ထိုင်ဝမ်အရေးနဲ့ တရုတ်အမေရိကန်စစ်ပွဲအလားအလာ

ဓာတ်ပုံ ရင်းမြစ်, Reuters
ထိုင်ဝမ်လွတ်လပ်ရေး ကြိုးပမ်းမှုမှန်သမျှကို ပြတ်ပြတ်သားသား ချေမှုန်းသွားမယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဝေဖုန်ဟဲက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အမေရိကန်ဟာ ထိုင်ဝမ်လွတ်လပ်ရေးကို အားပေးနေတယ်လို့လည်း ဗိုလ်ချုပ်ကြီး ဝေဖုန်ဟဲက တနင်္ဂနွေနေ့မှာ စွပ်စွဲပြောကြားလိုက်ပါတယ်။
အမေရိကန်တို့ဟာ ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ ပေးပြီးသားကတိကို ချိုးဖောက်တာဖြစ်သလို တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာပဲလို့လည်း သူက ဆိုပါတယ်။
တရုတ်တနိုင်ငံတည်းမူဝါဒကို အမေရိကန်က "လက်ခံကြောင်း" အသိပေးခဲ့ဖူးပါတယ်။ အခုအခါမှာ သမ္မတဂျိုးဘိုင်ဒင်ရဲ့ ပြောင်းလဲပြောဆိုလာတဲ့စကားတွေအပေါ်အခြေခံပြီး ကတိချိုးဖောက်တာလို့ တရုတ်ဘက်က စွပ်စွဲတာပါ။
မေလနှောင်းပိုင်းတုန်းက ဂျပန်နိုင်ငံတိုကျိုမြို့မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါတို့ ပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်စဉ် သတင်းထောက်တယောက်ရဲ့ မေးခွန်းကို ပြန်ဖြေကြားခဲ့ရာမှာ ယူကရိန်းအရေးလိုမျိုး ထိုင်ဝမ်မှာဖြစ်လာခဲ့ရင် အမေရိကန်ပြည်ထောင်စုက အင်အားကို အင်အားနဲ့ တုံ့ပြန်သွားမယ်၊ ထိုင်ဝမ်ကို စစ်ရေးနဲ့အကာအကွယ်ပေးသွားမယ်လို့ မစ္စတာဘိုင်ဒင်က ဆိုခဲ့ပါတယ်။
စင်္ကာပူမှာပြုလုပ်တဲ့ ရှန်ဂရီလာ အာရှလုံခြုံရေးထိပ်သီးအစည်းအဝေးမှာ တရုတ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဝေဖုန်ဟဲဟာ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နဲ့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက တွေ့ဆုံပြောဆိုခဲ့ပါတယ်။
"ရှင်းအောင်ပြောပါရစေ။ ထိုင်ဝမ်ကို တရုတ်ကနေ ခွဲထုတ်ရဲတဲ့သူရှိရင် တရုတ်က တိုက်ခိုက်သွားဖို့ တွေ၀ေတုံ့နှေးနေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ နည်းလမ်းအကုန်သုံးပြီး အဆုံးစွန်အထိ တိုက်ခိုက် သွားမှာပါ။ ဒါဟာ တရုတ်နိုင်ငံအတွက် တခုတည်းသောရွေးချယ်စရာလမ်းကြောင်း ဖြစ်ပါတယ်" လို့ သူကဆိုပါတယ်။
သမ္မတဂျိုးဘိုင်ဒင်က ဂျပန်သတင်းစာရှင်းလင်းပွဲတုန်းက ပြောကြားခဲ့ရာမှာ ထိုင်ဝမ်ကိုထိရင် အမေရိကန်က စစ်ရေးအရကာကွယ်မယ်လို့ ပြောဆိုသလို တရုတ်ကိုလည်း "အန္တရာယ်နဲ့ ဆော့ကစားနေတယ်" လို့ စွပ်စွဲပါတယ်။
အန္တရာယ်နဲ့ ဆော့ကစားနေတယ်ဆိုတာက ထိုင်ဝမ်အနီးမှာ စစ်လေယာဉ်တွေပျံဝဲတဲ့ လုပ်ရပ်ကို ရည်ရွယ်ပြောဆိုတာဖြစ်ပါတယ်။
စစ်ရေးအရကာကွယ်မယ်ဆိုတဲ့စကားကို သမ္မတဘိုင်ဒင်ဟာ ပထမဆုံးအကြိမ်ပြောကြားတာ မဟုတ်ပါဘူး။
၂၀၂၁ အောက်တိုဘာလကုန်ပိုင်းတုန်းကလည်း အလားတူတကြိမ်ပြောဆိုခဲ့ဖူးပါတယ်။ တရုတ်တို့၊ ရုရှားတို့ အင်အားကြီးထွားလာတာနဲ့ ပတ်သက်ပြီး ဘာမှစိတ်ပူစရာမရှိပါဘူး။ ကမ္ဘာ့သမိုင်းတလျှောက်လုံးမှာ အမေရိကန်ဟာ စစ်ရေးအင်အားအကြီးမားဆုံးနိုင်ငံဆိုတာ တကမ္ဘာလုံးက သိပါတယ်လို့လည်း သူကဆိုပါတယ်။
ထိုင်ဝမ်က သူတို့ဟာ လွတ်လပ်သော အချုပ်အချာအာဏာပိုင်နိုင်ငံလို့ သူတို့ကိုယ်သူတို့ သဘောထားပါတယ်။ တရုတ်ကတော့ ထိုင်ဝမ်ဟာ ကွဲထွက်နေတဲ့ တရုတ်ပြည်အစိတ်အပိုင်းတခုလို့ သဘောထားပြီး ပြန်လည်ပူးပေါင်းဖို့ ကြိုးစားနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Central Press
ဒုတိယကမ္ဘာစစ်အပြီးမှာ အဲဒီအချိန်တုန်းက ဖော်မိုဆာကျွန်းလို့ခေါ်တဲ့ထိုင်ဝမ်ကို တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းအဖြစ် အသိမှတ်ပြုလက်ခံထားခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီနောက် တရုတ်နိုင်ငံ ပြည်တွင်းစစ်ဖြစ်၊ တရုတ်ကွန်မြူနစ်ပါတီက အနိုင်ရပြီး ၁၉၄၉ ခုနှစ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံထူ ထောင်လိုက်ပါတယ်။ စစ်ရှုံးတရုတ်ဖြူကူမင်တန်ပါတီဟာ ဖော်မိုဆာကျွန်းမှာ ထိုင်ဝမ်အမည်နဲ့ သီးခြားနိုင်ငံထူထောင်ခဲ့ပါတယ်။ ဒါကို အမေရိကန်ပြည်ထောင်စုက ထောက်ခံအသိအမှတ်ပြု အကူအညီပေးခဲ့ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီဟာ နိုင်ငံသစ်ထူထောင်ရေးကို ဦးစားပေးဆောင်ရွက်ဖို့အတွက် ကူမင်တန်နဲ့ ဖြစ်နေတဲ့စစ်ကို ရပ်တန့်ခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်ဝမ်ကို သီးခြားနိုင်ငံတနိုင်ငံအဖြစ် ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ပါဘူး။ ထိုင်ဝမ်ကို ဟောင်ကောင်လိုပဲ တချိန်မှာပြန်လည်ပေါင်းစည်းရမဲ့ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတခုလို့ သဘောထားတာပါ။
ထိုင်ဝမ်အတွက် အမေရိကန်ပြည်ထောင်စုဟာ အကြီးဆုံးမဟာမိတ်နိုင်ငံ ဖြစ်ပါတယ်။ ထိုင်ဝမ်ကို အကာအကွယ်ပေးဖို့ အမေရိကန်ပြည်ထောင်စုမှာ ဥပဒေပြဋ္ဌာန်းအတည်ပြုထားတာလည်း ရှိပါတယ်။
အခုအခါမှာ တရုတ်က ထိုင်ဝမ်လေကြောင်းနယ်နိမိတ်ထဲအထိ စစ်လေယာဉ်တွေစေလွှတ်နေပါတယ်။ အမေရိကန်ကလည်း ထိုင်ဝမ်ရေပိုင်နက်ထဲအထိ အမေရိကန်စစ်သင်္ဘောကြီးတွေ စေလွှတ်ထားပါတယ်။ ဒီဆောင်ရွက်ချက်တွေကိုကြည့်ရင် ထိုင်ဝမ်ကြောင့် တရုတ်အမေရိကန်စစ်ပွဲ ဖြစ်ပွားမဲ့ဆီ ဦးတည်နေပြီလားလို့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။
တရုတ်အမေရိကန်စစ်ပွဲဖြစ်နိုင်သလား
တရုတ်က ထိုင်ဝမ်ကိုတိုက်လိုက်ရင် စစ်ပွဲဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိပါတယ်။ တကယ်လို့ လိုအပ်လာရင် ထိုင်ဝမ်ကို အင်အားသုံးရယူတာမျိုး လုပ်ကောင်းလုပ်နိုင်တယ်လို့ တရုတ်က ပြောခဲ့ဖူးတာ ရှိပါတယ်။
ဒါပေမဲ့ အခုအချိန်မှာ အဲသလိုဖြစ်တန်ခြေ မရှိဘူးလို့ သုံးသပ်သူအများစုက ဆိုကြပါတယ်။
ထိုင်ဝမ်ကလည်း လေကြောင်းရော၊ ရေကြောင်းမှာပါ စစ်အင်အားတိုးချဲ့နေတဲ့အတွက် တရုတ်ကတိုက်ချင်တယ်ထားဦး၊ အောင်အောင်မြင်မြင် သိမ်းပိုက်နိုင်စွမ်းရှိမရှိဆိုတာဟာလည်း အငြင်းပွားနေတဲ့ အကြောင်းအရာတခု ဖြစ်ပါတယ်။
ထိုင်ဝမ်ကိုသိမ်းရင် ကုန်ကျစရိတ်လည်း သိပ်များမှာဖြစ်သလို တရုတ်ပြည်အတွက်သာမက တကမ္ဘာလုံးအတွက်ပါ ကပ်ဆိုက်သလို ဖြစ်သွားနိုင်ပါတယ်။ တရုတ်ရဲ့စီးပွားရေးနဲ့ ကမ္ဘာ့စီးပွားရေးကြီးတခုလုံးဟာ ရုရှားရဲ့ချိတ်ဆက်မှုထက် အများကြီးပိုချိတ်ဆက်နေပါတယ်။
တရုတ်နိုင်ငံက တသမတ်တည်းစွဲကိုင်ထားတဲ့မူကလည်း ထိုင်ဝမ်နဲ့ ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးမူ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့က ဗိုလ်ချုပ်ဝေဖုန်ဟဲ ပြောကြားရာမှာလည်း အဲဒီအချက်ကို ထပ်လောင်းပြောကြားသွားပါတယ်။ ရန်စကျူးကျော်မှုနဲ့ ကြုံတွေ့ရမှသာ စစ်ရေးနည်းနဲ့ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
တကယ်လို့ ထိုင်ဝမ်က လွတ်လပ်ရေးကြေညာလိုက်ရင်တော့ ပြဿနာကို ခလုတ်မောင်းဆွဲဖြုတ်လိုက်သလို စတင်ပေါက်ကွဲသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကလည်း ထိုင်ဝမ်သမ္မတဆိုင်းအင်ဝမ်းက အထူးဂရုပြုရှောင်ရှားတတ်တဲ့ အချက်တချက်ဖြစ်ပါတယ်။ သူတို့ဟာ အချုပ်အချာအာဏာပိုင်သီးခြားနိုင်ငံလို့ ဆုပ်ကိုင်ပြောကြားနေသော်ငြား ပြဿနာကို ဖောက်ခွဲလိုက်သလိုဖြစ်စေမဲ့ အချက်မျိုးကိုတော့ သူကရှောင်ရှားပါတယ်။
ထိုင်ဝမ်မှာနေထိုင်သူအများစုကလည်း အဲဒီရပ်တည်ချက်ကို ထောက်ခံကြပါတယ်။ ရှေ့ကိုခြေတလှမ်းတိုးပြီး လွတ်လပ်ရေးကြေညာတာမျိုးကို လူနည်းစုကသာ လိုလားကြပြီး လူများစုကတော့ လက်ရှိအခြေအနေအတိုင်း ဟန်မပျက်ဆက်လက်နေနိုင်ရေးကိုသာ ထောက်ခံလိုလားကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Taiwan Presidential Office
အမေရိကန်ကလည်း အခုလိုအခြေအနေမျိုးမှာ အာရှတိုက်ကို အကုန်အကျများမဲ့ စစ်ပွဲအတွင်း ဆွဲသွင်းချင်မှာ မဟုတ်ပါဘူး။ စစ်ဖြစ်ဖို့မလိုလားပါဘူးလို့ အကြိမ်ကြိမ်အချက်ပြပြောဆိုပါတယ်။
ရှန်ဂရီလာလုံခြုံရေးထိပ်သီးဆွေးနွေးပွဲကို ကိုယ်တိုင်တက်ရောက်နေသူဖြစ်တဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးလွိုက်အော်စတင်က ထိုင်ဝမ်လွတ်လပ်ရေးကို အမေရိကန်က မထောက်ခံပါဘူးလို့ သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။ နောက်ထပ် စစ်အေးအသစ် တခုကိုလည်း ထပ်ပြီးမလိုလားဘူးလို့ ဆိုပါတယ်။
"ဘက်အားလုံးက ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ကိုယ့်သေနတ်ကိုယ် တင်းတင်းဆုပ်ထားကြပါတယ်။ အားလုံးက သူတို့ဟာ အလျှော့ပေးသွားပြီ နောက်ဆုတ်သွားပြီလို့မထင်စေချင်တော့ မာမာတင်းတင်း ရပ်တည်ပြဖို့ လိုအပ်သလို ဖြစ်နေပါတယ်" လို့ အက်စ်ရာဂျာရက်နမ် နိုင်ငံတကာရေးရာတက္ကသိုလ်က သုတေသီ ကောလင်းခိုးက ဆိုပါတယ်။
"ဒါပေမဲ့ စစ်ပွဲတပွဲဖြစ်လာမှာကိုတော့ အားလုံးက မလိုလားစွာနဲ့ သတိကြီးကြီးထားနေကြပါတယ်။ တခြားသူရဲ့ အပြောအဆိုတွေကို အမြင်ကျယ်ကျယ်ထားပြီး သတိနဲ့စောင့်ကြည့်နေကြပါတယ်။ ရုတ်တရက်ထပြီးပေါက်ကွဲ တာမျိုးမဖြစ်ဖို့ နှစ်ဖက်စလုံးက ထိန်းသိမ်းနေကြပါတယ်။"
ဗိုလ်ချုပ်ကြီးဝေဖုန်ဟဲနဲ့ မစ္စတာလွိုက်အော်စတင်တို့ရဲ့ ရှန်ဂရီလာညီလာခံ သီးသန့်ဆွေးနွေးပွဲ ရလဒ်ဟာ အပြုသဘောလက္ခဏာရှိတယ်လို့တောင် ဆိုနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ နှစ်ဖက်စလုံးက စားပွဲမှာထိုင်ပြီး ပြောဆိုဆွေးနွေးချင်တဲ့ ဆန္ဒရှိနေသေးလို့ပါ။ ဘုံသဘောတူညီချက်ရရှိဖို့၊ အမြင်မတူညီကြတာကို လက်ခံနိုင်ကြဖို့အတွက် ဆန္ဒရှိနေကြသေးလို့ပါလို့ မစ္စတာခိုးကဆိုပါတယ်။
ဒီလိုဆွေးနွေးနိုင်ခြင်းအားဖြင့် မြေပြင်မှာ အထင်အမြင်အတွက်အချက်လွဲမှားပြီး စစ်ပွဲစတင်ဖြစ်ပွားပေါက်ကွဲစေနိုင်မဲ့ အန္တရာယ်အလားအလာတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ သမ္မတထရမ့်လက်ထက်မှာ လုံးဝပျောက်ကွယ်သွားတဲ့ ဆွေးနွေးမှုအစဉ်အလာ ပြန်လည်ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ တရုတ်ရော၊ အမေရိကန်ရောဟာ တဖက်နဲ့တဖက် အကျောမခံတဲ့ပြောဆိုမှုမျိုးတွေကိုတော့ မဝေးတဲ့အနာဂတ်ကာလတခုအထိ ဆက်လက်ပြုလုပ်နေကြဦးမယ်လို့မျှော်လင့်ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
တရုတ်ဟာ ရှေ့ခြေတလှမ်းတက်ပြီး "မီးခိုးရောင်စစ်ပွဲ" မျိုးတောင် ဆင်နွှဲကောင်းဆင်နွှဲလာနိုင်တယ်လို့ စင်္ကာပူအမျိုးသားတက္ကသိုလ်က ကျွမ်းကျင်ပညာရှင် ဒေါက်တာအီယန်ချောင်းကဆိုပါတယ်။ ထိုင်ဝမ်အနေနဲ့ အားကုန်မောပန်းလာအောင် စစ်လေယာဉ်တွေတိုးမြှင့်စေလွှတ်တာမျိုး၊ သတင်းမှား ထုတ်လွှင့်တိုက်ခိုက်တာမျိုးတွေ လုပ်လာနိုင်တယ်လို့ ဆိုပါတယ်။
မီးခိုးရောင်စစ်ပွဲဆိုတာ စစ်ပွဲဖြစ်ပွားတိုက်ခိုက်တာမျိုးလည်း မဟုတ်၊ အမှန်တကယ် ငြိမ်းချမ်းနေတာမျိုးလည်း မဟုတ်တဲ့ ကြားအခြေအနေမျိုးကို ဆိုလိုပါတယ်။ နိုင်ငံတကာဝေါဟာရမှာ မီးခိုးရောင်စစ်ပွဲဆိုတာ တဖက်နဲ့တဖက် ဆိုက်ဘာတိုက်ခိုက်မှုတွေလုပ်တာ၊ ဝါဒဖြန့်ချိတိုက်ခိုက်တာ၊ သတင်းမှား ထုတ်လွှင့်တိုက်ခိုက်တာ၊ သူလျှိုစေလွှတ်ထောက်လှမ်းတာ၊ အရေးကြီးလူပုဂ္ဂိုလ်တချို့ကို လုပ်ကြံသတ်ဖြတ်တာမျိုးတွေကို ခေါ်ဝေါ်လေ့ရှိပါတယ်။
တရုတ်ဟာ မမှန်သတင်းတွေထုတ်လွှင့်ပြီး ထိုင်ဝမ်ရွေးကောက်ပွဲကို အသုံးချဖို့ကြိုးစားခဲ့တယ်လို့ ထိုင်ဝမ်က စွပ်စွဲဖူးတာရှိပါတယ်။ ဒီနှစ်ကုန်ပြုလုပ်မဲ့ အရေးကြီးတဲ့ ရွေးကောက်ပွဲမှာ သူတို့လိုလားသလိုဖြစ်လာစေဖို့အတွက် မမှန်သတင်းတွေထုတ်လွှင့်တာလို့ဆိုပါတယ်။
လောလောဆယ်မှာ တရုတ်ရော အမေရိကန်ရောဟာ နိုင်ငံရေးအခြေအနေပြောင်းလဲသွားမှာမျိုးကို သိပ်လိုလားပုံမရပါဘူး။ အမေရိကန်မှာ နိုဝင်ဘာလကျရင် သက်တမ်းဝက်ရွေးကောက်ပွဲရှိပါတယ်။ တရုတ်ပြည်မှာလည်း အကြိမ် ၂၀ မြောက် ကွန်မြူနစ်ပါတီညီလာခံကျင်းပဖို့ရှိပါတယ်။
တရုတ်ကွန်မြူနစ်ပါတီရဲ့ ညီလာခံဟာလည်း သမ္မတရှီကျင့်ဖျင်ရဲ့ အာဏာပိုမိုခိုင်မာတောင့်တင်းရေးအတွက် အရေးပါတဲ့ညီလာခံလို့ သုံးသပ်သူတွေက ရှုမြင်ကြပါတယ်။ ဒေါက်တာချောင်ကတော့ အခြေအနေတရပ်လုံးကို အခုလိုသုံးသပ်ပါတယ်။
"ကောင်းတဲ့ဘက်ကပြောရရင် နှစ်ဖက်စလုံးဟာ ပဋိပက္ခကိုအရှိန်မြှင့်တင်ချင်တဲ့ဆန္ဒ မရှိကြပါဘူး။ ဒါပေမဲ့ ပဋိပက္ခအရှိန်တက်မလာလို့ ကောင်းသွားပြီလို့လည်း မဆိုနိုင်ပါဘူး။ အဲသလိုအခြေအနေမျိုးဟာ ကာလတခုကြာအောင်တောင် ဆက်လက်ရှိနေဦးမှာပါ။"








