ယူကရိန်းစစ်ပွဲ- စစ်ရာဇဝတ်မှုဆိုတဲ့ ထောင်ကို တိုက်ခိုက်မှု ယူကရိန်းလား ရုရှားလား

ဓာတ်ပုံ ရင်းမြစ်, REUTERS/Alexander Ermochenko
ရုရှားတပ်စွဲထားတဲ့ ယူကရိန်းဒေသဖြစ်တဲ့ ဒွန်းနက်စ်က် ဒေသအတွင်းက အကျဉ်းထောင်တခု ပေါက်ကွဲမှုကို ယူကရိန်းနဲ့ ရုရှားတို့က အပြန်အလှန် စွပ်စွဲနေကြရာမှာ ယူကရိန်းက နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု လုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။
ကုလသမဂ္ဂနဲ့ နိုင်ငံတကာကြက်ခြေနီအဖွဲ့တို့က အဲဒီ ဒေသအတွင်း ဝင်ရောက်စုံစမ်းစစ်ဆေးခွင့်ရဖို့ ယူကရိန်းက တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။
အခုလို ပေါက်ကွဲမှုဖြစ်တဲ့ အကျဉ်းထောင်မှာ ယူကရိန်းစစ်အကျဉ်းသားတွေ ရှိနေရာမှာ ၅၀ ကျော် သေဆုံးပြီး ၁၃၀ လောက် ဒဏ်ရာရတယ်လို့ ယူကရိန်းရှေ့နေချုပ်ရုံးက ဆိုပါတယ်။
ဒီထောင်အတွင်း ရှိနေကြတဲ့ စစ်အကျဉ်းသားတွေထဲမှာ ယူကရိန်းနိုင်ငံ မာရီယူပိုးမြို့ကို နောက်ဆုံးအချိန်အထိ ခုခံနေခဲ့ကြတဲ့ အဇော့ဗ် တပ်ရင်းက တပ်ဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ ဆိုပြီး ဒီတပ်ရင်းရဲ့ အဖွဲ့ဝင်တွေဟာ နာဇီဝါဒီလက်သစ်တွေ၊ စစ်ရာဇဝတ်ကောင်တွေ ဖြစ်တယ်လို့ ရုရှားဘက်က စွပ်စွဲထားခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကတော့ သူတို့အနေနဲ့ ကယ်ဆယ် နေရာချထားရေးနဲ့ ဒဏ်ရာရသူတွေကို ကူညီရေးအတွက် ဝင်ခွင့်တောင်းထားတယ်လို့ ဆိုပါတယ်။
အခုလို ပေါက်ကွဲမှုဖြစ်တဲ့ ထောင်တည်ရှိရာ အိုလန်နီဗီကာ ဒေသကို ရုရှားနောက်ခံပြုထားတဲ့ ဒွန်းနက်စ်က် ပြည်သူ့သမ္မတဒေသက ချုပ်ကိုင်ထားတာ ဖြစ်ပြီး ဘယ်လို ပေါက်ကွဲမှု ဖြစ်သွားသလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ယူကရိန်းဘက်က ရုရှားကို ဘယ်လိုစွပ်စွဲနေသလဲ
ရုရှားဟာ စစ်အကျဉ်းသားတွေကို နှိပ်စက် သတ်ဖြတ်တဲ့ သက်သေတွေကို ဖြောက်ဖျက်ဖို့အတွက် အခုလို ဖောက်ကွဲမှုကို ကျူးလွန်တာလို့ ယူကရိန်းက စွပ်စွဲထားပါတယ်။
ဒါ့အပြင် ရုရှားဘက်က စွပ်စွဲသလို ဒုံးကျည် ဒါမှမဟုတ် အဝေးပစ်အမြောက်နဲ့ ပစ်ခတ်ခံရမှုကြောင့် ပေါက်ကွဲတာ မဟုတ်ဘူးလို့လည်း ယူကရိန်းဘက်က ငြင်းဆိုထားပါတယ်။
ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇလန်းစကီးကလည်း အခုလို အဖြစ်အပျက်ဟာ ရုရှားက စစ်ရာဇဝတ်မှုကို တမင်ကျူးလွန်တာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ယူကရိန်းသမ္မတရဲ့ အကြံပေးဖြစ်သူကလည်း အခင်းဖြစ်ပွားရာနေရာကို လေ့လာရာမှာ ရှို့မီးနဲ့ တူနေပြီး ဒုံးကျည်နဲ့ ပစ်တာ ဆိုရင် ရုပ်အလောင်းတွေက ပြန့်ကျဲနေရမှာ ဖြစ်ပေမယ့် အဲဒီလို မတွေ့ရဘူးလို့ ဆိုပါတယ်။
ယူကရိန်း အစိုးရရှေ့နေချုပ် အန်ဒရီ ကော့စတင်ကဆိုရင်လည်း ဒီလို ဖြစ်ပွားမှုကို စစ်ရာဇဝတ်မှုအဖြစ် အမှုဖွင့် စစ်ဆေးဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။
ရုရှားဘက်က စွပ်စွဲချက်ဟာ သူတို့ သမားရိုးကျ ရည်ရွယ်ချက်ရှိရှိ တမင်စွပ်စွဲတာဖြစ်ပြီး ယူကရိန်း အာဏာပိုင်တွေ ဂုဏ်သိက္ခာကျအောင် အယောင်ပြ လုပ်ဆောင်တာ ဖြစ်တယ်လို့လည်း ယူကရိန်းသမ္မတရဲ့ နောက်ထပ် အကြံပေးတဦးဖြစ်တဲ့ မီခလို ပိုဒေါယက်ခ်က ဆိုပါတယ်။
အခုလို ဖြစ်ပွားမှုအတွက် ကုလသမဂ္ဂနဲ့တကွ နိုင်ငံတကာအဖွဲ့အစည်းတွေက တုံ့ပြန်မှု တခုခုလုပ်ဖို့ လိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။
အဲဒီ အကျဉ်းထောင် တည်ရှိရာဒေသကို ထိန်းချုပ်တဲ့ ရုရှားနောက်ခံပြု သူပုန်တွေ အချင်းချင်း ရေဒီယိုစကားပြောစက်နဲ့ ပြောထားတဲ့ သက်သေတွေကိုလည်း ကြားဖြတ် ရယူထားနိုင်ခဲ့ပြီး ဖောက်ခွဲမှုတွေ သူတို့ကိုယ်တိုင် လုပ်ဖို့ ပြောနေကြတာ ဖြစ်တယ်လို့ ယူကရိန်းဘက်က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ရုရှားဘက်က ယူကရိန်းကို ဘယ်လို စွပ်စွဲနေသလဲ
ရုရှားကတော့ အခုလို အကျဉ်းထောင် ပေါက်ကွဲမှုဟာ ယူကရိန်းဘက်က ပစ်မှတ်ကို တိတိကျကျ ပစ်နိုင်တဲ့ ဒုံးကျည်စနစ်နဲ့ တိုက်ခိုက်မှုကြောင့်လို့ စွပ်စွဲထားပါတယ်။
ရုရှားနောက်ခံပြု ဒွန်းနက်စ်က် ပြည်သူ့သမ္မတဒေသရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဒီနီးလ် ဗက်ဇ်ဆိုးနော့ဗ်ကလည်း အကျဉ်းသားတန်းလျားကို တိုက်ရိုက်ထိတဲ့ ပစ်ခတ်မှုဖြစ်တဲ့အတွက် သေဆုံးသူအရေအတွက် ပိုများလာနိုင်တယ်လို့ ဆိုပါတယ်။
အခုလို တိုက်ခိုက်ခံရမှုမှာ ထောင်ဝန်ထမ်း ၈ ယောက်လည်း ဒဏ်ရာရခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး အီဂေါ ကိုနက်ရှန်းကော့ဗ်က ပြောပါတယ်။
အခုလို ယူကရိန်းက ပစ်ခတ်လိုက်တဲ့ ဒုံးကျည်စနစ်ကတော့ အမေရိကန်နိုင်ငံလုပ် ရွေ့လျားလွယ် အပေါ့စားဒုံးကျည် အဝေးပစ်စနစ် HIMARS ဖြစ်တယ်လို့လည်း ရုရှားဘက်က ပြောပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း အဲဒီ ဒုံးကျည်ရဲ့ အပိုင်းအစတွေကိုလည်း ပြသခဲ့ပြီး ယူကရိန်းဘက်က တမင်ပစ်ခတ်တာလို့ စွပ်စွဲထားပါတယ်။
အခုလို တိုက်ခိုက်ခံရတယ်ဆိုတဲ့ အကျဉ်းထောင်အပြင်ပိုင်းနဲ့ အတွင်းပိုင်း ပျက်ဆီးမှု အနေအထားကို ရုရှားရုပ်မြင်သံကြား ချန်နယ် အမှတ် ၁ ကနေ ဇူလိုင်လ ၂၉ ရက်နေ့မှာ ပြသခဲ့ပါတယ်။
အခုလို ပြသရာမှာ ပျက်စီးနေတဲ့ နှစ်ထပ် အိပ်စင်တွေနဲ့အတူ မီးကျွမ်းနေတဲ့ ရုပ်အလောင်းတွေကိုလည်း တွေ့ရရာမှာ အကျဉ်းထောင် အပြင်ပိုင်းကတော့ အိုလန်နီဗီကာ ဒေသက အကျဉ်းထောင်အမှတ် ၁၂၀ ဖြစ်ကြောင်း ဘီဘီစီရဲ့ အချက်အလက်မှန် စိစစ်ရေးအဖွဲ့က အတည်ပြုခဲ့ပါတယ်။
ဒါပေမဲ့ ဒီဗီဒီယိုရဲ့ ထောင်အတွင်းပိုင်း ရိုက်ချက်တွေကိုတော့ ဘီဘီစီက သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဘီဘီစီက ရရှိတဲ့ အချက်အလက်တွေအရ အဲဒီ ထောင်ဟာ ၂၀၂၂ ဖေဖော်ဝါရီလ မတိုင်ခင်အထိ အသုံးပြုထားခြင်း မရှိခဲ့ဘဲ နောက်ပိုင်း ရုရှားရဲ့ စစ်ကြောရေးကို မအောင်တဲ့ အရပ်သားနဲ့ စစ်အကျဉ်းသားတွေကို ထားရှိရာ နေရာ ဖြစ်လာတယ်လို့ ဆိုပါတယ်။
ယူကရိန်း အဇော့ဗ် တပ်ရင်းရဲ့ အကျဉ်းသားတွေကို အဲဒီထောင်မှာ နေရာချထားပေးဖို့ ယူကရိန်းဘက်ကပဲ တောင်းဆိုထားတာဖြစ်တယ်လို့ ရုရှားဘက်က စွပ်စွဲထားပြီး ယူကရိန်းဟာ ကိုယ့်ရဲ့ တပ်ဖွဲ့ဝင် အကျဉ်းသားတွေကိုပါ စတေးပြီး တိုက်ခိုက်ဖို့ ဝန်မလေးဘူးလို့လည်း စွပ်စွဲထားပါတယ်။
ယူကေနိုင်ငံက ရုရှားသံရုံးရဲ့ တရားဝင် တွစ်တာအကောင့်ကတော့ အကျဉ်းထောင် ပေါက်ကွဲမှု ဖြစ်ပွားပြီးတဲ့အချိန် သောကြာနေ့မှာ "အဇော့ဗ် တပ်ရင်းက စစ်သွေးကြွတွေ အနေနဲ့ သေဒဏ်ရသင့်သူတွေ ဖြစ်တယ်။ သေဒဏ်ပေးတပ်ဖွဲ့ရဲ့ သေနတ်အစား စစ်သား မပီသသူတွေ ဖြစ်လို့ ကြိုးပေးပြီး အရှက်တကွဲ အကျိုးနည်း ပုံစံနဲ့သာ သေသင့်တယ်" လို့ ရေးသားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, REUTERS/Alexander Ermochenko
ပေါက်ကွဲမှု ဖြစ်တဲ့ အကျဉ်းထောင် အတွင်းပိုင်း အခြေအနေ
အိုလန်နီဗီကာက ပေါက်ကွဲမှု ဖြစ်ပွားတဲ့ စစ်ကြောရေးစခန်းအတွင်းကို ဓါတ်ပုံတွေ၊ ဗီဒီယိုတွေကတဆင့် မြင်ရပုံ အရ ငရဲခန်း ဆန်လှတယ်လို့ ယူကရိန်းမြို့တော် ကိဗ် အခြေစိုက် ဘီဘီစီ သတင်းထောက် ပေါလ် အဒမ်က ဆိုပါတယ်။
ထောင်ရဲ့ အမြှောင်းဖော်ထားတဲ့ သံအမိုးပေါ်က ပေါက်ကွဲမှုဖြစ်လို့ ပေါက်သွားတဲ့ အပေါက်တွေကနေ ထိုးလာတဲ့ နေရောင်ကတဆင့် မြင်ရတဲ့ မြင်ကွင်းကတော့ လုံးထွေးနေတဲ့ နှစ်ထပ် သံကုတင်တွေနဲ့အတူ ဘယ်နှဦးမှန်း သိရခက်တဲ့ မီးကျွမ်းနေတဲ့ အလောင်းတွေကို တွေ့ရပြီး တချို့ကိုတော့ ကုတင်ပေါ်မှာပဲ လဲလျောင်းလျက်သား တွေ့ရလို့ ပေါက်ကွဲမှု ဖြစ်ချိန်မှာ အိပ်ပျော်နေဆဲ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။
ထောင်အပြင်ဘက်မှာ ဆိုရင်လည်း သစ်သားတန်းတွေ အပေါ်မှာ တင်နေတဲ့ သွေးစက်တွေကို တွေ့ရပြီး မီးမကျွမ်းနေပေမယ့် အစာ အဟာရ ချို့တဲ့နေပုံရတဲ့ အလောင်းတွေကို တွေ့ရပါတယ်။
အခုလို အခင်း ဖြစ်ပွားရာနေရာကို လွတ်လပ်တဲ့ စာနယ်ဇင်းသမားတွေ ဝင်ရောက်ခွင့် မရသေးတဲ့အတွက် ယူကရိန်းနဲ့ ရုရှားတို့ရဲ့ နှစ်ဖက် အပြန်အလှန် စွပ်စွဲချက်တွေကို စစ်ဆေး အတည်ပြုဖို့ လက်ရှိ အချိန်မှာ မဖြစ်နိုင်သေးပါဘူး။
ဒါ့အပြင် အဲဒီ အပြန်အလှန် စွပ်စွဲချက်တွေကို ဘက်မလိုက်တဲ့ ကျွမ်းကျင်သူတွေနဲ့ အသေအချာ စစ်ဆေး အတည်ပြုဖို့လည်း လိုအပ်မှာဖြစ်ပြီး ဒီလို ကျွမ်းကျင်သူတွေ သွားခွင့်ရပါ့မလားလို့ ဘီဘီစီ သတင်းထောက် ပေါလ်အဒမ်က ဆိုပါတယ်။
အမျိုးသားရေးဝါဒီ အဇော့ဗ် တပ်ရင်းကို ထူထောင်သူ အန်ဒရေ ဘီလက်စကီးကတော့ ဒီပေါက်ကွဲကြောင့် သေဆုံးသူတွေထဲမှာ သူ့ရဲ့ တပ်ရင်းက အဖွဲ့ဝင်တွေလည်း ပါတယ်လို့ အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းစစ်ပွဲနောက်ပိုင်း အမေရိကန်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးတွေ ပထမဆုံး အကြိမ် တွေ့ဆုံမှု
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်တို့ဟာ ဇူလိုင်လ ၂၉ ရက်နေ့မှာ တွေ့ဆုံခဲ့ကြပြီး ဒါဟာ ရုရှားက ယူကရိန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကျူးကျော်ပြီးနောက်ပိုင်း ပထမဆုံး သူတို့ရဲ့ တွေ့ဆုံမှု ဖြစ်ပါတယ်။
မစ္စတာ ဘလင်ကင်ကတော့ သူနဲ့ မစ္စတာ လက်ဗရော့ဗ်တို့ရဲ့ စကားပြောဆိုမှုဟာ ပွင့်ပွင့်လင်းလင်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
ကမ္ဘာကြီးအနေနဲ့ ရုရှားက ယူကရိန်းနယ်မြေကို ဖဲ့ယူလိုက်မှာကို ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးကို ပြောဆိုခဲ့ကြောင်း မစ္စတာ ဘလင်ကင်က ဆိုပါတယ်။
ဒါပေမဲ့ မစ္စတာ လက်ဗရော့ဗ်ကတော့ ရုရှားဟာ သူတို့ 'အထူးစစ်ဆင်ရေး' လို့ ပြောဆိုနေတဲ့ ယူကရိန်းစစ်ပွဲအတွက် ရည်ရွယ်ထားတဲ့ ပန်းတိုင်မှန်သမျှ ပြီးမြောက်အောင် ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
သူသျှိုလုပ်မှုနဲ့ ရုရှားက ဖမ်းဆီးထားတဲ့ အမေရိကန် ကမ်းတက် တပ်ဖွဲ့ဝင်ဟောင်း ပေါလ်ဝီလန်နဲ့ မူးယစ်မှုနဲ့ ဖမ်းထားတဲ့ ဘက်စကက်ဘော ကစားသမား ဘရစ်တနီ ဂရင်နာ တို့ကို နှစ်ဖက် အကျဉ်းသား လဲလှယ်မှုနဲ့ ပြန်လွှတ်ပေးဖို့ကိုလည်း မစ္စတာ ဘလင်ကင်က တောင်းဆိုခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဘလင်ကင်ဟာ အခုလို အကျဉ်းသားဖလှယ်ရေး ဆွေးနွေးမှုကို မလျှို့ဝှက်ဘဲ လူသိထင်ရှား လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ လက်ဗရော့ဗ်ကတော့ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာကို ရေရေရာရာ ပြောဆိုခြင်း မရှိခဲ့ဘဲ အမေရိကန်အနေနဲ့ ဒီကိစ္စမှာ လူသိမခံတဲ့ သံတမန်ဆက်ဆံရေး လမ်းကြောင်းနဲ့ သွားသင့်တယ်လို့ ပြောဆိုထားပါတယ်။











