တရုတ်နဲ့ဆော်လမွန် စစ်ရေးစာချုပ်ကို သြစတြေးလျ၊ အမေရိကန်တို့စိုးရိမ်

ဆော်လမွန်ကျွန်းနိုင်ငံဝန်ကြီးချုပ်နဲ့ တရုတ်နိုင်ငံဝန်ကြီးချုပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆော်လမွန်ကျွန်းနိုင်ငံဝန်ကြီးချုပ်နဲ့ တရုတ်နိုင်ငံဝန်ကြီးချုပ်

တရုတ်နိုင်ငံနဲ့ ဆော်လမွန်ကျွန်းစုနိုင်ငံတို့ စစ်ရေးလုံခြုံရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးလိုက်ကြပါပြီ။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ဆော်လမွန်ကျွန်းစုနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဂျရမိုင်းယားမန်နလီတို့က စာချုပ်ကိုလက်မှတ်ရေးထိုးလိုက်ကြကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၁၉ ရက် အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံနဲ့ ပစိဖိတ်ဒေသနိုင်ငံတနိုင်ငံတို့ ပထမဆုံးအကြိမ် လုံခြုံရေးသဘောတူစာချုပ် လက်မှတ် ရေးထိုးလိုက်တာ ဖြစ်ပါတယ်။

ဆော်လမွန်ကျွန်းစုနိုင်ငံဟာ ကျွန်းတချို့ပါဝင်တဲ့ နိုင်ငံငယ်လေးမျှသာဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံနဲ့ မိုင်ပေါင်း ၁၂၀၀ ကျော်ကွာဝေးပါတယ်။ ပါပူးဝါးနယူးဂီနီ၊ နယူးဇီလန်နိုင်ငံတို့နဲ့လည်း အလှမ်းမကွာဝေးတဲ့ နိုင်ငံဖြစ်ပါတယ်။ ဗြိတိသျှကိုလိုနီဘဝကို နှစ်ပေါင်း ၁၀၀ နီးပါးကျရောက်ခဲ့ပြီး ၁၉၇၈ ခုနှစ်ကမှ လွတ်လပ်ရေးရခဲ့တဲ့နိုင်ငံပါ။

အခုအဲဒီဆော်လမွန်ကျွန်းစုနိုင်ငံနဲ့ တရုတ်တို့ စစ်ရေးလုံခြုံရေးဆိုင်ရာ သဘောတူညီချက်လက်မှတ်ရေးထိုးလိုက်တဲ့အတွက် အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန်နိုင်ငံတို့က စိုးရိမ်ပူပန်ကြောင်း အိမ်ဖြူတော်ကက ဧပြီလ ၁၉ ရက် အင်္ဂါနေ့မှာပဲ ချက်ချင်း ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ဘာ့ကြောင့်စိုးရိမ်ပူပန်ကြသလဲ

ဆော်လမွန်ကျွန်းစုနိုင်ငံဟာ သေးငယ်ပြီးဆင်းရဲတဲ့နိုင်ငံလေးမျှသာဖြစ်ပေမဲ့ ပထဝီအနေအထားအရ အချက်အချာကျတဲ့နေရာဖြစ်ပါတယ်။ အနီးအနားမှာ သြစတြေးလျ၊ နယူးဇီလန်၊ ပါပူးဝါးနယူးဂီနီ၊ အင်ဒိုနီးရှားတို့ရှိပြီး ခပ်လှမ်းလှမ်းမှာ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဂျပန်၊ တရုတ်တို့ရှိသလို ပစိဖိတ်သမုဒ္ဒရာတဖက်ကမ်းမှာ ရုရှား၊ အမေရိကန်တို့လည်း ရှိနေကြပါတယ်။

အဲသလိုအချက်အချာကျတဲ့နေရာမှာ တရုတ်ကရေတပ်အခြေစိုက်စခန်းတည်ဆောက်မှာကို စိုးရိမ်ပူပန်နေကြတာဖြစ်ပါတယ်။ တရုတ်ကတော့ စစ်အခြေစိုက်စခန်းတည်ဆောက်ဖို့ ရည်မှန်းချက်မရှိဘူးလို့ ဆိုပါတယ်။

ဆော်လမွန်ကျွန်းစုနိုင်ငံရဲ့ ဝန်ကြီးချုပ် မနက်ဆေးဆိုဂဗဲယားက အခုစစ်ရေးလုံခြုံရေးစာချုပ်ဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်မှုကို အနှောင့်အယှက်ဖြစ်စေမှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။ အခုစာချုပ်ချုပ်ဆိုမှုဟာ အစဉ်အလာ မဟာမိတ်ပြုမှုတွေနဲ့ မတူဘဲ သူ့နိုင်ငံရဲ့ ပြည်တွင်းလုံခြုံရေးအခြေအနေကြောင့် ချုပ်ဆိုရတာလို့ဆိုပါတယ်။

နိုင်ငံရေးမငြိမ်သက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ ဆော်လမွန်ကျွန်းနိုင်ငံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နိုင်ငံရေးမငြိမ်သက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ ဆော်လမွန်ကျွန်းနိုင်ငံ

တရုတ်နိုင်ငံကရော၊ ဆော်လမွန်ကျွန်းစုနိုင်ငံကပါ စာချုပ်ပါ အချက်အလက်အသေးစိတ်တွေကို လူသိရှင်ကြား မကြေညာပါဘူး။

ဒါပေမဲ့ စာချုပ်ပါ အချက်အလက်တချို့ ပေါက်ကြားထွက်လာခဲ့ပါတယ်။ အဲဒီပေါက်ကြားသတင်းထဲမှာ တရုတ်နိုင်ငံရဲ့ စစ်သင်္ဘောကြီးတွေ ဆော်လမွန်ကျွန်းပေါ်မှာ ဆိုက်ကပ်ရပ်နားခွင့်ပြုမယ်ဆိုတဲ့ အချက်ပါပါတယ်။ ဆော်လမွန်ကျွန်းစုနိုင်ငံအတွင်း လူမှုရေးနိုင်ငံရေး မငြိမ်မသက်မှုတွေဖြစ်လို့ အကူအညီတောင်းခဲ့ရင် တရုတ်နိုင်ငံရဲ့ ရဲနဲ့စစ်သားတွေကိုစေလွှတ်ပေးမယ်ဆိုတဲ့အချက်လည်း ပါဝင်တယ်လို့ဆိုပါတယ်။ ဒီအချက်အလက်တွေကို သြစတြေးလျအစိုးရက စစ်ဆေးအတည်ပြုထားပြီး ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး မရီးစ်ပိန်းက အချုပ်အချာအာဏာပိုင်နိုင်ငံတနိုင်ငံရဲ့ ဆုံးဖြတ်ခွင့်ကို လေးစားပေမဲ့ စိတ်ပျက်မိတယ်လို့ ဆိုပါတယ်။

"စစ်အခြေစိုက်စခန်းလိုမျိုး အမြဲတမ်းတည်ရှိနေမဲ့ အခြေအနေတခုထူထောင်တာ အပါအဝင် ကျွန်မတို့ဒေသရဲ့ တည်ငြိမ်မှုနဲ့ လုံခြုံရေးကို သေးသိမ်လျော့ပါးစေမယ့် ပြုမူဆောင်ရွက်ချက်တွေအတွက် အထူးသဖြင့် စိုးရိမ်ပူပန်မိပါတယ်။" လို့သူကဆိုပါတယ်။

ပစိဖိတ်ဒေသလုံခြုံရေးအလို့ငှာ ကာလရှည်ကြာအထောက်အပံ့ပြုနေတဲ့ လက်ရှိအဖွဲ့အစည်းတွေနဲ့ အစီအစဉ်တွေကို မတည်မငြိမ်ဖြစ်အောင် ခြိမ်းခြောက်နေတဲ့ အရာတွေအတွက် စိုးရိမ်ပူပန်မိတယ်လို့ နယူးဇီလန်ကလည်း ဆိုပါတယ်။

ဆော်လမွန်ကျွန်းငယ်တွေထဲကတခု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆော်လမွန်ကျွန်းငယ်တွေထဲကတခု

ဆော်လမွန်ကျွန်းစုနိုင်ငံပြည်တွင်းရေး

ဆော်လမွန်ကျွန်းစုနိုင်ငံဟာ ကျွန်းငယ်ပေါင်း ၁၀၀ ကျော်ရှိပြီး လူဦးရေစုစုပေါင်းက ၇ သိန်းအောက်မျှသာ ရှိပါတယ်။ ၁၈၈၆ ခုနှစ်မှာ ဗြိတိန်ရဲ့ ကိုလိုနီနိုင်ငံဖြစ်ခဲ့ပြီး ၁၉၇၈ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာလည်း ၁၉၉၀ ကျော်ခုနှစ်တွေ ၂၀၀၀ ကျော်ခုနှစ်တွေအထိ နိုင်ငံရေး မငြိမ်မသက်မှုများစွာရှိခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာ အာဏာသိမ်းမှုဖြစ်ပွားပြီး လက်ရှိဝန်ကြီးချုပ် မနက်ဆေးဆိုဂဗဲယားဟာ ပထမဆုံးအကြိမ် အာဏာရခဲ့ပါတယ်။

၂၀၀၁ ခုနှစ်မှာ စီးပွားရေးပြိုကျပျက်စီးပြီး အစိုးရဒေဝါလီခံခဲ့ရပါတယ်။ အဲဒီနောက် လူမျိုးရေးပြဿနာတွေကြောင့် တိုင်းပြည်မငြိမ်မသက်ဖြစ်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်ကတည်းက အစိုးရရဲ့ ပန်ကြားချက်အရ သြစတြေးလျရဲအဖွဲ့တွေ ဆော်လမွန်ကျွန်းစုနိုင်ငံကို ပို့ခဲ့တဲ့ အစဉ်အလာရှိပါတယ်။ အခု တရုတ်နဲ့ချုပ်ဆိုတဲ့ စာချုပ်မှာလည်း လူမှုရေးမငြိမ်မသက်ဖြစ်ခဲ့ရင် တရုတ်နိုင်ငံက ရဲနဲ့စစ်သားပေးပို့ချထားဖို့ သဘောတူလက်မှတ်ရေးထိုးထားတယ်လို့ ပေါက်ကြားလာတဲ့ စာချုပ်ပါအချက်အလက်တွေအရ သိရပါတယ်။ ဒါပေမဲ့ တရုတ်နဲ့သဘောတူညီချက်ထဲမှာ တရုတ်နိုင်ငံသားတွေနဲ့ တရုတ်စီမံကိန်းတွေရဲ့ လုံခြုံရေးအတွက် အကာအကွယ်ပေးဖို့ တရုတ်ရဲနဲ့တပ်ဖွဲ့တွေ ပေးပို့ခွင့်ပြုရန်ဆိုတဲ့ အချက်ပါဝင်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ သြစတြေးလျရဲအဖွဲ့ စေလွှတ်ခဲ့ပြီးချိန် ကတည်းက ဆော်လမွန်ရဲတွေကို တရုတ်က သင်တန်းပေးမှုတွေ စတင်ခဲ့ပါတယ်။

အမေရိကန်အစိုးရ အမျိုးသားလုံခြုံရေးကောင်စီရဲ့ အင်ဒိုပစိဖိတ်ညှိနှိုင်းဆောင်ရွက်ရေးတာဝန်ခံ ကာ့တ်ကမ်းဘဲနဲ့ အရှေ့အာရှနဲ့ပစိတ်ဖိတ်အရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီယယ်ခရစ်တန်ဘရင့်တို့ဟာ မကြာခင်ရက်ပိုင်းအတွင်း ဆော်လမွန်၊ ဖီဂျီ၊ ပါပူဝါနယူးဂီနီတို့ကို သွားရောက်ဖို့ရှိပါတယ်။

အမေရိကန်ဟာ ၁၉၉၃ ခုနှစ်ကတည်းက ဆော်လမွန်ကျွန်းစုနိုင်ငံမှာ အမေရိကန်သံရုံးမထားရှိဘဲ ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ အခုဆော်လမွန်မှာ အမေရိကန်သံရုံးပြန်လည်ဖွင့်လှစ်မယ်လို့ ကြေညာပြီးဖြစ်ပါတယ်။