နိုင်ငံတကာအတွက် အရေးပါတဲ့ တရုတ်အိမ်ခြံမြေ အကျပ်အတည်း အခြေအနေနဲ့ အလားအလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နိုင်ငံမှာ အိမ်ခြံမြေ အကျပ်အတည်း ပိုဆိုးလာတဲ့အတွက် တရုတ် ဗဟိုဘဏ်က ငါးနှစ် အထူးငွေချေး အတိုးနှုန်း (Loan Prime Rate – LPR) ကို ၁.၅ ရာခိုင်နှုန်းအထိ စံချိန်တင် လျှော့ချပေးလိုက်ပြီ ဖြစ်ပါတယ်။
တရုတ်ဗဟိုဘဏ်က အခုလို ငါးနှစ် အတိုးနှုန်းကို မူလ ၅.၇ ရာခိုင်နှုန်းကနေ ၄.၂ ရာခိုင်နှုန်း အထိ လျှော့ချပေးလိုက်တဲ့အတွက် နိုင်ငံအနှံ့က ချေးငွေနဲ့ ဝယ်တဲ့အိမ်အတွက် ပြန်ဆပ်နှုန်းတွေ သက်သာသွားမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စီးပွားရေးကျဆင်းမှုနဲ့အတူ အိမ်ခြံမြေ အကျပ်အတည်းဖြစ်နေတာကြောင့် နိုင်ငံတစ်ဝန်းက ဆောက်လုပ်ရေး လုပ်ငန်းတချို့ ရှေ့မဆက်နိုင်ပဲ ဖြစ်နေခဲ့ပါတယ်။
အခုလို ဗဟိုဘဏ်က အတိုးနှုန်းလျှော့ချမှုနဲ့အတူ ဒေသတွင်း အစိုးရတွေကလည်း ဆောက်လုပ်ရေး ရပ်ထားရတဲ့ အိမ်ခြံမြေသစ် ဖော်ဆောင်ရေးသမားတွေကို လုပ်ငန်းတွေ ပြန်စနိုင်အောင် ချေးငွေထုတ်ပေးမှာ ဖြစ်တဲ့အတွက် ချေးငွေနဲ့ အိမ်ဝယ်သူတွေ စိတ်သက်သာရာ ရစေမှာ ဖြစ်တယ်လို့ ING ဘဏ်က တရုတ်နိုင်ငံလုံးဆိုင်ရာ စီးပွားရေးမှူးအိုင်းရစ်စ်ပန်းက ဆိုပါတယ်။
တရုတ်အိမ်ခြံမြေ အကျပ်အတည်း ဘယ်လောက်ဆိုးလာနေခဲ့သလဲ
တရုတ်အိမ်ခြံမြေ ဈေးကွက်ကျဆင်းလာမှုကြောင့် ပြီးခဲ့တဲ့နှစ်မှာ ဒီကဏ္ဍရဲ့ ဈေးကွက်တန်ဖိုးက အမေရိကန်ဒေါ်လာ ဘီလျံ တစ်ထောင်ဖိုးလောက် တန်ဖိုးကျတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။
တရုတ်ပြည်တွင်း အိမ်ဈေးကလည်း ၁၁ လ ဆက်တိုက် ကျဆင်းနေခဲ့တာကို အစိုးရထုတ်ပြန်တဲ့ အချက်အလက်တွေအရ တွေ့ရပြီး ဒါဟာ တရုတ်အစိုးရက ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ပုဂ္ဂလိက အိမ်ခြံမြေဈေးကွက် စတင်ဖော်ဆောင်ပြီးနောက်ပြီး အချိန်အကြာဆုံး အိမ်ဈေးကျဆင်းမှုလည်း ဖြစ်ပါတယ်။
အခုလို ဖြစ်လာတဲ့အခြေအနေမှာ အိမ်ခြံမြေ ဖော်ဆောင်ရေး စီးပွားရေးသမားအတော်များများက သူတို့ ရဲ့ ဘဏ္ဍာရေးအခြေအနေအပေါ် စိုးရိမ်လာကြလို့ ဆောက်လုပ်ရေးတွေ ရပ်ဆိုင်းလာခဲ့ကြပါတယ်။
တစ်ဖက်က ချေးငွေနဲ့ အိမ်ဝယ်သူတွေကလည်း ဆောက်လုပ်ရေးမစရင် သူတို့ရဲ့ ပုံမှန် ပြန်ဆပ်ငွေကို မပေးဘဲ ထားမယ်ဆိုပြီး ပြန်လည် ခြိမ်းခြောက် လာကြပါတယ်။
ချေးငွေနဲ့ အိမ်ဝယ်ထားသူတွေရဲ့ ဒေါသ
ချေးငွေနဲ့ ကြိုတင်အိမ်ဝယ်ထားသူတွေဟာ သူတို့ ဝယ်ထားတဲ့ အိမ်ဆောက်လုပ်ရေးတွေ ရပ်ဆိုင်းသွားလို့ ဆန္ဒပြကြရာမှာ “ဆောက်လုပ်ရေးရပ်ရင် ပြန်ဆပ်ငွေလည်း ရပ်မယ်၊ အိမ်ရမှ ပြန်ဆပ်နိုင်မယ်” ဆိုတဲ့ ကြွေးကြော်သံတွေကို သုံးခဲ့ကြသလို တကယ်လည်း ပြန်ဆပ်ငွေ မပေးပဲ ထားလိုက်တာမျိုး လုပ်လာသူတွေလည်း ရှိလာပါတယ်။
တရုတ်နိုင်ငံ အလယ်ပိုင်း ကျန်ကျူးမြို့ကို ရွှေ့လာတဲ့ ငယ်ရွယ်တဲ့ ဇနီးမောင်နှံ နှစ်ယောက်က ဘီဘီစီကို ပြောရာမှာ သူတို့ ရဲ့ စပေါ်ငွေကို အိမ်ခြံမြေ ဖော်ဆောင်သူက မနှစ်က လက်ခံပြီးနောက်ပိုင်းမှာ စီမံကိန်းက နုတ်ထွက်သွားပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေလည်း ရပ်ကုန်တယ်လို့ ဆိုပါတယ်။
ကျန်ကျူးမြို့မှာပဲ အိမ်ဝယ်ထားတဲ့ အသက် ၃၀ နားနီး အမျိုးသမီးတဦးကလည်း ဘီဘီစီကို ပြောကြားရာမှာ သူလည်း ပုံမှန် ပြန်ဆပ်နေကျငွေကို မပေးတော့ဘဲ နေလိုက်ဖို့ အသင့်ဖြစ်နေပြီ ပြောဆိုခဲ့ပြီး ဆောက်လုပ်ရေးပြန်စမှပဲ ပြန်ပေးမယ်လို့ ဆိုပါတယ်။
Github ဝက်ဆိုဒ်မှာ အိမ်ပိုင်ရှင်တွေ ပြောဆိုကြတာကို လေ့လာချက်အရ တရုတ်နိုင်ငံတစ်ဝန်းက ဆောက်လုပ်ရေး စီမံကိန်းပေါင်း ၃၂၀ လောက်က အိမ်ဝယ်သူတွေက အခုလို မပေးဖို့ ဆုံဖြတ်ကြတယ်လို့ ဆိုပြီး အရေအတွက် ဘယ်လောက်အထိ ရှိမလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အမေရိကန်က S&P Global ratings ရဲ့ ခန့်မှန်းချက်အရ အခုလို ချေးငွေ သပိတ်မှောက်တဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၁၄၅ ဘီလျံ အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး အခြား သုံးသပ်သူတွေကဆိုရင် ဒီထက်လည်း များနိုင်တယ်လို့ ဆိုပါတယ်။
တရုတ် အိမ်ခြံမြေ အကျပ်အတည်းက ဘာ့ကြောင့် အရေးပါသလဲ
ကမ္ဘာ့ ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ သုံးလ စီးပွားရေးတိုးတက်နှုန်းက ပြီးခဲ့တဲ့နှစ် ကာလတူထက် ဝ.၄ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပြီး ဒီနှစ်မှာ တရုတ်စီးပွားရေးတိုးတက်နှုန်း မရှိတဲ့အထိ ဖြစ်နိုင်တယ်လို့ သုံးသပ်တဲ့ ပညာရှင်တွေလည်း ရှိနေပါတယ်။
တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုဟာ ကိုဗစ်ကပ်ရောဂါဘေးနဲ့ တကွ နောက်ဆက်တွဲ စီးပွားရေးအပေါ် ရိုက်ခတ်မှုနဲ့ လတ်တလော ကိုဗစ်သုည မူဝါဒကြောင့် အဆိုးထိခိုက်မှုတွေ ကြုံနေရတာကြောင့်လည်း အခုလို အခြေအနေရောက်နေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ အိမ်ခြံမြေ ဈေးကွက်တစ်ခုလုံးဟာ တရုတ်စီးပွားရေးတွန်းအားရဲ့ သုံးပုံတစ်ပုံ ရှိတဲ့အထိ ကြီးမားပါတယ်။
အိမ်ခြံမြေ ဈေးကွက် ဆိုတဲ့နေရာမှာ အိမ်ဝယ်၊ အိမ်ငှားနဲ့ ကြားခံ ဝန်ဆောင်မှု လုပ်ငန်းတွေကစလို့ အိမ်အသစ်တွေမှာ ထည့်ရတဲ့ ရေခဲသေတ္တာ၊ အဝတ်လျှော်စက် အစရှိတဲ့ လျှပ်စစ်ပစ္စည်းဈေးကွက် အပါအဝင် ဆောက်လုပ်ရေးပစ္စည်း ဈေးကွက်လည်း အိမ်ခြံမြေ ဈေးကွက်ထဲမှာ အကျုံးဝင်နေပါတယ်။
တရုတ်နိုင်ငံရဲ့ မြို့ ပြပုံစံပြောင်းရေး လုပ်ငန်းစဉ်အတူ လူဦးရေအလိုက် ပြောင်းလဲမှုနဲ့ လူဦးရေးတိုးတက်နှုန်းလည်း နည်းလာရာမှာ အိမ်ဝယ်လိုအား တက်မနေတော့တဲ့ ပြဿနာလည်း ရှိနေပါတယ်။
အခုလို တရုတ်စီးပွားရေးရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းကြီးတစ်ခု အကျပ်ဆိုက်နေတာ ဖြစ်တဲ့အတွက် ကမ္ဘာ့ဘဏ္ဍာရေးစနစ်ကိုပါ ထိခိုက်စေတာကြောင့် တရုတ် အိမ်ခြံမြေ အကျပ်အတည်းက နိုင်ငံတကာအတွက် အရေးပါတာ ဖြစ်ပါတယ်။
နိုင်ငံတကာကို ကူးစက်စေတဲ့ ပုံစံကတော့ ဒီကဏ္ဍရဲ့ အကြွေးတင်၊ အရှုံးပေါ်မှုတွေက ပြန်ဆယ်လို့ မရတော့ဘူးလို့ ဘဏ်တွေက ယူဆပြီး ချေးငွေထုတ်မပေးတော့ရာကနေ ပိုပို ဆိုးသွားတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။
တရုတ်ပြည်တွင်းက အိမ်ခြံမြေ ကုမ္ပဏီကြီး အခု ၃၀ ခန့်မှာ အခုကတည်းက နိုင်ငံခြားက ချေးငွေ ပုံမှန် ပြန်မဆပ်နိုင်တဲ့ ပြဿနာ ရှိနေပြီ ဖြစ်ပါတယ်။
အဲဒီအထဲမှာ Evergrande ကုမ္ပဏီက ပြီးခဲ့တဲ့နှစ်မှာ အမေရိကန်ဒေါ်လာ ဘီလျံ ၃၀ဝ ဖိုးလောက် အကြွေးပြန်မဆပ်နိုင်ကြောင်း ကြေညာမှုက လူသိအများဆုံးဖြစ်ခဲ့ပြီး တရုတ်အိမ်ခြံမြေဈေးကွက် အခြေအနေ မတိုးတက်ဘဲ ဖြစ်နေရင် ဒီလိုဖြစ်သွားတဲ့ ကုမ္ပဏီတွေ များလာနိုင်တယ်လို့ S&P က ခန့်မှန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်အိမ်ခြံမြေဈေးကွက်က ဘာ့ကြောင့် အခုလိုအခြေအနေရောက်ခဲ့သလဲ
တရုတ်နိုင်ငံမှာ အိမ်ခြံမြေဈေးကွက်ဟာ တစ်ကိုယ်ရေ ပိုင်ဆိုင်မှု စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းအထိ ရှိနေပြီး ချေးငွေနဲ့ အိမ်ဝယ်သူ အများစုက ဆောက်လုပ်မပြီးစီးခင်ကတည်းက ကြိုတင် စာချုပ်ဝယ်ယူထားလေ့ ရှိပါတယ်။
တရုတ်ပြည်တွင်း အိမ်သစ်ရောင်းချမှုတွေထဲမှာ ၇၀ ကနေ ၈၀ ရာခိုင်နှုန်းလောက်အထိက အခုလို ကြိုတင်ရောင်းချတာတွေ ဖြစ်ပြီး အိမ်ခြံမြေဖော်ဆောင်သူတွေက ဒီက ဝင်ငွေကို အသုံးပြုပြီး ဆောက်လုပ်ရေးစီမံကိန်းတွေကို တစ်ပြိုင်တည်း ဖော်ဆောင်ကြတာ ဖြစ်တယ်လို့ ဂျူလီယံ အဲဗန်ပရစ်ချာ့တ်က ဆိုပါတယ်။
Capital Economics က ဝါရင့် တရုတ်ရေးရာ စီးပွားရေး ပညာရှင်ဖြစ်တဲ့ မစ္စတာ အဲဗန်ပရစ်ချာ့တ်က ဆက်ပြောရာမှာ လက်ရှိ တရုတ် လူငယ် လူလတ်တန်းစားတွေဟာ နိုင်ငံစီးပွားရေး အားနည်းလာတာ၊ လုပ်ခ လျှော့ချခံရတာနဲ့ အလုပ်ထုတ်ခံရတာတွေ ရှိလာတဲ့ အခြေအနေမှာ အိမ်ခြံမြေအပေါ်မှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ကြတော့တာက အိမ်ခြံမြေဖော်ဆောင်သူတွေအတွက် ပြဿနာဖြစ်လာတယ်လို့ ဆိုပါတယ်။
အခုလို အနေအထားမှာ ဝယ်သူအသစ်ကို မျှော်ရတဲ့ အိမ်ခြံမြေဖော်ဆောင်သူတွေဟာ ဆောက်လက်စ စီမံကိန်းတွေ ပြီးအောင် မဆောက်နိုင်တော့ပဲဖြစ်လာပြီး အခုလို ရပ်ထားရတဲ့ စီမံကိန်းတွေနဲ့ နွယ်နေတဲ့ ချေးငွေတန်ဖိုးက အမေရိကန်ဒေါ်လာ ၂၂၀ ဘီလျံဖိုး ရှိမယ်လို့ ANZ ဘဏ်လုပ်ငန်းက ဆိုပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ တရုတ်အစိုးရက အိမ်ခြံမြေဖော်ဆောင်သူတွေ တင်လို့ရတဲ့ အကြွေးပမာဏ ကန့်သတ်တဲ့ စည်းကမ်းတွေ ထုတ်ပြန်မှုကြောင့်လည်း ဒီစီးပွားရေးသမားတွေ ချေးငွေထပ်ယူပြီး အသက်ဆက်ဖို့ ခက်သွားခဲ့ပါတယ်။
တရုတ်အစိုးရက ဘယ်လိုဖြေရှင်းဖို့ ကြိုးစားနေသလဲ
တရုတ်အိမ်ခြံမြေပြဿနာကို ဖြေရှင်းဖို့ ကြိုးစားရာမှာ တရုတ်အစိုးရက ဒေသတွင်း အစိုးရတွေကတစ်ဆင့် စီမံခန့် ခွဲနေတာကို တွေ့ရပါတယ်။
ဒေသတွင်းအစိုးရတွေဟာ အိမ်ဝယ်သူတွေကို စပေါ်ငွေသတ်မှတ်ချက် လျှော့ပေးတာ၊ အခွန်လျှော့ပေးတာနဲ့ တကွ ငွေသား စိုက်ထုတ်ပေးတာတွေအထိ လုပ်ပေးနေပြီး အိမ်ခြံမြေဖော်ဆောင်ရေးသမားတွေကိုလည်း သက်သာခွင့် ရန်ပုံငွေတွေ ထုတ်ပေးနေတာကို တွေ့ရပါတယ်။
Standard Chartered က တရုတ်ပြည်လုံးကျွတ် စီးပွားရေး သုတေသန ခေါင်းဆောင် တိန့် ရွှမ် ကတော့ အခုလို ဒေသတွင်း အစိုးရကတစ်ဆင့် သွားတဲ့ အခြေခံကြောင့် အိမ်ခြံမြေဖော်ဆောင်ရေးသမားတွေ မြေအဝယ်နည်းသွားနိုင်တဲ့ ပြဿနာရှိနေတဲ့အတွက် ဗဟိုအစိုးရနဲ့ စည်းကြပ်မှုအပိုင်းက တိုက်ရိုက်ကိုင်ဖို့ လိုတယ်လို့ ဆိုပါတယ်။
The Financial Times က လတ်တလော သတင်းဖော်ပြချက်အရကတော့ တရုတ်အစိုးရဟာ အိမ်ခြံမြေဖော်ဆောင်ရေးသမားတွေကို အမေရိကန်ဒေါ်လာ ၁၄၈ ဘီလျံဖိုး ချေးငွေပေးထားသလို Bloomberg အရ ဆိုရင်လည်း ချေးငွေနဲ့ အိမ်ဝယ်ထားသူတွေရဲ့ အကြွေးဆပ်နိုင်စွမ်း အညွှန်းကိန်း credit score မထိခိုက်စေပဲ ပုံမှန်ပြန်ဆပ်ငွေ ခေတ္တ လျှော့ချ ရပ်ဆိုင်းခွင့်တွေ တရုတ်အစိုးရက ပေးနေပါတယ်။
Oxford Economics ကတော့ အခုလို အိမ်ခြံမြေဈေးကွက်မှာ အစိုးရက ပါဝင်စီမံတာဟာ ရေတို တိုးတက်မှု ဖြစ်စေနိုင်တယ် ဆိုပေမယ့် အရှုံးပေါ်နေတဲ့ အိမ်ခြံမြေလုပ်ငန်းကို ဆက်လက် ကျားကန်ပေးနေရရင် တရုတ်စီးပွားရေး ရေရှည်တိုးတက်မှုအတွက် မကောင်းဘူးလို့ မှတ်ချက်ပေးထားပါတယ်။
အခုလို ဖြစ်နေတဲ့ တရုတ်အိမ်ခြံမြေပြဿနာဟာ ဒီနှစ်နှောင်းပိုင်း တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်မှာ သမိုင်းဝင် တတိယအကြိမ် အရွေးခံရဖို့ ပြင်ဆင်နေတဲ့ လက်ရှိသမ္မတ ရှီကျင့်ဖျင်အတွက် စိန်ခေါ်မှုတရပ် ဖြစ်လာမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ် အိမ်ခြံမြေအကျပ်အတည်း ရှေ့ရေး ဘယ်လိုရှိမလဲ
စီးပွားရေး သုတေသီတွေရဲ့ အဆိုအရ လက်ရှိ တရုတ်အစိုးရက အိမ်ခြံမြေဖော်ဆောင်သူတွေကို ထုတ်ချေးမယ့် အမေရိကန် ဒေါ်လာ ၁၄၈ ဘီလျံ ဆိုတာနဲ့ မလုံလောက်နိုင်ဘူးလို့ ဆိုပါတယ်။
Capital Economics ရဲ့ ခန့် မှန်းချက်အရ ဆိုရင် တရုတ်ပြည်တွင်း ရပ်ဆိုင်းထားရတဲ့ ဆောက်လုပ်ရေး စီမံကိန်းတွေ အဆုံးသတ် တည်ဆောက်နိုင်ရေး အတွက်ကိုပဲ အမေရိကန်ဒေါ်လာ ၄၄၄ ဘီလျံ လိုအပ်မယ်လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း ဒေသတွင်းက အထူးသဖြင့် အသေးစားဘဏ်လုပ်ငန်းတွေက ချေးငွေနဲ့ အိမ်ဝယ်သူတွေရဲ့ ပုံမှန်ပြန်ဆပ်ငွေ သပိတ်မှောက်မှုက ကြာကြာ တောင့်ခံနိုင်မလား ဆိုတာကလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
ဒါ့အပြင် ဆောက်လုပ်ရေး စီမံကိန်းတွေ ပြန်စဖြစ်တယ် ဆိုရင်တောင်မှ ပြီးသွားတဲ့အချိန်မှာ အိမ်အရောင်းအဝယ်က ပြန်တက်လာမယ်လို့ မျှော်မှန်းလို့ မရတဲ့အတွက် အိမ်ခြံမြေဖော်ဆောင်သူ စီးပွားရေးသမား အတော်များများ ဆက်လက် မရပ်တည်နိုင်လောက်ဘူး ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။
တရုတ်အိမ်ခြံမြေ သတင်းအချက် ကော်ပိုရေးရှင်းရဲ့ ထုတ်ပြန်ချက်အရ ဆိုရင် တရုတ်နိုင်ငံရဲ့ ထိပ်တန်း အိမ်ခြံမြေဖော်ဆောင်ရေး ကုမ္ပဏီ အခု ၁၀ဝ ရဲ့ လက်ရှိ ၂၀၂၂ ခုနှစ် ဇူလိုင်လ အိမ်ရောင်းရနှုန်းဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လနဲ့ ယှဉ်ရင် ၃၉.၇ ရာခိုင်နှုန်းအထိ ကျဆင်းနေတာကို တွေ့ရပါတယ်။
အခုလို ဖြစ်ပေါ်နေတဲ့ တရုတ်အိမ်ခြံမြေ အကျပ်အတည်းဟာ တရုတ်စီးပွားရေးတစ်ရပ်လုံး အပြောင်းအလဲဖြစ်မယ့် လမ်းဆုံလမ်းခွ ရောက်နေကြောင်း ဖော်ညွှန်းနေတဲ့ ပြယုဂ်တစ်ခု ဖြစ်နေပါတယ်။
တရုတ်စီးပွားရေးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် သုံးခုအတွင်းမှာ အိမ်ခြံမြေဈေးကွက်၊ နိုင်ငံလည်ပတ်ရေး အခြေခံ အဆောက်အအုံ တည်ဆောက်ရေးနဲ့ ပြည်ပပို့ကုန်ကဏ္ဍ အပေါ်မှာ အလွန်အားထားလာခဲ့ရာကနေ စီးပွားရေး တိုးတက်မှု အရင်းအမြစ်သစ် ရှာဖို့ ကြိုစားမှုက စိန်ခေါ်မှုတွေနဲ့ ကြုံရမှာ ဖြစ်တယ်လို့ မစ္စတာ အဲဗန်ပရစ်ချာ့တ်က ဆိုပါတယ်။
တရုတ်နိုင်ငံမှာ အလွန် အလျင်အမြန် စီးပွားရေး တိုးတက်နေတယ် ဆိုတဲ့ ခေတ်က ခေတ်ကုန်သလောက် ဖြစ်သွားပြီလို့ ဆိုနိုင်ပြီး အိမ်ခြံမြေကဏ္ဍကတော့ လက်ရှိမှာ ဒီလို ခေတ်ကုန်သွားကြောင်း အသိသာဆုံး ကဏ္ဍဖြစ်သွားပြီလို့ မစ္စတာ အဲဗန်ပရစ်ချာ့တ်က မှတ်ချက်ပေးခဲ့ပါတယ်။












