တရုတ်ရဲ့ ကိုဗစ်သုည စီမံချက်က ဘယ်လို အပြောင်းအလဲ ရှိလာနိုင်သလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စတင် ဖြစ်ပွားရာ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒီကပ်ရောဂါဘေးကို အတင်းကျပ်ဆုံး ထိန်းချုပ် ဆောင်ရွက်နေတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ပါတယ်။
ဒါပေမဲ့ လတ်တလော တရုတ်နိုင်ငံမှာ တစ်ဖန်ပြန်ဖြစ်လာတဲ့ ကိုဗစ်လှိုင်းတွေနဲ့အတူ နောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် တရုတ်အစိုးရက မူဝါဒ ပုံစံ ပြောင်းလာနိုင်သလား ဆိုတာကို မေးခွန်းထုတ်စရာ တွေ့ရပါတယ်။
လက်ရှိ တရုတ်ကိုဗစ်လှိုင်းသစ် ဘယ်လောက် အခြေအနေ ဆိုးနေသလဲ
တရုတ်နိုင်ငံမှာ လတ်တလော ပြန်ဖြစ်လာတဲ့ ကိုဗစ်ကူးစက်မှု တိုးလာခြင်းမှာ အိုမီခရွန် အမျိုးအစား ကိုဗစ်မျိုးကွဲ ပျံ့နှံ့မှုက အဓိက ဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို ဖြစ်လာခဲ့တာကြောင့် သန်းဆယ်နဲ့ချီတဲ့ ပြည်သူတွေ သွားလာလှုပ်ရှားခွင့် ပိတ်ပင် လော့ဒေါင်းချခံရပြီး အဲဒီအထဲမှာ ဘဏ္ဍာရေး ဗဟိုချက်လည်း ဖြစ်၊ အကြီးဆုံးမြို့လည်းဖြစ်တဲ့ ရှန်ဟိုင်းလည်း ပါဝင်လာခဲ့ပါတယ်။
အခုလို ဖြစ်လာခဲ့တဲ့အတွက် တရုတ်အစိုးရက လူအများစုလိုက် ကိုဗစ်စစ်ပေးတာတွေ ပြန်စလုပ်ခဲ့ပြီး၊ ယာယီဆေးရုံတည်ဆောက်တာနဲ့ ရောဂါနဲ့ ဆက်စပ်ပြီး သီးသန့် ခွဲနေဖို့ လိုအပ်သူတွေအတွက် နေရာထိုင်ခင်း အသစ် စီစဉ်တာတွေကို လုပ်လာခဲ့ပါတယ်။
အခုလို တရုတ်အစိုးရက အပူတပြင်း လုပ်ဆောင်နေတယ် ဆိုပေမယ့် တကယ်တမ်း ဖြစ်နေတဲ့ ရောဂါကူးနှုန်းက အမေရိကန်နဲ့ ဥရောပဘက်မှာ ဖြစ်ခဲ့တဲ့ နှုန်းနဲ့ နှိုင်းယှဉ်ရင် နည်းပါးတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ မတိုင်ခင် တစ်ပတ်အတွင်း တရုတ်ကုန်းတွင်းပိုင်း တစ်ခုလုံး ကိုဗစ်ကူးစက်မှုက ၅၄၀ဝ၀ ရှိခဲ့တယ် ဆိုပေမယ့် အမေရိကန်ဘက်က ကာလတူအတွင်း တွေ့ ရှိရတဲ့ ကိုဗစ်ကူးစက်အသစ်က ၁၈၀ဝ၀ဝ အထိ သုံးဆကျော် ရှိနေတာကို တွေ့ရပါတယ်။
တရုတ်ရဲ့ ကိုဗစ်သုည စီမံချက်က အပြောင်းအလဲ ရှိလာသလား
တရုတ်နိုင်ငံတလွှားမှာ ကိုဗစ်တွေ့ရှိမှုနှုန်း တက်လာတာနဲ့အမျှ တရုတ်အစိုးရရဲ့ ကိုဗစ်သုည စီမံချက်အတိုင်း လုပ်ဆောင်ဖို့ အခက်အခဲဖြစ်လာနိုင်တာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ အပတ်က တရုတ်အစိုးရက ကြိုတင်သတိပေးခြင်း မရှိဘဲ ရှန်ဟိုင်းမြို့ကို လော့ဒေါင်းချလိုက်တာကြောင့် လူပေါင်း ၂၆ သန်းလောက် အိမ်ပြင် မထွက်ရပဲ ဖြစ်သွားခဲ့ပါတယ်။
အခုလို လော့ဒေါင်းအကြီးအကျယ်ချမှုဟာ ၂၀၁၉ ဝူဟန်မှာ ကိုဗစ်စကူးပြီးနောက်ပိုင်း အကြီးဆုံး ကန့်သတ်စည်းကမ်းထုတ်မှုလည်း ဖြစ်ပါတယ်။
ရှန်ဟိုင်းဟာ တရုတ်ရဲ့ ဘဏ္ဍာရေးဗဟိုချက် ဖြစ်ရုံသာမက လျှပ်စစ်ပစ္စည်းမျိုးစုံနဲ့ ကားထုတ်လုပ်ရေးတွင်ကျယ်တဲ့ နေရာလည်း ဖြစ်တဲ့အပြင် ကမ္ဘာပေါ်မှာ အဝင်အထွက် အများဆုံး နိုင်ငံတကာ ဆိပ်ကမ်းလည်း ရှိတဲ့နိုင်ငံဖြစ်တဲ့အတွက် တရုတ်နိုင်ငံ စီးပွားရေးသာမက လာရောက်လုပ်ငန်းလုပ်နေတဲ့ ကုမ္ပဏီကြီးတွေရဲ့ စီးပွားရေးလည်း ထိခိုက်မှာ ဖြစ်ပါတယ်။
အခုလို အခြေအနေတွေမှာ စက်ရုံတွေ အလုပ်ခန်းတွေ လုံးဝပိတ်တာမျိုးမလုပ်ဘဲ အလုပ်သမားတွေကို အလုပ်ခွင်မှာပဲ ဆက်နေစေပြီး အပြင်မထွက်စေဘဲ ဆက်အလုပ်လုပ်စေတဲ့ ပုံစံမျိုးတွေကို လုပ်လာကြပါတယ်။
အခုလို ယခင်ကိုဗစ်စဖြစ်တဲ့အချိန်ကနဲ့ မတူတဲ့ စီးပွားရေးလုပ်ကိုင်ပုံတွေ ရှိတယ် ဆိုပေမယ့်လည်း တရုတ် ကိုဗစ်သုည စီမံချက်ရဲ့ အဓိက ကျတဲ့ ကန့်သတ်ချက်တွေကတော့ အပြောင်းအလဲ မရှိတာကို တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်ရဲ့ ကိုဗစ်သုည စီမံချက် အဓိက စည်းကမ်များ
တရုတ်နိုင်ငံရဲ့ အဝင်ရော အထွက်ကိုပါ တင်းတင်းကျပ်ကျပ် ကန့်သတ်ထားဆဲဖြစ်ပြီး ပြည်တွင်း သွားလာမှုကိုလည်း ကန့်သတ်ထားပါတယ်။
ပြည်ပကနေ တရုတ်နိုင်ငံကို ဝင်ရောက်ခွင့်ရသူတွေ အနေနဲ့ အဝင်မှာ ထပ်မံ စစ်ဆေးခြင်းခံရပြီး အစိုးရသတ်မှတ်ထားတဲ့ သီးခြားခွဲနေဖို့ ဟိုတယ်တွေမှာ နှစ်ပတ် မဖြစ်မနေ နေထိုင်ရပြီး ပြီးသွားရင်လည်း နောက်ထပ် စောင့်ကြည့်မှုတွေ လုပ်ပါတယ်။
ရပ်ကွက်နဲ့ အသိုင်းအဝိုင်းအလိုက် ပုံမှန် ကိုဗစ်စစ်မှုတွေကိုလည်း ပြုလုပ်စေပြီး တစ်ဦးတစ်ယောက်မှာ တွေ့ရှိပြီ ဆိုတာနဲ့ တစ်စုလုံးကို နေအိမ်တွေမှာ မနေထိုင်စေတော့ဘဲ သီးခြားခွဲနေနိုင်တဲ့ နေရာတွေကို အာဏာပိုင်တွေက ပို့ဆောင်စေပါတယ်။ အခုလို လုပ်ပြီးတဲ့အခါမှာတော့ အဲဒီနေရာကို ကွက်ပြီး လော့ဒေါင်းလုပ်ပါတယ်။
လူနေဧရိယာအတွင်းက အစားအသောက်နဲ့တကွ အခြားမရှိမဖြစ် အသုံးအဆောင်ဆိုင်တွေကလွဲလို့ ဆိုင်ခန်းအားလုံးကို ပိတ်စေပါတယ်။
ကျောင်းတွေကိုလည်း ပိတ်ထားပြီး အများပြည်သူသုံး သွားလာရေးစနစ်ကိုလည်း ဆိုင်းငံ့ထားတဲ့အပြင် ယာဉ်သွားလာခွင့်ကိုပါ ကန့်သတ်ပါတယ်။
ကိုဗစ်သုညရဲ့ ဘယ်စည်းကမ်းတွေကို လျှော့ပေးလာသလဲ
အခုလို ကိုဗစ်ဖြစ်ကာစအတိုင်းပဲ စည်းကမ်းတင်းကျပ်လိုက်တဲ့ အခြေအနေတွေကြောင့် တရုတ် ကျန်းမာရေး စောင့်ရှောက်မှု စနစ်အတွင်း အကျပ်အတည်းတွေ ပြန်ဖြစ်လာရာမှာ တချို့ စည်းကမ်းတွေကိုတော့ လျှော့ပေးလာတာကို တွေ့ရပါတယ်။
ကိုဗစ်ရောဂါ ကူးစက်ခံနေရကြောင်း တွေ့ရှိရပေမယ့် ရောဂါလက္ခဏာ မပြင်းထန်သူတွေဟာ ယခင်က သီးခြားသတ်မှတ်ထားတဲ့ ဆေးရုံတွေကို သွားရပေမယ့် ပြောင်းလဲလိုက်တဲ့ စည်းကမ်းတွေအရ သွားစရာ မလိုတော့ပါဘူး။
အခုလို ကူးတိုင်း ဆေးရုံသွားစရာ မလိုဘူးဆိုပေမယ့် သီးခြားခွဲနေရမယ့် နေရာတွေကိုပဲ သွားရဆဲဖြစ်ပြီး သီးခြားနေရမယ့် အချိန်ကာလတော့ လျှော့ချပေးတယ်လို့ ဆိုပါတယ်။
ကိုဗစ်စစ်ဆေးမှုတွေကို အာဏာပိုင်တွေက ကိုယ်တိုင်ကြပ်မတ်တာထက် ကိုယ်တိုင် ကိုဗစ်စစ်တဲ့ ကိရိယာတွေကို ဆိုင်တွေနဲ့ အွန်လိုင်းကနေ အလွယ်တကူ မှာယူနိုင်အောင် လုပ်ပေးတာမျိုးလည်း ရှိလာပါတယ်။
တရုတ်ရဲ့ ကိုဗစ်သုည စီမံချက် အောင်မြင်မှု အတိုင်းအတာ
တရုတ်နိုင်ငံဟာ လက်ရှိ ကိုဗစ်လှိုင်းအသစ်တွေ မခံရမီမှာ သူတို့ရဲ့ ကိုဗစ်သုည မူဝါဒ အောင်မြင်နေခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။
စဖြစ်တဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ကစပြီး အမေရိကန်မှာ ကိုဗစ်ကြောင့် သေဆုံးသူ တစ်သန်းလောက် ရှိခဲ့ရာမှာ တရုတ်နိုင်ငံမှာတော့ ၄၆၀ဝ သာရှိတာကို တွေ့ရပါတယ်။
အဲဒီ နှုန်းအရ ဆိုရင် တရုတ်နိုင်ငံ ကုန်းတွင်းပိုင်းမှာ လူတစ်သန်း သုံးယောက်နှုန်းသာ ကိုဗစ်ကြောင့် သေဆုံးတာကို တွေ့ရမှာဖြစ်ပါတယ်။
အမေရိကန်မှာဆိုရင်တော့ လူတစ်သန်းမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၃၀ဝ၀ အထိ ရှိတာကိုတွေ့ရပြီး ယူကေနိုင်ငံမှာဆိုရင်လည်း လူတစ်သန်းမှာ ၂၄၀ဝ နှုန်း ကိုဗစ်ကြောင့် သေဆုံးခဲ့တာ ဖြစ်ပါတယ်။
တရုတ်ရဲ့ သေဆုံးမှုနဲ့ ကူးစက်မှု ဆိုင်ရာ သတင်းအချက်အလက် ထုတ်ပြန်မှုတွေကို သံသယဖြစ်စရာမဖြစ် ပြောဆိုကြတဲ့ သုံးသပ်သူတွေလည်း ရှိတယ်ဆိုပေမယ့် တခြားနိုင်ငံတွေထက် သက်ရောက်မှု နည်းပါးတာကိုတော့ ထင်ထင်ရှားရှား တွေ့ရမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံသား ၈၈ ရာခိုင်နှုန်းက ကိုဗစ်ကာကွယ်ဆေး ထိုးပြီး ဖြစ်ပေမယ့်လည်း တရုတ်အစိုးရက သူတို့ရဲ့ ကိုဗစ်သုည မူဝါဒက အခြေကျကျ ပြောင်းလဲမယ့်ပုံတော့ မပေါ်သေးပါဘူး။
အခုလို ဆက်လက် တင်းကျပ်နေရတဲ့ အကြောင်းအရင်းတစ်ခုကတော့ ဒီမူဝါဒက တရုတ်အစိုးရရဲ့ အုပ်ချုပ်ပုံ ကောင်းမွန်မှုကို သက်သေပြပေးနေလို့လည်း ဖြစ်တယ်လို့ တရုတ်စီးပွားရေးပညာရှင် ရှုတျန်းရှန်က ပြောပါတယ်။
တရုတ်ပြည်တွင်း သတင်းမီဒီယာတွေမှာ တရုတ်အစိုးရရဲ့ ကိုဗစ်မူဝါဒကြောင့် သေပျောက်ကူးစက်နှုန်းက တခြားနိုင်ငံတွေထက် သိသိသာသာ နည်းနေတာကို တွေ့ရတဲ့ နိုင်ငံသားတွေက ကိုဗစ်မူဝါဒကြောင့် စီးပွားရေးထိခိုက်မှုကို လက်ခံထားနိုင်ကြတယ်လို့လည်း သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
တရုတ်ရဲ့ ကိုဗစ်လှိုင်း နောက်ဆုံးအခြေအနေ
တရုတ်နိုင်ငံမှာ ကိုဗစ်သုည စီမံချက်အတိုင်း ဆက်လက် ဆောင်ရွက်နေပေမယ့် ကိုဗစ်ကူးစက်နှုန်း ဆက်တက်လာနေတာကို တွေ့ရပါတယ်။
ရှန်ဟိုင်းမြို့ ကို လော့ဒေါင်းချထားမှု အခြေအနေလည်း ဆက်ရှိနေပေမယ့် ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့မှာ ရှန်ဟိုင်း ကိုဗစ်ကူးစက်မှုက ၂၁၀ဝ၀ အထိ ရှိနေခဲ့တာကို တရားဝင် ကြေညာချက်အရ သိရပါတယ်။
တရုတ်အစိုးရ တရားဝင်ကြေညာချက်အရ ဆိုရင် ကူးစက်တွေ့ရှိမှုကြောင့် ၁၃၀ဝ၀ဝ အထိ ရှိသွားပြီဖြစ်ပြီး ရောဂါပြင်းထန်သူကတော့ တစ်ဦးသာ ရှိတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ဒါပေမဲ့ ကိုဗစ်ကြောင့် တိုက်ရိုက်မဟုတ်ဘဲ စည်းကမ်းတင်းကျပ်မှုကြောင့် ဖြစ်တဲ့ အခက်အခဲတွေလည်း ရှန်ဟိုင်းမြို့မှာ ရှိနေပြီး ကာလကြာလာတဲ့ လော့ဒေါင်းအခြေအနေကြောင့် သန်းချီတဲ့ လူတွေအတွက် အစားအစာ ပို့ဆောင်ရေး အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။
အပြင်ထွက်ခွင့်မရတဲ့ လူတိုင်းကို အစားအသောက် အချိန်မီ ပို့မပေးနိုင်မှုကြောင့် တစ်ရက်တစ်ကြိမ်ပဲ စားရသူတွေ ရှိလာပြီး အထူးသဖြင့် တစ်ယောက်ထဲနေကာ အင်တာနက်သုံးပြီး အစားအသာက်မှာယူဖို့ အခက်အခဲရှိတဲ့ သက်ကြီးရွယ်အိုတွေ အတွက် စိုးရိမ် ရတယ်လို့ ချီကာဂိုတက္ကသိုလ်က နိုင်ငံရေးသိပ္ပံပညာရှင် ဒါလီ ယန်းက ဆိုပါတယ်။
တရုတ်အရှေ့မြောက်ပိုင်းက ကျည်လင်းမြို့မှာ ဆိုရင် လော့ဒေါင်းချထားတာ ၃၃ ရက်အထိ ရှိသွားခဲ့ပြီ ဖြစ်ပြီး ထိတွေ့ ကိုဗစ်ကူးမှု မရှိတော့ဘူးလို့ ကြေညာထားပေမယ့် လော့ဒေါင်းဘယ်တော့ ပြန်ဖွင့်မလဲ ဆိုတာကိုတော့ အာဏာပိုင်တွေက မကြေညာသေးပါဘူး။








