်။












