အမေရိကန်က ထိုင်ဝမ်ကို ဘီလျံနဲ့ ချီ လက်နက်ရောင်းလို့ တရုတ်ဒေါသထွက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်နိုင်ငံဟာ ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ ၁.၁ ဘီလျံ ဖိုး လက်နက်ရောင်းချဖို့ သဘောတူခြင်းအားဖြင့် တရုတ်ကို ဒေါသထွက်စေခဲ့ပါတယ်။
အခုလို ရောင်းချဖို့ သဘောတူညီမှုကို ပြန်မရုပ်သိမ်းဘူးဆိုရင် ပြန်လည်တုံ့ပြန်မှုတွေ ရင်ဆိုင်ရမယ်လို့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့က တရုတ်သံရုံးက အမေရိကန်အစိုးရကို သတိပေးခဲ့ပါတယ်။
ဒီလို လက်နက်ရောင်းဖို့ သဘောတူညီမှုဟာ အမေရိကန်နဲ့ တရုတ်ဆက်ဆံရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေတယ်လို့လည်း တရုတ်သံရုံးပြောခွင့်ရ ပုဂ္ဂိုလ် လျူပန်းကျူက ပြောဆိုခဲ့ပါတယ်။
စက်တင်ဘာလ ၂ ရက်နေ့ မှာ ထွက်ပေါ်လာတဲ့ အခုလို သဘောတူညီမှုကို အမေရိကန်ကွန်ဂရက်လွှတ်တော်က မဲခွဲ ဆုံးဖြတ်ရဦးမှာ ဖြစ်ပြီး ကွန်ဂရက်ကတော့ ထိုင်ဝမ်အရေး ကို အားတက်သရော ထောက်ခံတဲ့ အမေရိကန်အမတ်တွေ ရှိနေပါတယ်။
အမေရိကန်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဒီသဘောတူညီမှုဟာ ထိုင်ဝမ်လုံခြုံရေးအတွက် မရှိမဖြစ် လိုအပ်ပြီး တရုတ်ဘက်ကလည်း ထိုင်ဝမ်ကို စစ်ရေး၊ သံတမန်ရေးနဲ့ စီးပွားရေးအရ ဖိအားပေးနေတာတွေ ရပ်ဆိုင်းပြီး အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒီလို ရောင်းချတယ်ဆိုတာဟာ ထိုင်ဝမ်ရဲ့ သူတို့စစ်တပ်ကို ခေတ်မီတိုးတက်အောင် လုပ်ဆောင်မှုတွေအတွက် ပုံမှန်လုပ်နေကျ လုပ်ဆောင်မှုသာ ဖြစ်တယ်လို့ လည်း သူက ပြောပါတယ်။
ဘာလက်နက်တွေ ပါဝင်သလဲ
အခုလို အမေရိကန်က ထိုင်ဝမ်ကို ရောင်းချဖို့ သဘောတူလိုက်တဲ့အထဲမှာ လာရောက်တိုက်ခိုက်မှုတွေကို ပုံဖော် ဖမ်းယူနိုင်မယ့် ရေဒါစနစ်တွေ၊ ရေပြင်ပစ်နဲ့ ဝေဟင်ပစ် ဒုံးကျည်စနစ်တွေ ပါဝင်ပါတယ်။
အခုလို ရောင်းချမယ့် ရေဒါစနစ်ဟာ အမေရိကန်ဒေါ်လာ ၆၅၅ သန်း တန်ကြေးရှိပြီး ဒီသဘောတူညီမှုထဲမှာ ပါဝင်တဲ့ သင်္ဘောတွေ မြုပ်အောင် ပစ်နိုင်တဲ့ Harpoon ဒုံးကျည် အလုံး ၆၀ ဆိုရင် အမေရိကန်ဒေါ်လာ ၃၅၅ သန်း တန်ကြေးရှိပါတယ်။
အမေရိကန် ပန်တဂွန် စစ်ဌာနချုပ်ရဲ့ Defence Security Corporation Agency အရ ဆိုရင်လည်း အမေရိကန်ဟာ မြေပြင်ကနေ ဝေဟင်ပစ်နဲ့ ဝေဟင်က ဝေဟင်ပစ်နိုင်တဲ့ အမေရိကန်ဒေါ်လာ ၈၅.၆ သန်း တန် Sidewinder ဒုံးကျည်လည်း ပါဝင်ပါတယ်။
အမေရိကန်အမတ်တွေရဲ့ အပြောအရကတော့ ထိုင်ဝမ်က မှာယူထားခဲ့တဲ့ လက်နက်အမှာတွေ မပို့ ရသေးတာလည်း ရှိနေပြီး အဲဒီအထဲက Harpoon နဲ့ Stinger ဒုံးကျည်တွေကို ထိုင်ဝမ်အစား ယူကရိန်းကို ပြောင်းပို့လိုက်တာလို့ Defence News က ဆိုပါတယ်။
အမေရိကန်စစ်ဌာနချုပ်ရဲ့ ပြီးခဲ့တဲ့သီတင်းပတ်က ထုတ်ပြန်ချက်အရ ယူကရိန်းကို အမေရိကန်က လက်နက်ထောက်ပံ့ထားမှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၃ ဘီလျံ ကျော်သွားပြီလို့ ဆိုပါတယ်။








