ယူကရိန်း အကျပ်အတည်း - တပ်တွေ ထပ်ဆုတ်ခွာနေပြီလို့ ရုရှားပြော၊ အနောက်နိုင်ငံတွေ စောင့်ကြည့်ဆဲ

ရုရှားရုပ်သံက ပြတဲ့ တပ်တွေ ပြန်ထွက်ခွာနေပုံ

ဓာတ်ပုံ ရင်းမြစ်, EPA/ Russia Defense Ministry

ဓာတ်ပုံ ပုံစာ, ရုရှားရုပ်သံက ပြတဲ့ တပ်တွေ ပြန်ထွက်ခွာနေပုံ

စစ်ရေးလ့ကျင့်မှုတွေ ပြီးဆုံးသွားတဲ့ တပ်တချို့ ခရိုင်းမီးယားကနေ ထွက်ခွာသွားပြီးလို့ ဒီကနေ့ မနက်မှာ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။

အဲဒါဟာ မနေ့က ယူကရိန်း နယ်စပ်မှာရှိနေတဲ့ ရုရှားတပ်တချို့ ပြန်ထွက်ခွာသွားပြီဆိုတဲ့ ကြေညာချက်ထွက်ပြီးနောက် ထပ်ပြီး ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ယူကရိန်းတပ်တွေ စစ်ရေးလေ့ကျင့်နေတဲ့ဆီ သွားရောက်ကြည့်ရှုခဲ့တဲ့ သမ္မတ ဗိုလိုဒီမီယာ ဇယ်လင်းစကီးကတော့ ရုရှားပြောသလို တပ်တွေရုပ်သိမ်းသွားမယ်ဆိုရင် အားလုံးမြင်တွေ့နိုင်မှာ ဖြစ်ပြီး အခုအထိတော့ အပြောပဲ ရှိသေးတယ်လို့ ဆိုပါတယ်။

ယူကေ ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်ကလည်း ရုရှားရဲ့ စစ်ဆင်ရေး လျှော့ချလိုက်ပြီဆိုတဲ့ သက်သေအထောက်အထား အခုထိ မတွေ့ရသေးဘူးလို့ ပြောပါတယ်။

ပြီးတော့ ရုရှားက ယူကရိန်းကို ကျူးကျော်မှု အခုထိ ဖြစ်နိုင်ခြေ ရှိနေသေးတယ်လို့ လည်း သူက ပြောပါတယ်။

တပ်တွေ ရုပ်သိမ်းမှု ရုရှား ဘာပြောလဲ

စစ်နည်းဗျူဟာ လေ့ကျင့်ရေးတွေမှာ ပါဝင်ခဲ့ပြီး လေ့ကျင့်ရေးပြီးသွားတဲ့ တောင်ပိုင်း စစ်ခရိုင်က တပ်ဖွဲ့တွေ သူတို့ရဲ့ အမြဲတမ်းအခြေစိုက်တပ်နေရာတွေကို ပြန်နေကြပြီလို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

တင့်ကားတွေ၊ တခြား စစ်သုံးယာဥ်တွေနဲ့ အမြောက်လက်နက်ကြီးတွေ ခရိုင်းမီးယားကနေ ရထားလမ်းကနေ ပြန်ထွက်ခွာနေကြပြီလို့ အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ စစ်အင်အား ဘယ်လောက် ပြန်ထွက်ခွာသလဲဆိုတာကိုတော့ မဖော်ပြထားပါဘူး။

ရုရှား အစိုးရ ရုပ်သံမှာပြတဲ့ ဗီဒီယိုမှာ ၂၀၁၄ မှာ ရုရှားက ကျူးကျော်ခဲ့တဲ့ ခရိုင်းမီးယားဒေသက တံတားကို ရုရှားတပ်ဖွဲ့တွေ ဖြတ်ကျော်သွားတာကို တွေ့ရပါတယ်။

ဒါပေမဲ့ အနောက်နိုင်ငံတွေက ခေါင်းဆောင်တွေကတော့ ဒီလိုတပ်တွေ ပြန်ဆုတ်သွားတာ ဘယ်လောက်ထိ ထင်သာမြင်သာ တိုးတက်မှုရှိလဲဆိုတာကို သတိထား စောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်။

ရုရှားတပ်တွေ ဆုတ်သွားတာ မမြင်ရသေးဘူးလို့ နေတိုးအကြီးအကဲပြော

ရုရှားက တပ်တွေ ပြန်ဆုတ်နေပြီလို့ ပြောနေပေမဲ့ စစ်ရေးတင်းမာမှု လျှော့ချတာကို မြေပြင်မှာ မမြင်တွေ့ရသေးဘူးလို့ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ယန်းစတိုလ်တန်ဘာ့ဂ်က ပြောပါတယ်။

အဲဒါနဲ့ ဆန့်ကျင်ဘက် ရုရှားက တပ်တွေ ထပ်တိုးချနေပုံရတယ်လို့ သူက ပြောပါတယ်။

"ရုရှားတပ်တွေ ဆုတ်ခွာတာကို မမြင်ရသေးဘူး။ အဲဒါက ရုရှားက သံတမန်ရေး ကြိုးပမ်းမှုတွေ ရှိတယ်ဆိုတာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်"လို့ သူက ပြောပါတယ်။

အဆိုးဆုံးအတွက် နေတိုးပြင်ထားတယ်လို့ဆို

အခြေအနေတွေအရ အဆိုးဆုံးအတွက် ပြင်ထားတယ်လို့လည်း နေတိုးအကြီးအကဲက ပြောပါတယ်။

နေတိုးမဟာမိတ်နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေဟာ ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်စ်မြို့မှာ ဒီကနေ့စတင်တဲ့ နှစ်ရက်ကြာ ပြုလုပ်နေတဲ့ အစည်းအဝေးကို တက်ရောက် နေကြတာပါ။

အဲဒီမှာ ယူကရိန်းနယ်စပ်မှာ ရှိတဲ့ ရုရှားတပ်တွေက ဆက်ပြီး တိုးပြီးရင်း တိုးလာနေတယ်လို့ နေတိုးအကြီးအကဲက မီဒီယာတွေကို ပြောပါတယ်။

ယူကရိန်းပြည်သူတွေ သတိထားနေကြဆဲ

ယူကရိန်းစည်းလုံးခြင်းနေ့မှာ နိုင်ငံတဝန်းလှည့်လည်နေတဲ့ ယူကရိန်းသမ္မတ
ဓာတ်ပုံ ပုံစာ, ယူကရိန်းစည်းလုံးခြင်းနေ့မှာ နိုင်ငံတဝန်းလှည့်လည်နေတဲ့ ယူကရိန်းသမ္မတ

ရုရှားဘက်က တပ်တွေ ဆုတ်သွားတယ်လို့ ပြောပေမဲ့ ရုရှားနဲ့ နှစ်ပေါင်းများစွာ အနီးကပ်နေခဲ့ရတဲ့ ယူကရိန်းပြည်သူတွေကတော့ သတိထားနေကြရဆဲပါ။

ရုရှားတပ်တွေ ဆုတ်သွားတယ်ဆိုတာကို မျက်စိနဲ့မြင်ရမှ ယုံမယ်လို့လည်း ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက မနေ့က ပြောထားပါတယ်။

ယူကရိန်းက စည်းလုံးခြင်းနေ့

ရုရှားက တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေချိန်မှာ ယူကရိန်းမှာ စည်းလုံးခြင်းနေ့ကို ပြသနေပါတယ်။

ယူကရိန်းပြည်သူတွေကို နိုင်ငံတော် အလံတွေ လွှင့်ထူကြဖို့နဲ့ ယူကရိန်းရဲ့ အမျိုးသားအရောင်အပြာနဲ့ အဝါ ရောင် ဝတ်ဆင်ကြဖို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လင်စကီးက တိုက်တွန်းထားပါတယ်။

အလံတွေကို ကျောင်းတွေ၊ ဆေးရုံတွေ၊ ဆိုင်တွေမှာ တွေ့မြင်ကြရပြီး လူတွေက စည်းလုံးခြင်းနေ့အထိမ်းအမှတ် နိုင်ငံတော်သီချင်းတွေ နဲ့ အမျိုးသားရေးသီချင်းတွေ ဖွင့်နေကြပါတယ်။

မီတာ ၂၀၀ ရှိတဲ့ အလံကြီးကိုလည်း အမျိုးသားအိုလံပစ် အားကစားကွင်းထဲမှာ ချီတက်လှည့်လည်ခဲ့ပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှု ဖြစ်လာနိုင်တယ်လို့ အမေရိကန်က ပြောထားတဲ့ ဖေဖော်ဝါရီလ ၁၆ ရက်ကို ယူကရိန်း သမ္မတ ဇယ်လင်စကီးက စည်းလုံးခြင်းနေ့ အဖြစ် ကြေညာထားပါတယ်။

အလံလှည့်လည်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ယူကရိန်းနယ်စပ်မှာ ရုရှားတပ်အင်အား ဘယ်လောက်ရှိနေသလဲ

ရုရှားတပ်ဖွဲ့ အင်အား တစ်သိန်းသုံးသောင်းအထိ ရောက်နေပြီလို့ အနောက်နိုင်ငံတွေက တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောထားပါတယ်။ ဒါဟာ အရင်က ခန့်မှန်းထားတဲ့ အင်အား တစ်သိန်းဆိုတာထက် ပိုများလာတာပါ။ ဒါပေမဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ မနေ့က မိန့်ခွန်းထဲမှာ အဲဒီထက်များတဲ့ အင်အား ပမာဏ ရှိတယ်၊ အင်အား တစ်သိန်းခွဲအထိရှိတယ်လို့ ပြောသွားပါတယ်။

တစ်ချိန်တည်းမှာ ရုရှားက သူတို့တပ်ဖွဲ့တွေ စပြီး ပြန်ထွက်ခွာနေပြီ၊ ခရိုင်းမီးယားမှာ စစ်ရေးလေ့ကျင့်ခန်းတွေ ပြီးပြီလို့ ပြောတဲ့အခါမှာ စစ်အင်အား ဘယ်လောက် ဆိုတာကို ထည့်မပြောပါဘူး။

တပ်ဖွဲ့တွေ ဘယ်နေရာမှာ စခန်းလာချထားတယ် ဆိုတာနဲ့ ယူကရိန်းနယ်စပ်နားမှာ အမြဲတမ်းတပ်စွဲထားတဲ့ တပ်အင်အားမှာ အင်အား သုံးသောင်းခွဲ အထိ ထပ်ဖြည့်ထားတယ် ဆိုတာကိုတော့ သိထားရပါတယ်။

စစ်အင်အားအသစ်တွေ ထပ်ချထားတာမှာ ဘယ်လာရုစ်နိုင်ငံနဲ့ ဖေဖော်ဝါရီ ၂၀ အထိ ပူးတွဲ စစ်ရေးလေ့ကျင့်နေတဲ့ ဆီမှာလည်း စစ်အင်အား သုံးသောင်း ထပ်ပို့ထား ပါတယ်။

ဘယ်လာရုစ်မှာ ဘာတွေ လုပ်နေလဲ

ခရိုင်းမီးယားမှာ လုပ်နေတဲ့ စစ်ဆင်ရေးလေ့ကျင့်ခန်း ပြီးပြီလို့ ရုရှားက ပြောပေမဲ့ အဲဒါက ယူကရိန်း နယ်စပ်နားမှာလုပ်တဲ့ တစ်ခုတည်းသော လေ့ကျင့်ခန်းမဟုတ်ပါဘူး။

ယူကရိန်းနိုင်ငံမြို့တော်နဲ့ နယ်စပ် မိုင် ၁၀၀ တောင် မဝေးတဲ့ ဘယ်လာရုစ်နိုင်ငံမှာ စစ်ရေးလေ့ကျင့်မှုတွေ ဆက်ရှိနေသေးပြီး ဖေဖော်ဝါရီ ၂၀ ရက်အထိ ဆက်လုပ်နေဦးမှာပါ။

ဒါပေမဲ့ ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီး ဗလာဒီမီယာ မာကေးက ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြီးတာနဲ့ ရုရှား တပ်ဖွဲ့ တွေ၊ စစ်သားတွေ နိုင်ငံထဲမှာ တစ်ယောက်မှ ကျန်နေတော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဘယ်လာရုစ်က ပူးတွဲ စစ်ရေးလေ့ကျင့်ခန်း

ဓာတ်ပုံ ရင်းမြစ်, EPA/Belta

ဓာတ်ပုံ ပုံစာ, ဘယ်လာရုစ်က ပူးတွဲ စစ်ရေးလေ့ကျင့်ခန်း

ပူတင်က သံတမန်ရေး ဦးစားပေးတယ်လို့ ရုရှားဘက်ကပြော

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ယူကရိန်း တင်းမာမှုအရေးမှာ စေ့စပ်ညှိနှိုင်းရေးနဲ့ သံတမန်ရေးတို့ကို ဦးစားပေးတယ်၊ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဆွေးနွေးလိုတယ် ဆိုတာ ကောင်းတဲ့ လက္ခဏာပဲလို့ ရုရှားဘက်က ရှုမြင်တယ်လို့ ရုရှားဘက်က ပြောကြောင်း ရိုက်တာသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

ယူကရိန်း ဝက်ဆိုက်တွေတိုက်တာ ရုရှား မဟုတ်ဘူလို့ဆို

ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ဘဏ်နှစ်ခုရဲ့ ဝက်ဆိုက်တွေကို ဆိုင်ဘာတိုက်ခိုက်မှု နောက်ကွယ်မှာ ရုရှား ရှိနေတယ်ဆိုတာကို ရုရှားငြင်းဆိုပါတယ်။ ဒါပေမဲ့ ယူကရိန်းဘက်က ရှရှားကို စွပ်စွဲတာကိုတော့ မအံ့သြဘူးလို့ ပြောဆိုကြောင်း ရိုက်တာသတင်းက ဆိုပါတယ်။

အဲဒီဆိုင်ဘာတိုက်ခိုက်မှုတွေကို ဘယ်သူလုပ်တယ်ဆိုတာ မသိရဘူးလို့ မနေ့ညနေပိုင်းက ယူကရိန်း ဆိုင်ဘာ လုံခြုံရေးဌာနက ပြောထားပေမဲ့ ရုရှားကိုလည်း ယူကရိန်းက တိုက်တဲ့စာရင်းက မဖယ်ထားပါဘူး။

တိုက်ခိုက်မှုတွေ ဒီကနေ့အထိ ဆက်ရှိနေသေးတယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ရုရှားအနေနဲ့ ယူကရိန်းကို တကယ်ကျူးကျော် ဝင်ရောက်တာမျိုးထက် သိပ်မမြင်သာတဲ့နည်းနဲ့ ယူကရိန်း နိုင်ငံ မတည်ငြိမ်အောင် အရေးပါတဲ့ နေရာတွေကို ဆိုင်ဘာတိုက်ခိုက်မှုမျိုး လုပ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ အချိန်အတော်ကြာကတည်းက ရှိနေခဲ့တာပါ။