ယူကရိန်း အကျပ်အတည်း - သံတမန်ရေးဆောင်ရွက်မှုတွေကနေ စစ်ကိုတားဆီးနိုင်မလား

ယူကရိန်းအနှံ့အပြားက အရန်ကာကွယ်ရေးအဖွဲ့ဝင်တွေ ရုရှားက ဝင်လာနိုင်တဲ့ ကျူးကျော်မှုအတွက် ပြင်ဆင်နေကြ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ယူကရိန်းအနှံ့အပြားက အရန်ကာကွယ်ရေးအဖွဲ့ဝင်တွေ ရုရှားက ဝင်လာနိုင်တဲ့ ကျူးကျော်မှုအတွက် ပြင်ဆင်နေကြ
    • ရေးသားသူ, ဂျိန်းစ် လန်ဒေးလ်
    • ရာထူးတာဝန်, သံတမန်ရေးရာ သတင်းထောက်

ယူကရိန်းမှာအကြီးအကျယ်စစ်ဖြစ်လာမယ်လို့ စဉ်းစားကြည့်လိုက်ရင်ကို သိပ်ထိတ်လန့် စိုးရွံ့စရာကောင်းလှပါတယ်။ တကယ်လို့ ရုရှားစစ်တပ်တွေ ဝင်လာမယ်ဆိုရင် ထောင်ပေါင်း များစွာသောလူတွေ သေဆုံးနိုင်ပါတယ်။ လူတွေအများအပြားလည်း ထွက်ပြေးရပါလိမ့်မယ်။

စီးပွားရေးအရပေးရမယ့် အရင်းအနှီးကလည်း ကြီးမားနိုင်ပြီး လူသားချင်းကူညီမှုဆိုင်ရာ အထိအခိုက်တွေကလည်း သွေးလန့်စရာတွေ ဖြစ်သွားနိုင်ပါတယ်။

အခုထိတော့ ရုရှားက သူ့တပ်တွေကို ယူကရိန်းနယ်စပ်တွေ တဝိုက်မှာ အားဖြည့်နေပြီး အနောက်အုပ်စုကတော့ ရုရှားတပ်တွေ ယူကရိန်းနယ်စပ်ကိုကျော်ပြီး ခြေတလှမ်းချတာနဲ့ ဆိုးကျိုးတွေ ကြီးကြီးမားမား ဖြစ်လာမယ်ဆိုပြီး ဆက်ခြိမ်းခြောက်နေပါတယ်။

ဒီတော့ ထိပ်တိုက်ဖြစ်နေတဲ့ အကျပ်အတည်းကနေ ရှည်ကြာတဲ့ ငြိမ်းချမ်းရေးရဖို့ သံခင်း တမန်ခင်းနဲ့ ထွက်ပေါက်ရှာနိုင်မလား။

သံတမန်ဆွေးနွေးပွဲတွေကတော့ စစ်ပွဲဆီကိုသွားတဲ့လမ်းဆီကနေ ဘက်အားလုံးအနေနဲ့ ရှောင်လွှဲထွက်နိုင်မယ့်လမ်းတခုကို ရှာကြတာပါ။ ဒါပေမယ့် ဒီလမ်းကို ရှာတွေ့ဖို့ကလည်း သိပ်မလွယ်လှပါဘူး။

ဘယ်လိုညှိနှိုင်းမှုဖြစ်ပါစေ၊ ပေးဆပ်မှုကတော့ ရှိကြရစမြဲပါ။ သွေးမြေကျရမယ့် အဖြစ်ဆိုးတွေဖြစ်လာမယ့်စစ်ပွဲဆိုတာကို ရှောင်လွှဲနိုင်မယ့် ဖြစ်နိုင်စရာလမ်းတွေက ဘာတွေပါလဲ။

အနောက်နိုင်ငံတွေက ပူတင်ကို နောက်ဆုတ်သွားအောင် ဆွဲဆောင်နိုင်မလား

ဒီလိုအခြေအနေတွေအောက်မှာ အင်အားကြီး အနောက်နိုင်ငံတွေအနေနဲ့ အကျိုးထက် ဆိုးကျိုးက များမယ်ဆိုတာကို ထောက်ပြရင်း ဝင်ကျူးကျော်မှာမျိုး မလုပ်ဖို့ သမ္မတပူတင်ကို ဆွဲဆောင်စည်းရုံးပြီး စစ်ကို ရှောင်လွှဲနိုင်ပါတယ်။

သူစစ်မြေပြင်မှာ အသာရမယ်ဆိုရင်တောင် လူအသေအပျောက်တွေ၊ စီးပွားရေး အရေးယူပိတ်ဆို့မှုတွေ၊ သံတမန်ရေးထိခိုက်မှုတွေက သိပ်ကိုဆိုးမှာဖြစ်တဲ့ အတွက် သူ့အနေနဲ့ အဆုံးမှာ အဆိုးပဲရနိုင်မှာကို ပြသရင်း စစ်ပွဲဆီကိုမသွားဖို့ သူ့ကို စည်းရုံးနိုင်ပါတယ်။

အနောက်အုပ်စုအနေနဲ့ ယူကရိန်းမှာ စစ်ရေးအရအုံကြွမှုကို ထောက်ပံ့ပေးလာရင် ဒီစစ်ကိုငြိမ်းအောင် နှစ်ပေါင်းများစွာလုပ်ရမှာဖြစ်ပြီး စစ်ကြောင့် သိပ်ကိုအကုန်အကျ များလာရာကနေ သူ့အတွက်ထိခိုက်မှုတွေ ဖြစ်လာမှာကို သူစိုးရိမ်နိုင်ပါတယ်။

ဒီကုန်ကျမှုတွေကြောင့် ပြည်တွင်းမှာ သူ့အပေါ် ထောက်ခံမှုလျော့ကျနိုင်လာပြီး သူ့ခေါင်းဆောင်မှုကို ခြိမ်းခြောက်လာနိုင်တယ်ဆိုတာကို မစ္စတာ ပူတင်အနေနဲ့ လက်ခံ ယုံကြည်သွားစေနိုင်ပါတယ်။

ဒီဇာတ်လမ်းကြောအောက်မှာ နေတိုးက ရန်စတာကို စစ်ရေးအရ မတုံ့ပြန်လိုဘဲ ငြိမ်းချမ်းရေးကို အားပေးတဲ့သူတယောက်အဖြစ် မစ္စတာပူတင်က သူ့ကိုယ်သူပုံဖော်ပြီး သူ သံတမန်ရေးအောင်ပွဲရတယ်လို့ ကြွေးကြော်တာမျိုးကို အနောက်အုပ်စုနိုင်ငံတွေအနေနဲ့ ခွင့်ပြုပေးနိုင်ပါတယ်။

သူပြောနေတဲ့ "လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေက သဘာဝကျပြီး ကြောင်းကျိုးဆီလျော်တယ်" ဆိုတာကို အနောက်နိုင်ငံတွေက ဖြေရှင်းဆောင်ရွက်လာရပြီး နောက်ဆုံးမှာ ဒီအပေါ် အာရုံစိုက် လုပ်လာရပြီ ဆိုတာကို မစ္စတာပူတင်က ပြောလို့ရတာပေါ့။

ဒီဇာတ်ကြောင်းမှာ တခုရှိတာက ဒါက မစ္စတာပူတင်ဘက်က ရှုံးတာလို့ ဆိုလာနိုင်ကြသူတွေ လည်း ရှိလာနိုင်ပါတယ်။ သူ့ရဲ့ ဆောင်ရွက်မှုကြောင့် အနောက်အုပ်စုဝင်တွေကြား ပိုပြီး ညီညွတ်သွားတာ၊ ရုရှားရဲ့ နယ်စပ်နားကို နေတိုးက သူ့အင်အားတွေ ပိုတိုးချလာတာ၊ ဆွီဒင်တို့၊ ဖင်လန်တို့လို နိုင်ငံမျိုးတွေက နေတိုးကိုဝင်ဖို့ စဉ်းစားလာအောင် အားပေးလိုက်တာလို့လည်း ဝေဖန်တာတွေ ပေါ်လာနိုင်ပါတယ်။

တကယ်လို့ မစ္စတာပူတင်က ယူကရိန်းကို ထိန်းချုပ်ထားလိုပြီး၊ နေတိုးကို ဂရုမစိုက်တဲ့ ဆန္ဒရှိမယ်ဆိုရင် သူနောက်ဆုတ်သွားမယ့် ဖြစ်နိုင်ခြေကအနည်းအကျဉ်းသာရ ှိပါတယ်။ အဲဒါက ပြဿနာပါ။

နေတိုးနဲ့ ရုရှားကြား လုံခြုံရေးဆိုင်ရာသဘောတူညီမှု အသစ်ဖြစ်လာနိုင်

အနောက်အင်အားကြီးနိုင်ငံတွေအနေနဲ့ သူတို့ အခြေခံမူတွေအဖြစ်ကိုင်ထားတာတွေကို အလျှော့ပေးသွားမှာ မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ အဲဒီ အခြေခံမူတွေထဲမှာ ယူကရိန်းရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုနဲ့ နယ်မြေပိုင်နက်တည်မြဲရေး၊ နေတိုးကို အဖွဲ့ဝင်အဖြစ်ဝင်ရောက်လိုရင် ဘယ်နိုင်ငံကမဆို ဝင်ရောက်နိုင်ခွင့် ဖွင့်ပေးထား သလို ယူကရိန်းအနေနဲ့ ဝင်ရောက်နိုင်ခွင့်ရှိမှု စတာတွေလည်း ပါဝင်ပါတယ်။

ဒါပေမယ့် အမေရိကန်နဲ့ နေတိုးတို့ဟာ ဥရောပတခုလုံးရဲ့ လုံခြုံရေးဆိုင်ရာအမြင်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ကြည့်ပြီး အခြေခံတူညီမှုတခုကို လက်ခံနိုင်ဖွယ်ရှိပါတယ်။

အဲဒီနေရာမှာ နှစ်ဖက်လုံးက မစ်ဇိုင်းအရေအတွက်တွေ လျှော့ချတဲ့ လက်နက်ထိန်းချုပ်မှု သဘောတူညီချက်တွေ ပြန်လုပ်တာမျိုး၊ ရုရှားနဲ့ နေတိုး တပ်ဖွဲ့ဝင်တွေအကြား ယုံကြည်မှု တည်ဆောက်ရေးကို အားမြှင့်လုပ်သွားတာမျိုး၊ စစ်ရေးလေ့ကျင့်မှုတွေ၊ မစ်ဇိုင်းတွေကို နေရာချထားတာတွေ စတဲ့ ကိစ္စတွေမှာ ပွင့်လင်းမြင်သာမှုပိုရှိအောင် လုပ်တာမျိုးတွေ၊ ဂြိုဟ်တုစွမ်းရည်ကို ဖျက်ချတဲ့ လက်နက်တွေ စမ်းသပ်တာမျိုးတွေမှာ ပူးပေါင်းဆောင်ရွက် တာမျိုးတွေ စသဖြင့် ပါဝင်နိုင်ပါတယ်။

ရုရှားကတော့ ဒီလိုအရေးတွေမှာ အဆင်ပြေတယ်ထားဦး၊ ယူကရိန်းကို နေတိုးထဲ ဝင်ခွင့်ပေး တာဟာ သူတို့နိုင်ငံလုံခြုံရေးကို ထိခိုက်လာနိုင်တယ်ဆိုတဲ့ သူတို့ရဲ့ အဓိက စိုးရိမ်ချက်က ဒီလောက်နဲ့ပျက်ပြယ်သွားမှာ မဟုတ်ဘူးဆိုတာကို ရှင်းလင်းအောင် ပြပြီးသားပါ။

Map showing Russian troops near Ukraine, Feb 2022
ဓာတ်ပုံ ပုံစာ, ယူကရိန်းအနီး ရုရှားတပ်တွေ ဖြန့်ကျက်ချထားမှု အနေအထား

ဒါပေမယ့်လည်း တကယ်လို့ နေတိုးရဲ့ မစ်ဇိုင်းချထားမှုတွေ သိသိသာသာကို လျှော့ချသွား တယ်ဆိုရင်တော့ ရုရှားရဲ့ စိုးရိမ်ချက်တွေကို အတိုင်းအတာတခုအထိ လျှော့ချပေးနိုင် ပါလိမ့်မယ်။

တဖက်ကကြည့်မယ်ဆိုရင်လည်း ပူတင်ဟာ အခုကတည်းက အနိုင်ရလဒ်တချို့ ရထားပြီလို့ ဆိုနိုင်ပါတယ်။ ဥပမာ - ဥရောပအနေနဲ့ ရုရှားတို့ရဲ့ သတ်မှတ်ချက်နဲ့အညီ လုံခြုံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးမှုတွေ စလုပ်လာရပြီဆိုတဲ့ အချက်ပါ။

ယူကရိန်းနဲ့ရုရှားတို့အနေနဲ့ မင့်စ် သဘောတူညီချက်တွေကို ပြန်အသက် သွင်းနိုင်

ဒါက ယူကရိန်းအစိုးရတပ်တွေနဲ့ ရုရှားကထောက်ခံပေးထားတဲ့ ယူကရိန်းအရှေ့ပိုင်းက သူပုန်တွေကြား စစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တွေအတွင်း ဘယ်လာရုစ်နိုင်ငံမြို့တော် မင့်စ်မှာ ဆွေးနွေးညှိနှိုင်းခဲ့ကြတဲ့ အချက်တွေပါ။

အဲဒီတုန်းက သဘောတူညီတဲ့အထိမရောက်ကြဘဲ စစ်ပွဲက ဆက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီညှိနှိုင်းမှုတွေက အပစ်အခတ်ရပ်စဲရေးလမ်းကို ချပြပေးခဲ့သလို၊ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေဘက်ကို ပိုတိမ်းညွတ်သွားတဲ့ နိုင်ငံရေးအဖြေရှာချက်လုပ်ကြဖို့ကို လမ်းကြောင်းခဲ့ပါတယ်။

ပူးတွဲစစ်လေ့ကျင့်ရေးလုပ်ဖို့ ထောင်ပေါင်းများစွာသော ရုရှားတပ်တွေ ဘယ် လာရုစ်ကို ရောက်ရှိလာ

ဓာတ်ပုံ ရင်းမြစ်, Russian defence ministry

ဓာတ်ပုံ ပုံစာ, ပူးတွဲစစ်လေ့ကျင့်ရေးလုပ်ဖို့ ထောင်ပေါင်းများစွာသော ရုရှားတပ်တွေ ဘယ်လာရုစ်ကို ရောက်ရှိလာ

မင့်စ် သဘောတူညီချက်တွေကို ပြန်အသက်သွင်းမယ်ဆိုရင် ဒီအကျပ်အတည်းအတွက် အဖြေဖြစ်နိုင်တယ်လို့ အနောက်နိုင်ငံက နိုင်ငံရေးသမားတွေက အကြံပြုနေပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်းက မင့်စ်သဘောတူညီချက်တွေဟာ "ငြိမ်းချမ်း ရေးကိုတည်ဆောက်နိုင်ဖို့ တခုတည်းသောလမ်း" လို့ ဆိုပါတယ်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန် ဝေါလေ့စ်က ဘီဘီစီကို ပြောရာမှာလည်း မင့်စ်ကို ပြန်လည် အသက်ဝင်စေတာက "တင်းမာမှုတွေလျှော့ချနိုင်ရေးအတွက် ခိုင်မာတဲ့နည်းလမ်း" တခုဖြစ်လာမယ်လို့ ဆိုပါတယ်။

ပြဿနာက ဒီသဘောတူညီချက်တွေမှာပါတဲ့ အချက်တွေက ရှုပ်ထွေးပြီး အငြင်းအခုန်တွေ ဖြစ်နေတာပါ။

ကရင်မလင်က ယူကရိန်းအနေနဲ့ (နိုင်ငံအရှေ့ပိုင်းမှာ) ဒေသဆိုင်ရာရွေးကောက်ပွဲတွေ လုပ်ပေးရမယ်၊ အဲဒီမှာ ရုရှားကိုလိုလားတဲ့ နိုင်ငံရေးသမားတွေကို ဝင်ပြိုင်ခွင့်ပေးရမယ်လို့ တောင်းဆိုထားပါတယ်။ ကိယက်ဗ်ကတော့ မော်စကိုအနေနဲ့ အဲဒီမှာ သူပုန်တွေကို လက်နက်ဖြုတ်စေပြီး ရုရှားတပ်ဖွဲ့တွေကို ထွက်ခွာပြီးမှာသာ အဲဒီလို လုပ်ပေးနိုင်မယ်လို့ ဆိုပါတယ်။

နိုင်ငံအရှေ့ပိုင်း ဒွန်ဘတ်စ် (Donbas) ဒေသက ခွဲထွက်လိုတဲ့ နယ်မြေအစိတ်အပိုင်းတွေကို မင့်စ် သဘောတူညီချက် တွေအရ ဘယ်လောက်အထိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမလဲ ဆိုတဲ့အပေါ်မှာ ငြင်းခုန်တာက အကြီးဆုံးပါ။ ကိယက်ဗ်ကတော့ အတော်အသင့်ရှိမယ့် ကိုယ်ပိုင်အစိုးရလို့ ဆိုပါတယ်။ မော်စကိုက သဘောမတူပါဘူး၊ ဒွန်းနက်စ် (Donetsk) နဲ့ လုဟန့်စ် (Luhansk) တို့ဟာ ယူကရိန်းရဲ့နိုင်ငံခြားရေးပေါ်လစီ အပေါ် ပြောဆိုနိုင်ခွင့်ရ ရမယ်၊ ဆိုလိုတာကတော့ နေတိုးအဖွဲ့ဝင် ဖြစ်ရေးမှာ ဗီတိုမဲ ပိုင်ဆိုင်ခွင့်ရှိရမယ်လို့ ဆိုလို တာပါ။

ကိယက်ဗ်က အဲဒါကို အဓိက စိုးရိမ်တာပါ။ မင့်စ်ကို အသက်ပြန်သွင်းကြမယ်ဆိုရင် ယူကရိန်းအနေနဲ့ ဘယ်တော့မှ နေတိုးထဲကို ဝင်လို့ မရတော့မှာကိုပါ။ ဒါကြောင့်မို့ ဒီသဘောတူညီချက်ကို ယူကရိန်းမှာလူထုထောက်ခံမှုရဖို့က ခဲယဉ်းပါတယ်။

ယူကရိန်းက ဖင်လန်လို ကြားနေဖြစ်နိုင်

ယူကရိန်းကို တစုံတရာကြားမှာနေအောင် ဆွဲဆောင်ကြည့်လို့ ရနိုင်မလား။

ပြင်သစ် အစိုးရအရာရှိပိုင်းတွေက ဖင်လန်ကို နမူနာအဖြစ်ယူကြဖို့ ယူကရိန်းကို အကြံပေး တယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီသတင်းတွေက မဟုတ်ဘူးလို့ လည်း ငြင်းဆိုကြပါတယ်။

စစ်အေးကာလအတွင်းက ဖင်လန်က ကြားနေနိုင်ငံအဖြစ် နေခဲ့ပါတယ်။ သူက လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်တဲ့ ဒီမိုကရက်တစ်နိုင်ငံပါ။ သူက နေတိုးရဲ့ အပြင်မှာနေခဲ့သလို၊ အခု လည်း နေဆဲပါ။

ကိယက်ဗ်က ဒါမျိုးကို နှစ်သက်နိုင်လား။ အဲဒီလမ်းက စစ်ရေးပိုင်း စွက်ဖက်တာတွေကနေ ရှောင်လွှဲနိုင်ပါတယ်။ သီအိုရီအရ ဒီနည်းက ယူကရိန်း နေတိုးထဲ ဘယ်တော့မှ မဝင်ရဆိုတဲ့ ပူတင်ရဲ့ လိုအင်ကို ကျေနပ်စေနိုင်ပါတယ်။

ဒါပေမယ့် နေတိုးမဟာမိတ်တွေအနေနဲ့ သူတို့ဆီကို ဝင်လာဖို့ ဖိတ်ခေါ်တဲ့ သူတို့ရဲ့ "တံခါးဖွင့် ပေါ်လစီ"ကိုအထိခံမှာ မဟုတ်ပါဘူး။ တဖက်မှာလည်း ယူကရိန်းက သူဟာ အချုပ်အခြာ အာဏာပိုင်နိုင်ငံတခုအနေနဲ့ မဝင်ဘူးလို့လည်း ရွေးချယ်နိုင်ပါတယ်။

ဒါပေမယ့် ယူကရိန်းက အဲဒါမျိုးကို လိုချင်ပါ့မလား။ မလိုချင်ဘူးလို့ ယူဆနိုင်ပါတယ်။ ကြားနေလို့ ဆိုလိုက်တာက ရုရှားလွှမ်းမိုးမှုကို ခွင့်ပြုလိုက်သလို ဖြစ်သွားတာမို့လို့ပါ။

ကြားနေအောင် တကယ်ဖြစ်လာဖို့ကလည်း အတော်ခက်ပါတယ်။ ရုရှားကရော သတ်မှတ် ချက်တွေကို လိုက်နာနိုင်ပါရဲ့လား။ ကိယက်ဗ်အဖို့ ကြားနေဆိုတာက သူ့ရဲ့ ဥရောပ- အတ္တလန္တိတ် မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ရတော့တာပါ။

ကြားနေလိုက်ရင် ဥရောပ သမဂ္ဂကို သူတို့ ဝင်ဖို့လမ်းက ပိုဝေးသွားပါလိမ့်မယ်။

ဗီဒီယို ပုံစာ, ယူကရိန်းအရေး သံတမန်ရေးကြိုးပမ်းမှုတွေရှိနေ

ဒီလိုမတင်မကျအနေအထားအတိုင်း ပိုနေမြဲ ကျားနေမြဲထားလိုက်

အခုလို ထိပ်တိုက်ရင်ဆိုင်နေကြတာကိုပဲ ဒီအတိုင်းထားလိုက်ရင် အချိန်ကြာလာတာနဲ့ အမျှ တင်းမာမှုတွေ လျော့ကျသွားမလား။

ရုရှားအနေနဲ့ သူတို့ စစ်ရေးလေ့ကျင့်တာပြီးပြီဆိုပြီး သူ့စစ်တပ်ကို ဘားတိုက်တွေဆီ တဖြည်းဖြည်းနဲ့ ပြန်ခေါ်သွားနိုင်ပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ စစ်သုံးလက်နက် ပစ္စည်းအများအပြားကိုတော့ နောက်ပိုင်းမှာ လိုရမယ်ရ ဆိုပြီး ချန်ထားနိုင်ပါတယ်။

ဒွန်ဘတ်စ်က သူပုန်တွေကို မော်စကိုက ဆက်ပြီးထောက်ခံပေးထားနိုင်ပါတယ်။ ဒီလိုနဲ့ ယူကရိန်းရဲ့နိုင်ငံရေးနဲ့ စီးပွားရေးက ရုရှားရဲ့ ခြိမ်းခြောက်မှုအောက်မှာ အမြဲတမ်းဆက်ရှိနေပြီး မတည်ငြိမ်တာက ဆက်ဖြစ်နေနိုင်ပါတယ်။

အပြန်အလှန်အားဖြင့် အရှေ့ဥရောပမှာ နေတိုးရှိနေမှုကို အနောက်နိုင်ငံတွေက ဆက်ပြီး လုပ်ပါလိမ့်မယ်။ အနောက်ရဲ့ နိုင်ငံရေးသမားတွေ၊ သံတမန်တွေက ရုရှားက အလားတူ ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးတာတွေ ပြောက်ကျားပြောက်ကျားပေါ်လာနိုင်ပေမယ့် သေသေချာချာ ရှေ့ကိုတိုးတက်လာနိုင်ဖို့ကတော့ သိပ်မဖြစ်နိုင်ပါဘူး။

ယူကရိန်းအနေနဲ့ ဆက်လက်ရုန်းကန်ရနိုင်ပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ စစ်ပွဲကြီးကို မကြုံရတော့ပါဘူး။

တဖြည်းဖြည်းနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ သတင်းခေါင်းစည်းတွေထဲမှာ မှိန်လာတဲ့အခါ လူထုစိတ်ဝင်စားမှုနယ်ပယ်ကနေ ပျောက်ကွယ်သွားတဲ့ အေးခဲသွားသောပဋိပက္ခတွေ ထဲက တခုဖြစ်သွားပါလိမ့်မယ်။

ရွေးချယ်စရာမှန်သမျှက လွယ်လွယ်ကူကူရမှာ မဟုတ်သလို အများကအကြိုက်တွေ့ကြ မှာလည်း မဟုတ်ပါဘူး။ ရွေးစရာအားလုံးကလည်း ညှိနှိုင်းပြီးမှ ရမှာပါ။

ကိယက်ဗ်မှာ စိုးရိမ်မှုကတော့ ယူကရိန်းဟာ စျေးအများဆုံး လျှော့ပေးရမယ့် နိုင်ငံဖြစ် သွားမယ့်အရေးပါ။ အသေအကြေများမယ့်ပဋိပက္ခက ဖြစ်နိုင်ဖို့များတယ်ဆိုရင် ဒါကို ရှောင်လွှဲနိုင်ဖို့လမ်းကဘာလဲ ဆိုတာ အတော်ပြောရခက်ပါတယ်။

မျှော်လင့်စရာတခုကတော့ ဘက်အားလုံးက စကားပြောချင်တဲ့ ဆန္ဒရှိနေသေးတာပါ၊ ဒါပေမယ့် ရလဒ်က ထွက်မလာသေးပါဘူး။ စကားပြောတာကို ကြာရှည်ထိန်းထား နိုင်လေလေ၊ အဖြေရဖို့အတွက် သံတမန်ရေးတံခါးက (ဟဟလေး ပွင့်နေတယ်လို့ ဆိုဆို) ပွင့်နေဦး မှာပါ။