ယူကရိန်းစစ်ပွဲ - ရှားရှားပါးပါး နိုင်ငံတကာခရီးအဖြစ် အီရန်ကို ပူတင်သွား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားသမ္မတပူတင်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ယူကရိန်းကိုကျူးကျော်ပြီး နောက်ပိုင်း ဒုတိယမြောက်နိုင်ငံခြားခရီးစဉ်အဖြစ် အီရန်နိုင်ငံကို အင်္ဂါနေ့ ဒီနေ့မှာ သွားရောက်ခဲ့ပါတယ်။
ဒီခရီးစဥ်အတွင်း အီရန်ထိပ်တန်းခေါင်းဆောင် အရာတိုလာအလီခါမေနီ၊ တူရကီသမ္မတ ရီဆက်ပ်တေယစ်အာဒိုဂန်တို့နဲ့ တွေ့ဆုံဖို့ အစီအစဥ်ရှိပါတယ်။
ဂျုံတင်ပို့မှု၊ ဆီးရီးယားနဲ့ ယူကရိန်းကိစ္စတွေကို တီဟီရန်မှာ ဆွေးနွေးဖို့ရှိတယ်လို့လည်း တူရကီအစိုးရတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ရုရှားသမ္မတပူတင်ဟာ ယူကရိန်းနဲ့ စစ်ဖြစ်ပြီးကတည်းက သူ့ရဲ့နိုင်ငံတကာခရီးစဥ်ကို ဆိုဗီယက်နိုင်ငံဟောင်းတွေကိုပဲသွားခဲ့တာပါ။

ဖေဖော်ဝါရီလနောက်ပိုင်း ဇွန်လတုန်းက သွားခဲ့တဲ့ သမ္မတပူတင်ရဲ့ပထမဆုံး နိုင်ငံတကာခရီးစဥ်ကတော့ အာဏာရှင်တွေနဲ့ ရုရှားမဟာမိတ်တွေအုပ်ချုပ်နေတဲ့ ဆိုဗီယက်အဖွဲ့ဝင်ဟောင်း တာဂျစ်ကစ္စတန်နှင့် တာ့ခ်မင်နစ္စတန်နိုင်ငံတွေပါ။
အင်္ဂါနေ့ခရီးစဉ်အတွင်း မစ္စတာပူတင်က ရုရှားနိုင်ငံရဲ့ လက်ကျန် နိုင်ငံတကာမဟာမိတ်နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့၊ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုပစ်မှတ်တစ်ခုဖြစ်နေတဲ့ အီရန်နဲ့ ပိုမိုနက်ရှိုင်းတဲ့ ဆက်ဆံရေးကို လုပ်ဆောင်သွားမယ့် သဘောရှိပါတယ်။
အီရန်ဆီက ဒရုန်းတွေ ရုရှား ရဖို့ ရှိနေသလား

ဓာတ်ပုံ ရင်းမြစ်, Iranian Army/Getty Images
ယူကရိန်းစစ်ပွဲမှာသုံးဖို့ အီရန်က ရုရှားကို ရာနဲ့ချီတဲ့ ဒရုန်းတွေ ထောက်ပံ့ပေးဖို့ စီစဉ်နေတယ်လို့ အမေရိကန်အရာရှိတွေက ပြီးခဲ့တဲ့ သီတင်းပတ်က စွပ်စွဲပြောဆိုထားပါတယ်။
အီရန်နိုင်ငံဟာ ဒရုန်းတွေကို ရုရှားစစ်တပ်ကတပ်ဖွဲ့ဝင်တွေ သုံးနိုင်အောင်လေ့ကျင့်ပေးဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းကို သူတို့ရထားကြောင်း အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန်က ပြီးခဲ့တဲ့သီတင်းပတ်က ပြောပါတယ်။
ဒါပေမယ့် အီရန်က ရုရှားကိုဒရုန်းတွေ ပို့ပေးထားတာ ရှိနေပြီလား၊ မရှိသေးဘူးလားဆိုတာကိုတော့ အတည်ပြုလို့မရသေးဘူးလို့ ဆိုပါတယ်။
အီရန်ဘက်ကတော့ အမေရိကန်ရဲ့ စွပ်စွဲမှုကို အတည်ပြုတာတွေ ငြင်းဆိုတာတွေ ဘာမှမလုပ်ဘဲ စစ်ပွဲမတိုင်မီကတည်းက ရုရှားနဲ့ နည်းပညာပူးပေါင်း ဆောင်ရွက်မှုတွေလုပ်ခဲ့တာလို့ ပြောပါတယ်။
" ဒီဆက်ဆံရေးက လတ်တလောမှာ အထူးအထွေပြောင်းလဲသွားတာမရှိပါဘူး "လို့ အီရန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နာဆီရာခါနာနီချာဖီက အီရန် Fars သတင်းဌာနကို ပြောထားပါတယ်။
ဒရုန်းတွေက ယူကရိန်းနဲ့ ရုရှားတို့တိုက်နေတဲ့ စစ်ပွဲမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေပါတယ်။
ပြီးခဲ့တဲ့ တပတ်ကပဲ ယူကရိန်းက ဒရုန်းတွေ ထောင်နဲ့ချီသူတို့ကို အကူအညီပေးဖို့ တောင်းခံနေပါတယ်။
"ခါမေနီနဲ့ အဆက်အသွယ်လုပ်ဖို့ကိစ္စက အရမ်းအရေးကြီးတယ်"လို့ ပူတင်ရဲ့ ထိပ်တန်းနိုင်ငံခြားရေးမူဝါဒအကြံပေး ယူရီယူရှာကော့ဗ်ကတနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ မီဒီယာတွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။
"အရေးကြီးဆုံးကိစ္စတွေဖြစ်တဲ့ နှစ်နိုင်ငံဆက်ဆံရေးနဲ့ နိုင်ငံတကာအရေးကိစ္စတွေနဲ့ပတ်သက်ပြီး သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ယုံကြည်မှုတွေ တိုးလာနေတာရှိပါတယ် ။"

သုံးသပ်ချက်
ရုရှားအယ်ဒီတာ စတိဗ် ရိုဆန်ဘာ့ဂ်
အချုပ်အခြာအာဏာပိုင် လွတ်လပ်တဲ့ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံကို ဝင်ရောက်ကျူးကျော်တိုက်ခိုက်တယ်ဆိုတဲ့ကိစ္စဟာ ရှိပြီးသားမိတ်ဆွေတွေကိုတောင် ဆုံးရှုံးရတတ်ပါတယ်။
ပြီးတော့ ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်းမှာလည်း ရုရှားအတွက်ဆုံးရှုံးမှုတွေက အများကြီးရှိပါတယ်။ပြီးတော့ အနောက်အုပ်စုတွေရဲ့ အပယ်ခံရတဲ့ အဆင့်ကိုလည်း ရောက်သွားပါတယ်။
ဒါပေမယ့် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေက ကမ္ဘာ့အကြီးဆုံးနိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံကို အထီးကျန်အောင်လုပ်လို့မရဘူးဆိုတာ ရုရှားအစိုးရက ပြချင်နေပါတယ်။ ဒါကြောင့် သူ့မှာ တူရကီနဲ့ အီရန်တို့လို မိတ်ဆွေနိုင်ငံတွေ ဝိုင်းရံခံနေရဆဲဆိုတဲ့အနေအထားကို ပြဖို့ဆန္ဒရှိနေတာပါ။
သြဇာကြီးတဲ့ မဟာမိတ်တွေနဲ့ ပထဝီနိုင်ငံရေးအရသြဇာလွှမ်းမိုးမှုကို ဆက်ထိန်းထားနိုင်ဖို့ ရုရှားက ဆီးရီးယားအရေးကို လမ်းကြောင်းသုံးမျိုးနဲ့ လုပ်သွားဖို့ရှိပါတယ်။
ဒါပေမယ့် သူတို့ကြားက ဆက်ဆံရေးက အကောင်းဆုံး အမြဲတမ်းမိတ်ဆွေဆိုတဲ့ သဘောမျိုးလို့ တော့မပြောနိုင်ပါဘူး။တဖက်မှာလဲ တူရကီနဲ့ အီရန်နိုင်ငံတွေက ရုရှားရဲ့ ပြိုင်ဘက်တွေပါ။
တူရကီနှင့် ရုရှားတို့ဟာ ဆီးရီးယားနှင့် လစ်ဗျားကိစ္စတွေမှာ ဆန့်ကျင်ဘက်မှာ ရပ်တည်နေသူတွေဖြစ်ပြီး တောင်ကော့ကေးဆပ်ဒေသကို သြဇာလွှမ်းမိုးဖို့ကိစ္စမှာလည်း အားပြိုင်မှုတွေ ရှိနေပါတယ်။
တူရကီက တိုက်ခိုက်ရေးဒရုန်းတွေကို ယူကရိန်းစစ်တပ်ကို ထောက်ပံ့ပေးနေသလို အီရန်ကလည်း ကမ္ဘာ့စွမ်းအင်ဈေးကွက်မှာ ရုရှားရဲ့ ပြိုင်ဖက်ပါ။
ရုရှား၊ တူရကီနဲ့ အီရန်တို့မှာ တူညီတဲ့ အကျိုးစီးပွားတွေရှိနေတယ်ဆိုတာ မှန်ပေမယ့် ရေရှည်တည်မြဲတဲ့ ချစ်ကြည်ရင်းနှီးမှုရဖို့အတွက်ကတော့ အာမခံချက် မရှိသေးပါဘူး။

တူရကီနှင့် ရုရှားတို့ဟာ ဆီးရီးယားပြည်တွင်းစစ်မှာ ဘက်မတူကြဘဲ ဆန့်ကျင်ဘက် အဖွဲ့တွေကို အားပေးထောက်ခံထားကြပြီး လတ်တလောလတွေအတွင်းမှာ အကြမ်းဖက်မှုတွေ လျော့ကျသွားမယ့် နည်းလမ်းတွေ ရှာနေကြပါတယ်။
ဒါပေမယ့် ဆီးရီးယားမြောက်ပိုင်းက အမေရိကန်ကျောထောက်နောက်ခံပြုထားတဲ့ ကာ့ဒ်စစ်သွေးကြွတွေကို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ တူရကီကခြိမ်းခြောက်ထားတဲ့၊ အီရန်နဲ့ ရုရှား နှစ်နိုင်ငံစလုံးက သဘောမတူတဲ့ကိစ္စ ကလည်း ဒီအစည်းအဝေးမှာ ဆွေးနွေးမယ့် အကြောင်းအရာတစ်ခုဖြစ်နိုင်ပါတယ်။
အဲဒီစစ်ဆင်ရေးက ဆီးရီးယားနဲ့တူရကီနယ်စပ်တစ်လျှောက် ကီလိုမီတာ ၃၀ (မိုင် ၂၀) အရှည် ဘေးကင်းဇုန်တစ်ခုဖန်တီးမယ့် သမ္မတအာဒိုဂန်ရဲ့ အစီအစဥ် တစ်စိတ်တစ်ပိုင်းပါ။
သူပုန်တွေထိန်းချုပ်ထားတဲ့ ဆီးရီးယားကနယ်မြေတွေကို အကူအညီပေးဖို့ကိစ္စကို တစ်နှစ်သက်တမ်းတိုးဖို့ အစောပိုင်းတုန်းက ရုရှားကလက်မခံခဲ့ပေမယ့် ခြောက်လကြာ နယ်စပ်ဖြတ်ကျော် အကူအညီပေးဖို့ကိစ္စကိုတော့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ရုရှားက သဘောတူခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းကို ရုရှားကကျူးကျော်ဝင်ရောက်ခဲ့တဲ့ အချိန်ကစပြီး ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေချမှတ်ဖို့ကိစ္စကို တူရကီက လက်မခံငြင်းဆိုခဲ့ပြီး နှစ်ဖက်ပြေလည်ဖို့ ကြားဝင်ဆောင်ရွက်ပေးဖို့အတွက်တောင် ကြိုးပမ်းခဲ့တာရှိပါတယ်။
ဒီတွေ့ဆုံမှုကနေ အရေးတကြီး လိုအပ်နေတဲ့ ဂျုံတန်ချိန် ၂၂ သန်းတင်ပို့မှုနဲ့ပတ်သက်ပြီး ရုရှားနဲ့ ယူကရိန်းခေါင်းဆောင်တွေအကြား ချုပ်ဆိုထားတဲ့ အကြိုသဘောတူ စာချုပ်ကို အပြီးသတ်သဘောတူညီမှုဖြစ်လာဖို့ တူရကီသမ္မတအတွက် အခွင့်အလမ်းတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။
ဂျုံတွေတင်လာတဲ့သင်္ဘောတွေ သွားမယ့်လမ်းကြောင်း ဘေးကင်းရေးအတွက် နှစ်ဖက်စလုံးက သဘောတူထားတယ်လို့ တူရကီကာကွယ်ရေးဝန်ကြီးက ပြီးခဲ့တဲ့ တစ်ပတ်က ပြောထားပါတယ်။
ပင်လယ်နက်ထဲက ရုရှားရဲ့ ရေယာဉ်အုပ်စုက သင်္ဘောအဝင်အထွက်မှန်သမျှကို ပိတ်ဆို့ထားတာနဲ့ ယူကရိန်းကတင်ပို့တဲ့ ဂျုံတွေကို ရုရှားတပ်ဖွဲ့တွေက ခိုးယူပြီး တင်ပို့ခဲ့တယ်ဆိုတဲ့ အထောက်အထားမှတ်တမ်းတွေလည်း ဘီဘီစီမှာ မှတ်တမ်းတင်ထားတာ ရှိပါတယ်။အခြားလမ်းကြောင်းတွေက မိုင်းတွေ အကြီးအကျယ် ဆင်ထားပါတယ်။
"ယူကရိန်းရဲ့ ဂျုံတင်ပို့မှုပြဿနာအခက်အခဲကို သမ္မတအာဒိုဝန်နဲ့ ဆွေးနွေးသွားဖို့ရှိတယ်" လို့ ပူတင်ရဲ့ ထိပ်တန်း နိုင်ငံခြားရေးမူဝါဒအကြံပေး ယူရီယူရှာကော့ဗ်ကလည်း ပြောထားပြီး "ဒီလမ်းကြောင်းအတိုင်း ဆက်လက်လုပ်သွားဖို့ အသင့်ဖြစ်နေပြီလို့လည်း ဆိုပါတယ်။

ဒါပေမယ့် ရုရှားတွေက ဂျုံစိုက်ခင်းတွေကို တမင်ဖျက်ပစ်နေတယ်ဆိုတဲ့ ရှေ့တန်းအနီးပတ်ဝန်းကျင်က လယ်သမားတွေနဲ့ ဒေသတာဝန်ရှိသူတွေစွပ်စွဲထားတဲ့ကိစ္စကိုလည်း ဒီဆွေးနွေးပွဲမှာ ဆွေးနွေးသွားဖို့ ရှိလာနိုင်ပါတယ်။
ယူကရိန်းတောင်ပိုင်းဒေသခံ နိုင်ငံရေးသမားတစ်ဦးနဲ့ ရုရှားအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ အိုလပ်ပီလီပန်ကိုကလည်း တောင်ပိုင်းမြို့ မိုင်ကိုလာယိဗ်အနီး သူ့မဲဆန္ဒနယ်ထဲက လယ်သမားတွေဟာ အမြောက်တွေ ဒုံးကျည်တွေနဲ့ပစ်တာခံနေရတယ်လို့ ဘီဘီစီကို ပြော ထားပါတယ်။
ရုရှားတပ်တွေက လယ်ကွင်းတွေ၊ လယ်ယာသုံးစက်ပစ္စည်းတွေနဲ့ ဂျုံစိုက်ခင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက် လယ်သမားအများစုက တိုက်ခိုက်မှုရဲ့ သားကောင်တွေဖြစ်နေပြီး ဒဏ်ရာရတာတွေလည်း ရှိနေတယ် လို့ သူက ပြောပါတယ်။
" အဲ့ဒီနေရာက အရမ်း အန္တရာယ်များလို့ မိုင်ကိုလာယိဗ်မြို့က ကျွမ်းကျင်မီးသတ်သမားတွေတောင် သွားဖို့ကြောက်ကြတယ်" လို့ သူက ထပ်ပြောပါတယ်။
"မီးလောင်မှုအများစုကို ကျွန်တော်တို့ ဘာသာငြှိမ်းနေရပြီး အခုချိန်မှာ ပစ်ခတ်မှုတွေ ကလည်း တိုးလာနေပါတယ်။"








