တရုတ်ရင်းနှီးမြှုပ်နှံမှုတွေရဲ့ ဥရောပ နောက်ဆက်တွဲဖြစ်ရပ်တွေ

ဥရောပနိုင်ငံတချို့ မှာ တရုတ်က အမေရိကန်ဒေါ်လာ ဘီလျံနဲ့ ချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်နေတဲ့အတွက် ဒါတွေကို ပြန်မဆပ်နိုင်ခဲ့ရင် တရုတ်ရဲ့ လွှမ်မိုးမှု အကြွေးထောင်ချောက် သဘောမျိုး ဖြစ်လာမှာကို စိုးရိမ်ကြတဲ့ ဝေဖန်သူတွေလည်း ရှိလာခဲ့ပါတယ်။
တရုတ်အနေနဲ့ကတော့ သူတို့ဟာ ယုံကြည်စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံဖက် ဖြစ်တယ်လို့ ပြောဆိုနေပေမယ့် အလုပ်သမားတွေကို ခေါင်းပုံဖြတ်မှုနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု စတဲ့ စွပ်စွဲချက်တွေလည်း ကြုံနေရပါတယ်။
ဂရိက ပရီးယပ်စ် ဆိပ်ကမ်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်
တရုတ်နိုင်ငံဟာ ဂရိနိုင်ငံက ဆိပ်ကမ်းမြို့တခုဖြစ်တဲ့ ပရီးယပ်စ်မှာ ကုန်သေတ္တာတွေ အမြောက်အများ အတင်အချ လုပ်နိုင်တဲ့ ဆိပ်ကမ်းကြီးတခုကို ရင်းနှီးမြှုပ်နှံ ကြီးကြပ်နေရာမှာ အလုပ်သမား ဘေးအန္တရာယ်ကင်းဖို့ အစီအမံတွေ လုံလောက်မှု မရှိဘူးလို့ ဝေဖန်ခံနေရပါတယ်။
တရုတ်အစိုးရ ကုမ္ပဏီ ကော့စကိုက သုံးပုံ နှစ်ပုံ ပိုင်ဆိုင်တဲ့ အဲဒီ ဆိပ်ကမ်းမှာ မနှစ်က ကွန်တိန်နာပိလို့ အလုပ်သမားတဦးသေဆုံးခဲ့ရပြီး ဒီလိုဖြစ်ရတာဟာ အလုပ်အပြင်းအထန် လုပ်ရမှုနဲ့အတူ ဘေးအန္တရာယ်ကင်းဖို့ အစီအမံတွေ မလုံလောက်လို့ ဖြစ်တယ်လို့ ဆိပ်ကမ်းအလုပ်သမား သမဂ္ဂ ဥက္ကဌ မားကို့စ် ဘက်ကရစ်စ်က ပြောပါတယ်။
ဒါ့အပြင် အဲဒီ ဆိပ်ကမ်းမှာ အလုပ်သမားလျှော့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း အလုပ်သမားတွေ သပိတ်မှောက်ခဲ့ကြသေးတယ်လို့ ဆိုပါတယ်။
ကော့စကို ကုမ္ပဏီက ဒီဆိပ်ကမ်းကို ခန့်ခွဲနေရာမှာ အလုပ်သမားတွေကို လခအားဖြင့်ရော၊ ထားရှိတဲ့ အနေအထားအရပါ ခေါင်းပုံဖြတ်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း တွေ့ရပါတယ်။
ဘီဘီစီ အနေနဲ့ အခုလို လုပ်ငန်းခွင်မှာ သေဆုံးခဲ့ရသူ ဒီမီထရီ ဒက်ဂလစ်စ်ရဲ့ အခြေအနေနဲ့တကွ၊ ပရီးယပ်စ် ဆိပ်ကမ်း ဝန်ထမ်းအင်အားနဲ့ ဆိပ်ကမ်း တိုးချဲ့ မှုကြောင့် ကြုံရနိုင်တဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု စိုးရိမ်ချက်တွေကို ကော့စကို ကုမ္ပဏီကို မေးခွန်းထုတ်ခဲ့ပေမယ့် အင်တာဗျူးမပေးနိုင်ဘူးလို့ တုံ့ ပြန်ခဲ့တဲ့အပြင် နောက်ထပ်လည်း ဘာမှ လုပ်မပေးနိုင်ဘူးလို့ ပြန်ကြားချက် ရရှိခဲ့ပါတယ်။
ဒီဆိပ်ကမ်း အလုပ်သမားသမဂ္ဂ ခေါင်းဆောင် ဖြစ်သူ ဘက်ကရစ်စ်ကတော့ အခုလို အလုပ်သမား အခွင့်အရေးတွေ ဆုံးရှုံးရတာဟာ တရုတ်ကြောင့်ဆိုတာထက် စီးပွားပျက်ကပ်အလွန် အရင်းရှင်စနစ်အရ ဘယ်နိုင်ငံခြား ကုမ္ပဏီကပဲ ဖြစ်ဖြစ် အလုပ်သမားအရေး နောက်ထားပြီး အမြတ်အများဆုံးရအောင် လုပ်မှာပဲ လို့ ဆိုပါတယ်။
အဲဒီ ပရီးယပ်စ်ဆိပ်ကမ်းတဝိုက်က ဒေသခံတွေကတော့ ဆိပ်ကမ်း တိုးချဲ့မှုကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုနဲ့ ပတ်သက်လို့ ကုမ္ပဏီကို တရားစွဲထားပြီး အစစ်ဆေးမရှိဘဲ ပင်လယ်ကြမ်းပြင် ရှင်းလင်းမှု၊ ရေပြင် အဆိပ်သင့်စေမှုနဲ့ ရေကြောင်းနဲ့ ကုန်းကြောင်း အသွားအလာ ထူထပ်လို့ ဖြစ်လာတဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်ပြီးတော့လည်း စိုးရိမ်ချက်တွေ ရှိနေပါတယ်။
ဂရိနိုင်ငံခြားရေးဝန်ကြီး နိကို့စ် ဒန်ဒီးယပ်စ် ကတော့ တရုတ်ရဲ့ ပရီးယပ်စ် ဆိပ်ကမ်း ရင်းနှီးမြှုပ်နှံမှုမှာ နှစ်ဖက်လုံး အကျိုးရှိပြီး ဒီဆိပ်ကမ်းကို ဂရိက ရောင်းရတော့မယ့် အချိန်မှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းသူက တရုတ်တနိုင်ငံပဲ ရှိတယ်လို့ ဘီဘီစီကို ပြောပါတယ်။
ဂရိအစိုးရအနေနဲ့ နောက်ထပ် ကြီးကြီးမားမား စီမံကိန်းကြီးတွေ ထပ်ပြီး တရုတ်နဲ့ လက်မှတ်ထိုးဖို့တော့ အစီအစဉ် မရှိသေးဘဲ ပေါ်လာတဲ့ အခွင့်အလမ်း အခြေအနေ တရပ်စီအပေါ် မူတည်ပြီး သီးခြား စဉ်းစားမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ဆားဘီးယားမှာ တရုတ်ရင်းနှီးမြှုပ်နှံမှု အခြေအနေ

ဆားဘီးယားနိုင်ငံမှာလည်း တရုတ်က အမေရိကန်ဒေါ်လာ ဘီလျံနဲ့ ချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေရာမှာ ဘောမြို့ မှာ ကြေးနီသတ္တုတွင်း စီမံကိန်းလည်း တခု အပါအဝင် ဖြစ်ပါတယ်။
အဲဒီ သတ္တုတွင်း လုပ်ငန်းခွင်မှာဆိုရင် တရုတ်ပြည်နယ်တခု ရောက်သွားသယောင် ထင်ရအောင် တရုတ်စကားနဲ့ လုပ်ငန်းခွင် အမိန့်ပေးသံတွေကို ကြားရမှာဖြစ်သလို ကြီးကြပ်ရေးရုံးတွေ ဆောက်လုပ်ထားပုံကအစ အာရှဆန်နေတာကို တွေ့ရမှာဖြစ်ပါတယ်။
ကြေးနီ လုပ်ငန်းခွင် ဆိုတာနဲ့အညီ နီးစပ်ရာ သဘာဝရေကန်နဲ့ ရေလှောင်ကန်တွေမှာ ကြေးနီရောင် ချင်းချင်းနီနေတာကို တွေ့ရမှာဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီရဲ့ အနီရောင် အမှတ်အသား ထားခဲ့မှုဖြစ်တယ်လို့လည်း ပြောစမှတ်တွင်ရပါတယ်။
ဆားဘီးယားနိုင်ငံဆိုတာကလည်း ဥရောပတနိုင်ငံ ဖြစ်ပေမယ့် အီးယူထဲမှာ မပါဝင်တဲ့ နိုင်ငံဖြစ်တဲ့အတွက် အလုပ်သမား အခွင့်အရေးက အီးယူနိုင်ငံတွေထက် လျော့နည်းတယ်လို့ ဆိုနိုင်ပါတယ်။
ဆားဘီးယား လုပ်ငန်းခွင်မှာ အလုပ်သမားတွေအပေါ် တရုတ်ကုမ္ပဏီတွေက မမျှတစွာ ပြုမူပုံတွေကို လင်လောင်း တာယာ စက်ရုံမှာ လုပ်ကိုင်တဲ့ အသက် ၃၅ နှစ်အရွယ် ဗီယက်နမ် အလုပ်သမားတဦးကတဆင့် ဘီဘီစီက စုံစမ်းသိရှိခဲ့ပါတယ်။
အမည်ရင်း မဖော်လိုတဲ့ အဲဒီအလုပ်သမားရဲ့ အပြောအရ သူဟာ ဆားဘီးယားက ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ လာခဲ့ရာမှာ အလုပ်အလွန်အကျွန် လုပ်ရတာနဲ့ နောက်ပိုင်း ရိက္ခာဖြတ်ခံရတာတွေ ရှိနေပြီး တရုတ်အလုပ်သမားတွေထက် လခလည်း လျှော့ပေးထားတယ်လို့ ဆိုပါတယ်။
သူနဲ့အတူ လုပ်ကိုင်နေတဲ့ ဗီယက်နမ် အလုပ်သမား ၄၀ဝ လောက် ရှိရာမှာ အလုပ်သမား ၂၀ ကနေ ၃၀ လောက်အထိကို ကွန်တိန်နာထဲမှာ နေရတယ်လို့လည်း သူက ပြောပါတယ်။
အလုပ်သမားတွေရဲ့ စာချုပ်တွေကို ကြည့်တဲ့အခါမှာလည်း သေဒဏ်ရှိတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေက နိုင်ငံခြားအလုပ်သမားစာချုပ်တွေကို ကူးထားပုံရပြီး ပြင်းထန်တဲ့ အပြစ်ဒဏ်တွေ ပါဝင်နေတာကို တွေ့ရပါတယ်။
ဆားဘီးယားနိုင်ငံက အစိုးရမဟုတ်တဲ့ လူမှုအဖွဲ့အစည်းတွေကလည်း သူတို့ အဲဒီ လင်လောင်း တာယာ စက်ရုံ လုပ်သားတွေအကြောင်း စုံစမ်းသိရှိရသလောက် ဆိုရင် လူကုန်ကူးတာနဲ့ လုပ်အားခေါင်းပုံဖြတ်တဲ့ ပုံစံတွေကို ထင်ထင်ရှားရှား တွေ့ရတယ်လို့ ဆိုပါတယ်။
အဲဒီ လင်လောင်း စက်ရုံကတော့ သူတို့အပေါ် အခုလို အသီးသီး စွပ်စွဲချက်တွေကို တုံ့ ပြန်ခြင်း မရှိခဲ့ပါဘူး။
မွန်တီနီဂရိုးနိုင်ငံမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု
ဆားဘီးယားလိုပဲ အီးယူအဖွဲ့ဝင် နိုင်ငံမဟုတ်သေးတဲ့ မွန်တီနီဂရိုးနိုင်ငံမှာလည်း တရုတ်က အမေရိကန်ဒေါ်လာ ဘီလျံနဲ့ ချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားပါတယ်။
အေဒရီယက်တစ် ပင်လယ်ဝက ဘားမြို့နဲ့ မြောက်ဘက်က ဆားဘီးယားနယ်စပ်အထိ သွယ်တန်းဖို့ ရည်ရွယ်တဲ့ မွန်တီနီဂရိုးရဲ့ တခုတည်းသော အဝေးပြေး ကားလမ်းမကြီး ဆောက်လုပ်ရေး စီမံကိန်းမှာ တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ တဘီလျံအထိ ရင်းနှီးမြှုပ်နှံ ထားတာ ဖြစ်ပါတယ်။
ဥရောပက လေ့လာသူ အဖွဲ့တွေက ဒီလမ်းဖောက်လုပ်မှုဟာ မြေပြင် အနေအထားအရ အလွန်ရှုပ်ထွေးပြီး အကုန်အကျလည်း အလွန်များလိမ့်မယ်လို့ အစီအရင်ခံစာ ထုတ်ထားတာနဲ့အတူ အမှန်တကယ်လည်း ၂၅ မိုင်သာ ပြီးစီးသေးပြီး လျာထားချိန်ထက်လည်း ၂ နှစ်နောက်ကျ နေပြီ ဖြစ်ပါတယ်။
ဒီစီမံကိန်းအတွင်းမှာ အကျင့်ပျက်ခြစားမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေပြီး မွန်တီနီဂရိုးနိုင်ငံက တရုတ်ကို အကြွေးမဆပ်နိုင်ဘူးဆိုရင် သူတို့ရဲ့ ဘားမြို့ ဆိပ်ကမ်းကို တရုတ်လက်အပ်ရနိုင်တဲ့ အခြေအနေလည်း ရှိနေပါတယ်။
ခရိုအေးရှားနိုင်ငံက စီမံကိန်းတွေမှာ တရုတ်ပါဝင်မှု

တရုတ်နိုင်ငံရဲ့ ဥရောပနိုင်ငံတွေမှာ လာလုပ်တဲ့ စီမံကိန်းတွေမှာ အခုလို ဝေဖန်ခံရတာတွေရှိနေပေမယ့် ကမ္ဘာ့ အရှေ့နဲ့ အနောက် ဟန်ချက်ညီညီ ပူပေါင်းဆောင်ရွက် အောင်မြင်နေမှုကိုတော့ ခရိုအေးရှားနိုင်ငံမှာ တွေ့ရပါတယ်။
ခရိုအေးရှားနိုင်ငံမှာ အေဒရီယက်တစ် ပင်လယ်ကိုဖြတ်တဲ့ ပဲလ်ရေးရှာ့ တံတားကို တရုတ်ကုမ္ပဏီတခုက တရုတ်အလုပ်သမားတွေနဲ့အတူ အပူတပြင်း ဆောက်လုပ်နေကြပြီး မတည်ငွေ အများစုကတော့ တရုတ်ဆီကမဟုတ်ဘဲ ဥရောပသမဂ္ဂ အီးယူက ဖြစ်ပါတယ်။
အခုလို အမေရိကန်ဒေါ်လာ ဘီလျံဝက်လောက် တန်ကြေးရှိမယ့် တံတားဆောက်လုပ်ရေးကို တရုတ်ရဲ့ လမ်းတံတား ဆောက်လုပ်ရေး ကုမ္ပဏီက တင်ဒါအောင်ခဲ့တာဖြစ်ပြီး အနီးဆုံး ပြိုင်ဘက်ထက် ၂၀ ရာခိုင်နှုန်း ပိုသက်သာအောင် ဆောက်ပေးနိုင်တယ် ဆိုတဲ့အပေါ် အငြင်းပွားစရာတွေတော့ ရှိခဲ့ပါတယ်။
အခုလို လမ်းတံတားနဲ့ အခြေခံအဆောက်အအုံ ဆောက်လုပ်တဲ့ ကိစ္စတွေမှာ ဥရောပက အရှေ့နဲ့အနောက် ဘက်မျှအောင် လုပ်ဆောင်လို့ ဖြစ်နိုင်ပြီး အီးယူရော၊ နေတိုးရော အမေရိကန်ရော၊ တရုတ်ပါ ကျေနပ်သဘောတူတဲ့ အနေအထားမျိုး မရစရာ အကြောင်းမရှိဘူးလို့ ခရိုအေးရှားနိုင်ငံ ပူလာတက္ကသိုလ်က ပါမောက္ခ ဘရနီမီယာ ဗစ်ဒမာရိုဗစ်က ဆိုပါတယ်။
ယခင် အမေရိကန်သမ္မတဟောင်း ထရမ့်လက်ထက်က တရုတ်နဲ့ ကုန်သွယ်ရေး စစ်ပွဲ ဖြစ်ထားတဲ့ နောက်ဆက်တွဲ အခြေအနေတွေကို ဆက်ခံထားတဲ့ ဂျိုးဘိုင်ဒန် ဦးဆောင်တဲ့ အမေရိကန် အစိုးရကတော့ တရုတ်နဲ့ ပတ်သက်လို့ သဘောထားမပျော့ပျောင်းသေးပဲ ဥရောပနိုင်ငံတွေအနေနဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ မျက်နှာသာပေးမှုတွေကနေ ဝေးဝေးနေကြဖို့ တိုက်တွန်းနေပါတယ်။
ဥရောပမှာ တရုတ်က ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့ လာတာနဲ့ ပတ်သက်လို့ တရုတ်ရဲ့ ရပ်တည်ချက် သဘောထားကို သိရဖို့ တရုတ်သံတမန် ငါးယောက်အထိ ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် အဖြေပြန် မရခဲ့ပါဘူး။









