ဖင်လန်၊ဆွီဒင်တို့ နေတိုးအဖွဲ့ဝင်ဖြစ်ရေး တူရကီက ဘာကြောင့်ကန့်ကွက်နေသလဲ

ဖင်လန်နဲ့ဆွီဒင်အဖွဲ့ဝင်ဖြစ်လာရင် နေတိုးပိုမိုအားကောင်းလာမယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဖင်လန်နဲ့ဆွီဒင်အဖွဲ့ဝင်ဖြစ်လာရင် နေတိုးပိုမိုအားကောင်းလာမယ်လို့ဆို

ဖင်လန်နဲ့ဆွီဒင်တို့ရဲ့ နေတိုးအဖွဲ့ဝင်လျှောက်ထားမှုကို ပယ်ချမယ်လို့ တူရကီသမ္မတရီချက်တိုင်ရိအာဒိုဝမ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဖင်လန်နဲ့ဆွီဒင်တို့က အဖွဲ့ဝင်အဖြစ်လျှောက်ထားတော့မယ်လို့ ပြောဆိုပြီး နာရီပိုင်းအကြာမှာ သူက အခုလိုပြောလိုက်တာပါ။ နေတိုးအဖွဲ့စည်းမျဉ်းအရ အဖွဲ့ဝင်နိုင်ငံအားလုံးက သဘောတူလက်ခံမှ အဖွဲ့ဝင်သစ်အဖြစ်ပါဝင်ခွင့်ရမှာဖြစ်ပါတယ်။

နောဒစ်မူဝါဒအပြောင်းအလဲ

ဖင်လန်နဲ့ဆွီဒင်တို့က နေတိုးအဖွဲ့ဝင်အဖြစ်လျှောက်ထားမယ်ဆိုတာဟာ မြောက်ဥရောပရဲ့ စစ်ရေးဆိုင်ရာ ကြီးမားတဲ့ မူဝါဒအပြောင်းအလဲဖြစ်ပါတယ်။ ဖင်လန်နိုင်ငံဟာ ရုရှားနဲ့ နယ်နိမိတ်ချင်းထိစပ်နေပြီး ဆွီဒင်ကတော့ ဖင်လန်နဲ့ တဆက်တစပ်တည်းဖြစ်ပါတယ်။

ဆိုလိုတာက ဆွီဒင်နဲ့ရုရှားဟာလည်း ကုန်းမြေနယ်နိမိတ်အရ ကြားထဲမှာ ဖင်လန်တနိုင်ငံပဲခြားပါတယ်။ ရေပြင်နယ်နိမိတ်အရဆိုရင်တော့ ဆွီဒင်နဲ့ ရုရှားကလည်း တဆက်တစပ်တည်းဖြစ်နေပါတယ်။ အဲဒီနိုင်ငံတွေဟာ အရင်ကတော့ နေတိုးရဲ့ စစ်စခန်းနဲ့ စစ်လက်နက်တွေ နေရာချထားတပ်ဆင်ခွင့်မပြုဘဲ စစ်မဲ့ဒေသအဖြစ်မူဝါဒချမှတ်နေထိုင်ခဲ့ကြပါတယ်။

အခုရုရှား၊ ယူကရိန်း စစ်ပွဲဖြစ်ပွားလာပြီးချိန်ရောက်မှ သူတို့ရဲ့မူဝါဒပြောင်းလဲပြီး နေတိုးအဖွဲ့ထဲဝင်ဖို့ဆုံးဖြတ်လိုက်ကြတာပါ။ ဖင်လန်နဲ့ဆွီဒင်တို့ရဲ့ အခုမူဝါဒအပြောင်းအလဲဟာ နောဒစ်နိုင်ငံတွေအားလုံးအပေါ်ရိုက်ခတ်နိုင်တဲ့ အပြောင်းအလဲပါ။ ဒါ့ကြောင့် အရေးကြီးတယ်လို့ နိုင်ငံရေးသုတေသီတွေက ရှုမြင်ကြပါတယ်။

နေတိုးအဖွဲ့ဝင်ဖြစ်ဖို့လိုလားနေကြတဲ့ ဆွီဒင်ဝန်ကြီးချုပ်နဲ့ ဖင်လန်ဝန်ကြီးချုပ်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, နေတိုးအဖွဲ့ဝင်ဖြစ်ဖို့လိုလားနေကြတဲ့ ဆွီဒင်ဝန်ကြီးချုပ်နဲ့ ဖင်လန်ဝန်ကြီးချုပ်

နောဒစ်နိုင်ငံများဆိုတာက မြောက်ပိုင်းနိုင်ငံများလို့ အဓိပ္ပာယ်ရပါတယ်။ မြောက်ဥရောပနဲ့ မြောက်အတ္တလန္တိတ်ဒေသမှာရှိတဲ့ သမိုင်းနဲ့ယဉ်ကျေးမှုဆင်တူကြတဲ့ နိုင်ငံတွေကိုဆိုလိုတာပါ။ အဲဒီနိုင်ငံတွေထဲမှာ ဖင်လန်၊ ဆွီဒင်၊ ဒိန်းမတ်၊ နော်ဝေ၊ အိုက်စ်လန်းအစရှိတဲ့နိုင်ငံတွေ ပါဝင်ကြပါတယ်။

ရုရှားသဘောထား

ဖင်လန်ဟာ ရုရှားနဲ့နယ်နိမိတ်ချင်းထိနေတဲ့အတွက် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သွားမှာကို ရုရှားကမလိုလားပါဘူး။ ဖင်လန်ကနေတိုးအဖွဲ့ဝင်ဖြစ်သွားလို့ ဖင်လန်မှာ နေတိုးစစ်အခြေစိုက်စခန်းဖွင့်လှစ်လိုက်မယ်၊ သို့မဟုတ် နျူးကလီးယားလက်နက်တပ်ဆင်လိုက်မယ်ဆိုရင် ရုရှားကို ကောင်းကောင်းခြိမ်းခြောက်နိုင်ပါတယ်။ ယူကရိန်းနေတိုးအဖွဲ့ဝင်ဖြစ်တာနဲ့ ညီတူဆတူခြိမ်းခြောက်မှုမျိုး ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ယူကရိန်းကိုကျူးကျော်သလိုမျိုး ရုရှားက ဖင်လန်၊ ဆွီဒင်ကို ကျူးကျော်ဖို့ဆိုတာ မလွယ်ပါဘူး။ နောဒစ်နိုင်ငံအားလုံးကိုစိန်ခေါ်သလိုဖြစ်သွားနိုင်ပါတယ်။

ဒါ့အပြင် ယူကရိန်းမှာလို ရုရှားစကားပြောလူမျိုးတွေ အဖိနှိပ်ခံနေရပါတယ်ဆိုတဲ့ အကြောင်းပြချက်မျိုးပြစရာ မရှိပါဘူး။ ယူကရိန်းရွေးကောက်ပွဲနဲ့ အာဏာသိမ်းပွဲတွေမှာ အနောက်နိုင်ငံတွေပါဝင်ပတ်သက်ခဲ့တယ်လို့ စွပ်စွဲသလိုမျိုး အလားတူလက်ညှိုးထိုးစွပ်စွဲစရာ အကြောင်းပြချက်မျိုးလည်း ဖင်လန်၊ ဆွီဒင်မှာ မရှိပါဘူး။ ဖင်လန်၊ ဆွီဒင်နိုင်ငံရေးက သိပ်တည်ငြိမ်ပါတယ်။ ဒါ့ကြောင့် ဖင်လန်၊ ဆွီဒင်နဲ့ ပတ်သက်လာတဲ့အခါ သမ္မတပူတင်ဟာ ယူကရိန်းပြော ပြောလို့မရပါဘူး။ တနည်းတဖုံပြောင်းလဲပြောဆိုရပါတယ်။ ဖင်လန်နဲ့ဆွီဒင်နိုင်ငံတွေ နေတိုးအဖွဲ့ထဲဝင်မဲ့ကိစ္စဟာ ရုရှားအတွက် “တိုက်ရိုက်ခြိမ်းခြောက်မှုမဟုတ်ပါဘူး။” ဖင်လန်နဲ့ဆွီဒင်ဟာ ရုရှားအတွက် “ဘာမှပြဿနာမရှိပါဘူး။” လို့ သမ္မတပူတင်က တနင်္လာနေ့က ထုတ်ဖော်ပြောဆိုပါတယ်။

ဒါပေမဲ့ ဖင်လန်၊ဆွီဒင် နိုင်ငံနှစ်ခုအနက် တခုခုမှာ စစ်အခြေစိုက်စခန်းဖွင့်ခဲ့ရင်၊ လက်နက်တပ်ဆင်ခဲ့ရင် ရုရှားဘက်က တုံ့ပြန်ရလိမ့်မယ်လို့ သတိပေးပြောဆိုပါတယ်။ ဘယ်လိုတုံ့ပြန်မယ်လို့ တိတိကျကျမပြောပါဘူး။ ဘယ်လိုတုံ့ပြန်မယ်ဆိုတာ “သူတို့ဖန်တီးတဲ့ခြိမ်းခြောက်မှုက ကျွန်တော်တို့အတွက် ဘယ်လောက်သက်ရောက်တယ်ဆိုတဲ့အပေါ် မူတည်ပါတယ်။”လို့ဆိုပါတယ်။

ဝင်လမ်းဖြောင့်ဖြူးနိုင်ပါ့မလား

သမ္မတပူတင်ရဲ့သဘောထားက စစ်အခြေစိုက်စခန်းမဆောက်ဘူး၊ မဟာဗျူဟာမြောက်နျူးကလီးယားလက်နက် မတပ်ဆင်ဘူးဆိုရင် နေတိုးအဖွဲ့ဝင်ထားတဲ့ ဖင်လန်၊ ဆွီဒင်နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ပါတယ်ဆိုတဲ့ သဘောသက်ရောက်ပါတယ်။

ဆွီဒင်ဝန်ကြီးချုပ် မက်ဒလီနာအန်ဒါဆွန်က သူ့မြေပေါ်မှာ နေတိုးစစ်အခြေစိုက်စခန်း ဆောက်ခွင့်ပြုမှာမဟုတ်သလို နျူးကလီးယားလက်နက်တပ်ဆင်ခွင့်လည်း ပြုမှာမဟုတ်ဘူးလို့ အကြိမ်ကြိမ်ထပ်လောင်းပြောကြားပါတယ်။ ဖင်လန်ကလည်း အဲသလို အခြေစိုက်စခန်းဆောက်မှာ၊ နျူးကလီးယားလက်နက်တပ်ဆင်မှာကို လိုလားပုံမရပါဘူး။ ဒါပေမဲ့အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်တဲ့အခါ ဘာမလုပ်ပါဘူးဆိုတဲ့ ခြွင်းချက်စည်းကမ်းမျိုးမှ ထားမှာမဟုတ်ဘူးလို့ တနင်္ဂနွေနေ့မှာ ဖင်လန်ကထုတ်ဖော်ပြောဆိုပါတယ်။

နေတိုးအဖွဲ့ဝင် တရားဝင်လျှောက်ထားချက်ကို ဆွီဒင် နိုင်ငံခြားရေးက အင်္ဂါနေ့မှာ လက်မှတ်ရေးထိုးလိုက်ပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နေတိုးအဖွဲ့ဝင် တရားဝင်လျှောက်ထားချက်ကို ဆွီဒင် နိုင်ငံခြားရေးက အင်္ဂါနေ့မှာ လက်မှတ်ရေးထိုးလိုက်ပြီ

နေတိုးအတွင်းရေးမှူးချုပ် ယန်းစတော့တင်ဘတ်ကလည်း ဖင်လန်နဲ့ဆွီဒင်ကို ရင်ဖွင့်ကြိုဆိုပါတယ်လို့ လှိုက်လှိုက်လှဲလှဲပြောဆိုပါတယ်။ ဒီလိုအခြေအနေတွေကိုခြုံငုံကြည့်ရင် ဖင်လန်နဲ့ဆွီဒင်တို့ နေတိုးအဖွဲ့ဝင်ဖြစ်ရေးဟာ လမ်းကြောင်းဖြောင့်ဖြူးနေပြီလို့ ယူဆဖွယ်ရာရှိပါတယ်။ ဒါပေမဲ့ သူတို့နှစ်နိုင်ငံအဖွဲ့ဝင်ဖြစ်ရေးမှာ တူရကီနိုင်ငံဟာ ဆူးတချောင်းဖြစ်လာပါတယ်။

တူရကီဘာ့ကြောင့်ကန့်ကွက်ချင်သလဲ

တူရကီက ကန့်ကွက်မယ်လို့ပြောဆိုရုံမက ဆွေးနွေးဖို့ကိုတောင် မလိုလားတဲ့သဘော ဖော်ပြပါတယ်။ ဖင်လန်နဲ့ဆွီဒင်တို့က သူတို့ရဲ့ကိုယ်စားလှယ်တွေကို တူရကီလွှတ်ဖို့စီစဉ်နေပါတယ်။ ဒါပေမဲ့ တူရကီ သမ္မတ ရီချက်တိုင်ရိအာဒိုဝမ်က “တနင်္လာနေ့မှာတူရကီကို သူတို့လာမယ်လို့ပြောတယ်။ ကျွန်တော်တို့ကိုဆွဲဆောင်စည်းရုံးဖို့လား။ ဘာလို့စိတ်ရှုပ်ခံနေကြမှာလဲ” လို့ဆိုပါတယ်။ တူရကီဘက်က ဘာကြောင့် အခုလောက်ခါးခါးသီးသီးဖြစ်နေပါသလဲ။

ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ တူရကီနိုင်ငံက အကြမ်းဖက်သမားလို့ယူဆသူတွေကို လွှဲပြောင်းပေးဖို့ ဖင်လန်နဲ့ ဆွီဒင်ကို ၃၃ ကြိမ်တိုင်တိုင်တောင်းဆိုခဲ့ပေမဲ့ တကြိမ်မှ မလိုက်လျောခဲ့ဘူးလို့ တူရကီတရားရေးဝန်ကြီးဌာနက တနင်္လာနေ့က ထုတ်ပြန်ပါတယ်။ တူရကီပြောတဲ့ အကြမ်းဖက်သမားတွေဆိုတာက ကာ့ဒ်လူမျိုးအလုပ်သမားပါတီ PKK နဲ့အခြားသောကာ့ဒ်နိုင်ငံတော်ထူထောင်လိုသူတွေဖြစ်ကြပါတယ်။ ကာ့ဒ်လူမျိုးတွေဟာ ကိုယ်ပိုင်နိုင်ငံထူထောင်ခွင့်မရဘဲ တူရကီ၊ အီရန်၊ အီရတ်၊ အာမေးနီးယား၊ ဆီးရီးယား နိုင်ငံတွေအတွင်းမှာ အစိတ်အပိုင်းတွေအဖြစ် ပါဝင်နေကြရသူတွေဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၉ ခုနှစ် ဆီးရီးယားအရေးဖြစ်ပွားစဉ်က တူရကီရဲ့ပါဝင်ပတ်သက်မှုအပေါ်အကြောင်းပြုပြီး ဖင်လန်နဲ့ဆွီဒင်တို့က တူရကီကို လက်နက်ရောင်းချမှုပိတ်ဆို့အရေးယူ ဆန်ရှင်လုပ်ထားခဲ့ပါတယ်။ အခုတူရကီက သူတို့ကို ဆန်ရှင်လုပ်ထားတဲ့နိုင်ငံကို နေတိုးအဖွဲ့ထဲပါဝင်ဖို့ မထောက်ခံနိုင်ဘူးလို့ပြောဆိုနေပါတယ်။

အခြားအဖွဲ့ဝင်နိုင်ငံတွေရဲ့သဘောထား

မြေပုံ

အခြားနောဒစ်နိုင်ငံတွေဖြစ်ကြတဲ့ နော်ဝေး၊ ဒိန်းမတ်၊ အိုက်စ်လန်းတို့ဟာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြပါတယ်။ သူတို့က ဖင်လန်နဲ့ ဆွီဒင်ကို ကြိုဆိုကြပါတယ်။ နောက်ထပ် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဗြိတိန်နိုင်ငံကလည်း လိုလားပါတယ်။ နေတိုးအဖွဲ့ဝင် နိုင်ငံပေါင်း ၃၀ မှာကျန်နိုင်ငံအားလုံးကလိုလားကြပါတယ်။ ဒါပေမဲ့ နေတိုးစည်းကမ်းအရ အဖွဲ့ဝင်နိုင်ငံအားလုံံးက သဘောတူမှ အဖွဲ့ဝင်သစ်ကိုလက်ခံနိုင်တာဖြစ်ပါတယ်။

တူရကီဟာ သူ့ရဲ့အဖိုးတန်တဲ့ မဲတပြားအတွက် တန်ရာတန်ကြေးကို ရချင်နေတာလားလို့လည်း တချို့သုံးသပ်သူတွေက ခန့်မှန်းကြပါတယ်။ အမေရိကန်ရဲ့အင်အားနဲ့သြဇာကိုအသုံးပြုပြီး စေ့စပ်ညှိနှိုင်းပေးနိုင်မလား၊ တူရကီကိုဖြောင့်ဖြနားချပေးနိုင်မလားလို့လည်း တချို့သောနိုင်ငံရေးသုတေသီတွေကတော့ မျှော်လင့်နေကြပါတယ်။