ယူကရိန်းစစ်ပွဲ ဘယ်လို ပုံစံမျိုးနဲ့ အဆုံးသတ်သွားနိုင်သလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဂျိမ်းစ် လန်ဒေးလ်
- ရာထူးတာဝန်, ဘီဘီစီ သံတမန်ရေးရာသတင်းထောက်
လက်ရှိ ဖြစ်ပွားနေတဲ့ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်မှာ စစ်ပွဲ သဘော သဘာဝအရကိုပဲ ရှေ့ဆက်ဘာဖြစ်မယ်ဆိုတာ အသေအချာ ပြောဖို့ ခက်ခဲနိုင်ပါတယ်။
အခုလို စစ်ပွဲ အခြေအနေအတွင်း မြေပြင်ကလာတဲ့ တိုက်ပွဲသတင်းတွေ၊ သံတမန်ရေးရာ နှစ်ဖက် အပြန်အလှန် ပြောကြားမှုတွေ၊ သေဆုံးဒဏ်ရာရသူနဲ့ ပျောက်ဆုံးနေသူတွေအတွက် ဝမ်းနည်းပူဆွေးရတဲ့ စိတ်ခံစားချက်မျိုးစုံတွေကြောင့်လည်း ရှေ့အနာဂါတ်ဖြစ်နိုင်ခြေကို မှန်းဆနိုင်ရေးမှာ အတားအဆီး ဖြစ်နေနိုင်ပါတယ်။
ဒီလို ဖြစ်နေပေမယ့်လည်း လက်ရှိစစ်ပွဲရဲ့ အနာဂါတ်ဖြစ်နိုင်ခြေ အမျိုးမျိုးကို နိုင်ငံရေးသမားတွေနဲ့ စစ်ရေး စီမံသူတွေကို ဘယ်လို မှန်းဆတွက်ချက်ပြီး ပြင်ဆင်နေသလဲ ဆိုတာကိုတော့ သုံးသပ်ကြည့်နိုင်ပါတယ်။
ရေတိုသာ တိုက်ရပြီး စစ်ပွဲ ပြီးဆုံးသွားနိုင်သလား
ရုရှားက ယူကရိန်းကို အချိန်တိုအတွင်း အပြီးသတ် တိုက်ခိုက်နိုင်မယ် ဆိုတဲ့ အနေအထားဟာ ရုရှားက လက်ရှိ သူတို့ရဲ့ စစ်ရေးလှုပ်ရှားမှု စီမံချက်တွေကို အရှိန်အဟုန်ဆက်မြှင့်ပြီး လှုပ်ရှားနေမယ် ဆိုရင် ဖြစ်လာနိုင်ပါတယ်။
အဲဒီအနေအထားမှာဆိုရင် ယူကရိန်းပြည်တွင်းကို ရုရှားက နေရာရွေးမနေဘဲ အဝေးပစ် လက်နက်ကြီး ကျည်ဆံတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်လာနိုင်ပါတယ်။
လက်ရှိ အမှန်တကယ် ရုရှားထိုးစစ်ရဲ့ အဓိကအစိတ်အပိုင်း မဟုတ်သေးတဲ့ လေတပ်သုံး ဗုံးကြဲမှုတွေကိုလည်း အကြီးအကျယ် စလုပ်လာရမှာဖြစ်ပြီး ဒီလိုဆိုရင် ရေတိုစစ်ပွဲ ဖြစ်သွားနိုင်ပါတယ်။
ဒါ့အပြင် ဒီလို ရေတိုစစ်ပွဲ ဖြစ်ဖို့အတွက် ရုရှားဟာ ယူကရိန်းရဲ့ စွမ်းအင်နဲ့ ဆက်သွယ်ရေးကဏ္ဍ အစရှိတဲ့ နိုင်ငံတော်ပိုင်းက အခြေခံ အဆောက်အအုံ စနစ်တွေ ပြတ်တောက် ရပ်ဆိုင်းကုန်အောင် အွန်လိုင်းကနေ ဆိုင်ဘာ ဖောက်ထွင်း နှောက်ယှက် တိုက်ခိုက်မှုတွေ အကြီးအကျယ် လုပ်ရမှာ ဖြစ်ပါတယ်။
ဒီလို ဖြစ်စဉ်အတွင်းမှာ ထောင်ချီတဲ့ အရပ်သားတွေလည်း သေဆုံးရနိုင်ပြီး မြို့တော်ကိဗ် ဆိုရင်လည်း ရက်ပိုင်းအတွင်း ကျသွားနိုင်ပါတယ်။
ဒီလို ရေတိုစစ်ပွဲ ဖြစ်နိုင်ခြေမှာ ရုရှားက လက်ရှိ ယူကရိန်းအစိုးရကို ဖြုတ်ချပြီး သူတို့ စိတ်ကြိုက် ရုပ်သေးအစိုးရကို ပြန်တင်ပေးခဲ့မှာ ဖြစ်သလို လက်ရှိသမ္မတ ဇယ်လန်းစကီးဆိုရင်လည်း အလုပ်ကြံခံရရင် ခံရ၊ မခံရရင်လည်း ပြည်ပကို ထွက်ပြေးရပြီး ပြည်ပြေးအစိုးရ ဖွဲ့ရတဲ့ အနေအထား ရောက်သွားနိုင်ပါတယ်။
အခုလို အခြေအနေ ရောက်သွားပြီဆိုရင် ရုရှားသမ္မတ ပူတင်က သူတို့ စစ်ပွဲအောင်နိုင်ကြောင်း ကြေညာမှာဖြစ်ပြီး ယူကရိန်းကို ဆက်လက်ထိန်းချုပ်နိုင်လောက်မယ့် တပ်သားအရေအတွက်လောက်ပဲ ထားခဲ့ကာ တပ်တွေ ပြန်ဆုတ်မှာ ဖြစ်ပါတယ်။
ဒီလို အနေအထားမှာ ထောင်သောင်းချီတဲ့ ယူကရိန်း စစ်ပြေးဒုက္ခသည်တွေက အနောက်နိုင်ငံတွေကို ဆက်လက် ထွက်ပြေးရနိုင်ပြီး ယူကရိန်းနိုင်ငံအနေနဲ့လည်း လက်ရှိ ဘယ်လာရုစ်လိုပဲ ရုရှားစကားနားထောင်ရတဲ့ နိုင်ငံတနိုင်ငံ ဖြစ်သွားမှာ ဖြစ်ပါတယ်။
အခုလို အနေအထားဟာ ရေရှည်မှာ ပြန်လည် တည်ငြိမ်သွားမယ့် အနေအထားတော့ မဖြစ်နိုင်ဘဲ ရုရှားထောက်ခံတဲ့ ဘယ်ယူကရိန်းအစိုးရကိုမဆို ပုန်ကန်သူတွေ ရှိလာမှာ ဖြစ်တဲ့အတွက် ပဋိပက္ခဖြစ်နိုင်ခြေက မြင့်မြင့်မားမား ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရေရှည် စစ်ပွဲ ဖြစ်သွားနိုင်သလား
ရုရှားရဲ့ ယူကရိန်းထိုးစစ်ဟာ ရေတို စစ်ပွဲဖြစ်မယ့် အနေအထားထက် ရေရှည် စစ်ပွဲ ဖြစ်သွားမယ်လို့ ယူဆနိုင်တဲ့ အကြောင်းအရင်းတွေလည်း ရှိနေပါတယ်။
အလုံးအရင်းနဲ့ ဝင်ရောက်ဖို့ ပြင်ဆင်နေတယ်လို့ ယူဆရတဲ့ ရုရှားတပ်တွေ အနေနဲ့ တပ်ရွှေ့ လှုပ်ရှားမှု နှေးကွေးနေပြီး တပ်သားတွေ ကိုယ်တိုင် တိုက်ချင်စိတ် မရှိတာ၊ သယ်ယူပို့ဆောင် လှုပ်ရှားရေး စနစ်မကောင်းတာ၊ ခေါင်းဆောင်ပိုင်း လိုအပ်ချက်တွေ ရှိတာတွေကြောင့် တိုက်ပွဲ အနေအထားက ရေရှည်ဖြစ်သွားနိုင်ပါတယ်။
အထူးသဖြင့် မြို့တော်ကိဗ်ကို သိမ်းတဲ့ တိုက်ပွဲမျိုးမှာ လမ်းကြားတွေကနေ ထွက်လာပြီး ခုခံမယ့်သူတွေကို ရုရှားက အပြီးသတ် ထိန်းချုပ်ပြီး မြို့ကို စီးထားနိုင်ဖို့ ခဲယဉ်းမှာဖြစ်ပါတယ်။
လက်တွေ့ မှာဆိုရင်လည်း ရုရှားဟာ ၁၉၉၀ ပြည့်လွန်ကာလတွေမှာ ချေချင်းညာဒေသကို အပြီးသတ်ထိန်းချုပ်နိုင်ဖို့ ဆယ်နှစ်ကျော် အချိန်ယူခဲ့ရ ရာမှာ ဒေသမြို့တော် ဂရော့ဇညီ ကို နှစ်ကြိမ် တိုက်ခိုက်ပြီးမှ အပြီးသတ် ထိန်းချုပ်နိုင်ခဲ့တာကို တွေ့ရပါတယ်။
ရုရှားတပ်တွေက နောက်ဆုံးမှာ ယူကရိန်းမြို့ ကြီးတွေအတွင်း တပ်ဖြန့်ချထားနိုင်ပြီ ဆိုရင်တောင်မှ ဒေသခံ ထောက်ခံမှုရတဲ့ ယူကရိန်း သူပုန်တပ်ဖွဲ့ တွေက စုစုစည်းစည်းနဲ့ အားကျိုးမာန်တက် တိုက်ခိုက်နေမယ်ဆိုရင် ယူကရိန်းကို ရုရှားက ထိထိရောက်ရောက် ထိန်းချုပ်ထားနိုင်ဖို့ ခဲယဉ်းမှာ ဖြစ်ပါတယ်။
တဖက်မှာလည်း ယူကရိန်း သူပုန်တွေကို အနောက်နိုင်ငံတွေက လက်နက်တွေ ဆက်လက် ထောက်ပံ့နေမှာ ဖြစ်တဲ့အတွက် စစ်ပွဲက ရေရှည်ဖြစ်ဖို့ များသွားနိုင်ပါတယ်။
ဥရောပ တတိုက်လုံး စစ်မီး ကူးစက်သွားနိုင်ခြေ ရှိနေသလား
ရုရှားသမ္မတ ပူတင် အနေနဲ့ လက်ရှိ ယူကရိန်းစစ်တပ်ကို အနောက်နိုင်ငံတွေက လက်နက်တွေပါ ထောက်ပံ့နေတဲ့အပေါ် ဒီ အနောက်နိုင်ငံတွေက ရုရှားကို ရန်စတာ ဖြစ်တယ်လို့ ယူဆပြီး ပြန်လည် စစ်ရေး တုံ့ ပြန်မှုတွေ လုပ်လာနိုင်ပါတယ်။
ဒီလို လုပ်ရာမှာ ပူတင် အနေနဲ့ ရုရှားရဲ့ အဓိက နယ်နမိတ် အဝန်းအဝိုင်းထဲမှာ မပါပဲ ပိုလန်နဲ့ လစ်သူယေးနီးယား ကြားမှာ ရှိနေတဲ့ သူတို့ရဲ့ ဘောလ်တစ်ဒေသ ကလင်နင်ဂရက်နယ်နဲ့ ကုန်းလမ်း ချိတ်ဆက်ဖို့အတွက် မြောက်အတ္တလန္တိတ်စာချုပ် နေတိုးအဖွဲ့ဝင် ဘောလ်တစ် ပင်လယ်ဒေသ နိုင်ငံတွေ - ဥပမာ လစ်သူရေးနီးယားလို နိုင်ငံတွေကို သူ့တပ်တွေ စေလွှတ်မယ်ဆိုပြီး ခြိမ်းခြောက်လာနိ်ုင်ပါတယ်။
အခုလို နေတိုးအဖွဲ့ဝင် နိုင်ငံကို ပူတင်က စစ်တပ်စေလွှတ်ပြီ ဆိုရင်တော့ နေတိုးတပ်ဖွဲ့ စာချုပ် အမှတ် ငါးပါ အချက်အရ တနိုင်ငံကို ထိရင် အားလုံးကို ထိတာလို့ ယူဆတဲ့ အမေရိကန်အပါအဝင် နေတိုးတပ်ဖွဲ့ဝင် နိုင်ငံတွေက ရုရှားကို ပြန်လည် တိုက်ခိုက်ကြမှာ ဖြစ်ပါတယ်။
ရုရှားသမ္မတ ပူတင်အနေနဲ့ သူရဲ့ နျူကလီးယားတပ်တွေကိုပါ တပ်လှန့်ထားရာမှာ အမှန်တကယ် အသုံးပြုနိုင်ခြေကတော့ နည်းပါးတယ်လို့ ကျွမ်းကျင်သုံးသပ်သူ အများစုက ပြောဆိုကြပါတယ်။
သံတမန်ရေး နည်းလမ်းအရ ပြေလည်သွားနိုင်ခြေ ရှိသလား
ရုရှား-ယူကရိန်း စစ်ပွဲမှာ လက်နက်နဲ့သာ စကားပြောနေကြပေမယ့် သံတမန်ရေးနဲ့ စကားပြောမယ့် လမ်းကြောင်းကိုလည်း အမြဲတမ်း ဖွင့်ထားရမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်က ပြောကြားထားပါတယ်။
အခုလို စစ်ပွဲ ဖြစ်နေပေမယ့်လည်း သံတမန်ရေးအရ ပြောဆိုမှုတွေလည်း တဖက်မှာ ရှိနေတာကို တွေ့ရပြီး ဥရောပဘက်က ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်းက ရုရှားသမ္မတ ပူတင်နဲ့ ဖုန်းဆက် စကားပြောမှုတွေ ပြုလုပ်နေတဲ့အပြင် ရုရှားနဲ့ ယူကရိန်းတို့ပါ ဘီလာရုစ်နယ်စပ်မှာ နှစ်ဖက် တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်နေတာကို တွေ့ရပါတယ်။
ဒါ့အပြင် တရုတ်အနေနဲ့လည်း လက်ရှိစစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေး ထိခိုက်ပြီး တရုတ်စီးပွားရေးကိုပါ ထိခိုက်လာတဲ့ အခြေအနေမှာ ရုရှားကို စစ်ပွဲ ရပ်ဖို့ ဖိအားပေးလာနိုင်ပါတယ်။
အခုလို အနေအထားမျိုးမှာ သံတမန်ရေး ဆွေးနွေးမှုတွေ အဆင်ပြေလာမှုနဲ့အတူ ယူကရိန်းက ကရိုင်းမီးယားနဲ့တကွ ဒွန်းဘတ်စ် အစရှိတဲ့ ဒေသတွေ အပေါ် ရုရှားအချုပ်အချာအာဏာ စိုးမိုးမှုကို အသိအမှတ်ပြုမယ်ဆိုရင် ရုရှားဘက်ကလည်း ယူကရိန်းရဲ့ သီးခြား လွတ်လပ်တဲ့ နိုင်ငံအဖြစ် ရပ်တည်ပိုင်ခွင့်ကို ပြန်လည် အသိအမှတ်ပြုလာနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပူတင် ကိုယ်တိုင် ဖြုတ်ချခံရနိုင်သလား
ရုရှားသမ္မတပူတင်က ယူကရိန်းနိုင်ငံထဲကို တပ်တွေ စေလွှတ်မယ်လို့ ကြေညာတဲ့အချိန်မှာ ဘယ်လို ရလဒ်မျိုးပဲထွက်ထွက် အဆင်သင့်ဖြစ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ ပူတင် ကိုယ်တိုင် ဖြုတ်ချခံရတဲ့ စစ်ပွဲပြီး ရလဒ်မျိုး ထွက်လာရင်ကောလို့ မေးစရာရှိနေတာကို တွေ့ရပြီး လန်ဒန်တက္ကသိုလ် ကင်းစ်ကောလိပ်က ဂုဏ်ထူးဆောင် ပါမောက္ခ ဆာ လောရင့် ဖရီးဒ်မန်းအပြောအရ ဆိုရင် လက်ရှိ ယူကရိန်းမြို့တော် ကိဗ်မှာ ခေါင်းဆောင် အပြောင်းအလဲ ဖြစ်နိုင်ခြေ ရှိသလောက် တဖက်မှာ ရုရှားမြို့တော် မော်စကိုမှာလည်း ခေါင်းဆောင် အပြောင်းအလဲ ဖြစ်နိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။
ပူတင်ရဲ့ ယူကရိန်းကျူးကျော်စစ်ကြောင့် ရုရှားစစ်သား ထောင်ချီသေဆုံးရမှု၊ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးဒဏ်ခတ်မှုတွေကြောင့် စီးပွားရေး အကြီးအကျယ် ကျဆင်းမှု အစရှိတာတွေ ဖြစ်လာမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။
အဲဒီ အခြေအနေတွေရဲ့ အကျိုးဆက်ကြောင့် ပူတင်ကို လူထု ထောက်ခံမှု ကျဆင်းမှုတွေ ဖြစ်လာတဲ့အပြင် သူ အာဏာတည်မြဲရေးအတွက် အားကိုးတဲ့ နိုင်ငံရေးနဲ့ စစ်ရေး ထိပ်သီးအလွှာ လူတန်းစားကပါ သူ့ဘက် မပါတော့တဲ့ အနေအထားဖြစ်လာနိုင်ပြီး အနောက်နိုင်ငံတွေနဲ့ သံတမန်ရေး အဆင်ပြန်ပြေမယ့် ရုရှားခေါင်းဆောင်သစ်လည်း တက်လာနိုင်ပါတယ်။
နိဂုံးချုပ် သုံးသပ်ချက်
အထက်မှာ ဖော်ပြခဲ့တဲ့ ရုရှား-ယူကရိန်း လက်ရှိ စစ်ပွဲ အနာဂါတ်ဖြစ်နိုင်ခြေ ငါးမျိုးမှာ တမျိုးမျိုးသာ တသီးတသန့် ဖြစ်လာမယ်လို့လည်း မပြောနိုင်ဘဲ တချို့အခြေအနေက ပေါင်းစည်းသွားပြီး မတူတဲ့ရလဒ်တွေ ထွက်လာတာမျိုးလည်း ရှိနိုင်ပါတယ်။
အခုလို ဖြစ်နိုင်ခြေတွေထဲက ဘယ်လိုပဲ တကယ်တမ်း ဖြစ်လာ ဖြစ်လာ၊ ကမ္ဘာကြီးရဲ့ နိုင်ငံတကာ သံခင်းတမန်ခင်း အခင်းအကျင်းကတော့ ပြောင်းသွားခဲ့ပြီ ဖြစ်တာကို တွေ့ရမှာပါ။
အနည်းဆုံးတော့ ရုရှားရဲ့ နိုင်ငံတကာနဲ့ ဆက်ဆံရေး ပြောင်းလဲသွားမှာ ဖြစ်သလို ဥရောပနိုင်ငံတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်တဲ့ ရပ်တည် ရှုမြင်ချက်တွေလည်း အသွင်ပြောင်းသွားတော့မှာ ဖြစ်ပါတယ်။












