တကျော့ပြန်ကိုဗစ်နဲ့ ရှန်ဟိုင်းမြို့အကျပ်အတည်း

အစိုးရအစီအစဉ်နဲ့ အစားအသောက်ဖြန့်ဝေပေးပေမဲ့ လူတိုင်းဆီကို လိုတဲ့အချိန်အမီရောက်အောင် မဖြန့်ဖြူးနိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အစိုးရအစီအစဉ်နဲ့ အစားအသောက်ဖြန့်ဝေပေးပေမဲ့ လူတိုင်းဆီကို လိုတဲ့အချိန်အမီရောက်အောင် မဖြန့်ဖြူးနိုင်

လူဦးရေ ၂၅ သန်းကျော်ရှိတဲ့ ရှန်ဟိုင်းမြို့ဟာ ကမ္ဘာမှာလူဦးရေ အထူထပ်အများပြားဆုံးမြို့ကြီးဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာလည်း အကြီးဆုံးမြို့ကြီးပါ။ ကမ္ဘာ့ဘဏ္ဍာရေးလောကရဲ့ ထိပ်သီးစျေးကွက်ကြီးတွေထဲက တခုလည်း ဖြစ်ပါတယ်။ အဲဒီမြို့ကြီးကို ကိုဗစ်ကပ်ရောဂါကြောင့် အခုလော့ဒေါင်းချထားပါတယ်။ လော့ဒေါင်းချထားတဲ့ ဧရာမရှန်ဟိုင်းမြို့ကြီးမှာ အခုတော့စားနပ်ရိက္ခာပြတ်လပ်တဲ့ ဒုက္ခကို ရင်ဆိုင်နေကြရတယ်လို့ မြို့သားတချို့ကဆိုကြပါတယ်။

ရှန်ဟိုင်းမြို့မှာနေထိုင်သူတွေကို အိမ်ထဲကအိမ့်ပြင်မထွက်ရစည်းကမ်းထုတ်ထားပါတယ်။ မဖြစ်မနေအရေးကြီးလှတဲ့ စားကုန်သောက်ကုန်ဝယ်ဖို့ကိစ္စမျိုးအတွက်တောင် အပြင်ထွက်ခွင့်မပြုပါဘူး။

ဧပြီလ ၇ ရက်ကြာသပတေးနေ့မှာ ကိုဗစ်ပိုးတွေ့သူအရေအတွက် စုစုပေါင်း ၂၀၀၀၀ နီးပါးရှိပါတယ်။ ဒါဟာ ရှန်ဟိုင်းမြို့မှာ အမြင့်ဆုံးစံချိန်တင်ခဲ့တဲ့အရေအတွက်ကို မီလုနီးပါးဖြစ်နေပါပြီ။

တင်းတင်းကျပ်ကျပ်လော့ဒေါင်းချလိုက်တော့ ရှန်ဟိုင်းလိုမြို့ကြီးမှာ အခက်အခဲတွေကြုံတွေ့နေရတယ်ဆိုတာကို တာဝန်ရှိသူတွေက ဝန်ခံကြပါတယ်။ တိုးတက်မှုရှိလာအောင် ကြိုးစားနေကြပါတယ်လို့လည်း ဆိုပါတယ်။

အစားအသောက်ကို အချိန်မီရောက်အောင် ဖြန့်ဖြူးမပေးနိုင်တာက အဓိကအခက်အခဲဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အစားအသောက်ကို အချိန်မီရောက်အောင် ဖြန့်ဖြူးမပေးနိုင်တာက အဓိကအခက်အခဲဖြစ်နေ

ဒါပေမဲ့ တင်းကျပ်တဲ့စည်းကမ်းတချို့ကြောင့် ပြည်သူလူထုက ဒေါသထွက်ကြပါတယ်။ ဥပမာ ကိုဗစ်ပိုးတွေ့ရင် ကလေးတွေနဲ့ မိဘကိုခွဲထုတ်ပစ်တဲ့စည်းကမ်းချက်မျိုးပါ။ နောက်ပိုင်းမှာတော့ ပိုးကူးစက်ခံရတဲ့မိဘတွေနဲ့အတူ ကလေးတွေကိုပါ သီးခြားခွဲထားတဲ့နေရာတွေမှာ နေခွင့်ပြုထားတယ်လို့ တာဝန်ရှိသူတွေက တုံ့ပြန်ရှင်းလင်းပါတယ်။ ဒါပေမဲ့ ရိုက်တာသတင်းတပုဒ်မှာတော့ ကလေးနဲ့မိဘခွဲခြားထားရှိမှုပြဿနာအတွက် မကျေနပ်သံတွေရှိနေဆဲပဲလို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့ကစပြီး လူအားလုံး ကိုဗစ်စမ်းသပ်မှုမလုပ်မနေရအစီအစဉ် တကျော့ပြန်စပါတယ်။ ပိုးတွေ့တဲ့သူတိုင်းဟာ သီးခြားခွဲနေထိုင်ရပါတယ်။ ကိုယ့်အိမ်မှာကိုယ်သီးခြားခွဲနေထိုင်တာမျိုးကို ခွင့်မပြုဘဲ အစိုးရအစီအစဉ်အတိုင်း လိုက်နာဆောင်ရွက်ရတာပါ။ ရောဂါလက္ခဏာပျော့တဲ့သူရော၊ ရောဂါလက္ခဏာမပြတဲ့သူရော ဘယ်သူ့ကိုမှ ခြွင်းချက်မထားပါဘူး။ ဒါပေမဲ့ အစိုးရစီစဉ်တဲ့ သီးခြားခွဲဌာနဟာ လူတွေများလာလို့ ရှိသင့်ရှိထိုက်တဲ့ ပျမ်းမျှအဆင့်အတန်းထက်နိမ့်ကျနေပြီလို့ ဝေဖန်သူတွေက ဆိုကြပါတယ်။

ရိက္ခာပြဿနာဘာ့ကြောင့်ဖြစ်လာသလဲ

လွန်ခဲ့တလကရှန်ဟိုင်းမြို့မှာ အိုမီခရွန်ဗိုင်းရပ်စ်ပိုးစတွေ့တော့ လူနေရပ်ကွက်တချို့ကိုသာရွေးပြီး ပိတ်ပင်ခဲ့တာပါ။ အဲဒီနောက်ဗိုင်းရပ်စ်ပိုပျံ့လာတော့ အရာရှိတွေဟာ ပြီးခဲ့တဲ့အပတ်ကစပြီး လော့ဒေါင်းကို ရုတ်ခြည်းတိုးချဲ့လိုက်ပါတယ်။ ရှန်ဟိုင်းမြို့ကြီးဟာ နှစ်ခြမ်းကွဲသွားပြီး တခြမ်းစီဟာ စည်းကမ်းတမျိုးစီ ဖြစ်သွားပါတယ်။ တနင်္လာနေ့မှာတော့ တမြို့လုံးက လူဦးရေ ၂၅ သန်းကျော်အားလုံးအတွက် လော့ဒေါင်းကြေညာလိုက်ပါတယ်။

လော့ဒေါင်းစည်းကမ်းကလည်း တင်းကျပ်တော့ လူအများစုဟာ အစားအသောက်နဲ့ရေကို အိမ်တိုင်ရာရောက် မှာစားကြရပါတယ်။ ဟင်းသီးဟင်းရွက်၊ အသားငါး၊ ကြက်ဥတွေကို အစိုးရအစီအစဉ်နဲ့ လာချပေးတဲ့အထိ ထိုင်စောင့်ကြရပါတယ်။

ဒါပေမဲ့ လော့ဒေါင်းပမာဏက သိပ်ကျယ်ပြန့်လွန်းတော့ အိမ်တိုင်ရာရောက်ပို့တဲ့ဝန်ဆောင်မှုလုပ်ငန်းတွေ၊ စားသောက်ကုန်ရောင်းတဲ့ စျေးဆိုင်တွေ၊ ဝက်ဘ်ဆိုက်တွေဟာ လိုက်မမီနိုင်ကြပါဘူး။ အစိုးရရဲ့ဖြန့်ဖြူးမှု အစီအစဉ်ကလည်း မီအောင်မလိုက်နိုင်ပါဘူး။

အိမ်တိုင်ရာရောက်ပို့ဆောင်သူအများအပြားဟာလည်း လော့ဒေါင်းဧရိယာထဲရောက်နေတဲ့အတွက် အိမ်ပို့လုပ်ငန်းက စွမ်းဆောင်ရည်ကျဆင်းနေပါတယ်။

တချို့ဧရိယာကလူတွေကတော့ သူတို့နေရာဟာ လုံးဝအဆက်အသွယ်ပြတ်တောက်နေပြီလို့ ဆိုပါတယ်။

“အိမ်ပို့သမား အလုံအလောက်မရှိတဲ့ ပြဿနာကို ကျေးဇူးပြုပြီး မြန်နိုင်သမျှအမြန်ဆုံး ဖြေရှင်းပေးကြပါ” လို့ လူမှုကွန်ရက် ဝေဘိုစာမျက်နှာမှာ လူတယောက်က အရာရှိတွေရဲ့ဗီဒီယိုအောက်ဝင်ပြီး ရေးထားတာ တွေ့ရပါတယ်။ နောက်ထပ်လူတယောက်ကတော့ “ဘဝမှာအစာငတ်တာ ဒါပထမဆုံးပဲ” လို့ ရေးထားပါတယ်။

စျေးအဆမတန်တင်တောင်းတာကို စိုးရိမ်ပူပန်သူတွေ ရှိကြသလို၊ နည်းပညာနဲ့မရင်းနှီး၊ အွန်လိုင်းကနေစျေးမဝယ်တတ်သူ သက်ကြီးရွယ်အိုတွေ ဘယ်လိုများလုပ်ကြမလဲဆိုတာကိုလည်း ပူပန်ကြပါတယ်။

ကိုဗစ်ပိုးရှိမရှိစစ်ဆေးမှုကို မလုပ်မနေရသတ်မှတ်ပြဋ္ဌာန်းထား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကိုဗစ်ပိုးရှိမရှိစစ်ဆေးမှုကို မလုပ်မနေရသတ်မှတ်ပြဋ္ဌာန်းထား

မနေ့ကဗုဒ္ဓဟူးနေ့မှာ အစားအသောက်အတွက် လူအများအပြားဒုက္ခရောက်ကြတာကို တာဝန်ရှိသူတွေသတိပြုမိကြပါတယ်။ ရှန်ဟိုင်းမြို့မှာ ဆန်၊ ခေါက်ဆွဲ၊ အသီးအနှံ၊ ဆီ၊ အသားငါး အလုံအလောက်ရှိပါတယ်လို့ အရာရှိတွေက ထုတ်ဖော်ပြောဆိုပါတယ်။ ဒါပေမဲ့ပြဿနာက အချိန်မီရောက်အောင် ဖြန့်ဝေမပေးနိုင်တာပါ။

“နေ့စဉ်လိုအပ်ချက်ပြည့်မီအောင် ပို့မပေးနိုင်တဲ့ အခက်အခဲရှိနေတယ်ဆိုတာ မှန်ပါတယ်” လို့ ရှန်ဟိုင်းမြူနီစပယ်ဒေသရဲ့ ကုန်သွယ်ရေးကော်မရှင်ဒါရိုက်တာ လျူမင်းက ဝန်ခံပါတယ်။

“တချို့လက်ကားစျေးတွေ၊ ကုန်စုံဆိုင်ကြီးတွေ ပြန်ဖွင့်ပေးပြီး အိမ်ပို့သမားတွေကိုလည်း လော့ဒေါင်းဧရိယာအပြင်ဘက် ပိုထွက်ခွင့်ပြုမယ်”လို့ ဒီနေ့ကြာသပတေးနေ့မှာ ရှန်ဟိုင်းဒုတိယမြို့တော်ဝန်ကဆိုပါတယ်။

“ပြဿနာတွေကိုအဖြေထုတ်ဖို့အတွက် ကျွန်တော်တို့ညအထိအစည်းအဝေးတွေထိုင်နေကြပါတယ်” လို့လည်း သူက ဆိုပါတယ်။

တရုတ်နိုင်ငံဟာ ကိုဗစ်အမြစ်ပြတ်ရေး မူဝါဒချမှတ်လုပ်ဆောင်နေဆဲ တိုင်းပြည်တပြည်ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအများစုကတော့ အိုမီခရွန်လိုဗိုင်းရပ်စ်မျိုးကို အမြစ်ပြတ်ရှင်းလင်းရေးရည်မှန်းချက်မထားတော့ဘဲ အိုမီခရွန်နဲ့အတူရှင်သန်နေထိုင်ရေး ရည်မှန်းချက်မျိုးသာ ထားကြပါတယ်။

တရုတ်ဟာ ရှီအန်းလို ဝူဟန်လို မြို့ကြီးတွေမှာ သန်းနဲ့ချီတဲ့လူတွေကို လော့ဒေါင်းအပြည့်ချတဲ့နည်းနဲ့ ကိုဗစ်အစပိုင်းကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ရှန်ဟိုင်းဟာ အကြီးဆုံးမြို့ကြီးဖြစ်သလို အိုမီခရွန်ကလည်း အရင်ပိုးတွေထက် သူမတူအောင် ကူးစက်နှုန်းမြန်ဆန်လှပါတယ်။

တရုတ်ပြည်ရဲ့ စီးပွားရေးဇုန်ကြီးတခုဖြစ်သလို ဘဏ္ဍာရေးအချက်အချာနေရာကြီးတခုလည်းဖြစ်တဲ့ ရှန်ဟိုင်းကို လုံးဝပိတ်ချလိုက်တဲ့လုပ်ရပ်ဟာ တရုတ်ပြည်စီးပွားရေးကိုသာမက ကမ္ဘာ့စီးပွားရေးအပေါ်မှာပါ အကျိုးသက်ရောက်မှုတချို့ဖြစ်ပေါ်လာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။

ဗီဒီယို ပုံစာ, စီးပွားရေးမြို့တော် ရှန်ဟိုင်းမြို့ကို လော့ခ်ဒေါင်းချ