အိုလံပစ်ပြီးမှ မြောက်ကိုရီးယား ရုပ်သံမှာ ပြိုင်ပွဲတွေ ပြသ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြောက်ကိုရီးယား မှာ တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲရဲ့ ပထမဆုံး ပွဲစဥ်တခုကို ပြိုင်ပွဲ ကျင်းပ ပြီးစီးခဲ့တာ ၂ ရက်အကြာမှ ပထမဆုံးအကြိမ်အဖြစ် ရုပ်မြင်သံကြားမှာ ပြသခဲ့ပါတယ်။
ဒေသတွင်းကလာတဲ့ သတင်းတွေအရ ဒီသီတင်းပတ်အတွင်းမှာ Korean Central Television က ယူကေနဲ့ ချီလီ တို့ကစားခဲ့တဲ့ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို မိနစ် ၇၀ ကြာ ပြသခဲ့တာ ဖြစ်ပါတယ်။ တကယ်တမ်း အဲဒီ ပွဲကစားခဲ့တာက ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့ ကတည်းက ဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ အရင်က အိုလံပစ် ပြိုင်ပွဲတွေကို ဖွင့်ပွဲ ကျင်းပပြီးရက်ပိုင်း အကြာမှာ ပြသခဲ့ကြောင်း Yonhap သတင်းဌာနက ပြောပါတယ်။
NK News က ကျွမ်းကျင်သူ တဦးကတော့ အမျိုးသမီး ဘောလုံး ပြိုင်ပွဲဟာ နောက်ခံပွဲနဲ့ ပတ်သက်လို့ တင်ဆက်သူရဲ့ အသံမပါသလို အရုပ်လည်း ကြည်လင် ပြတ်သားမှု မရှိဘဲ ပြသခဲ့တာ ဖြစ်တာကြောင့် ဒီပွဲနဲ့ ပတ်သက်တဲ့ ရုပ်သံတွေကို ဘယ်လို ရရှိခဲ့သလဲ ဆိုတာ မသိနိုင်ဘူးလို့ ဆိုပါတယ်။
အရင်ကတော့ Asia-Pacific Broadcasting Union က ဒီလို ပြိုင်ပွဲတွေနဲ့ ပတ်သက်တဲ့ ရုပ်သံ အစီအစဥ်တွေကို တောင်ကိုရီးယားက SBS နဲ့ ပူးပေါင်းပြီး ပြသဖို့အတွက် ပြုံးယမ်းကို ကမ်းလှမ်းလေ့ ရှိကြောင်း အမေရိကန်က နည်းပညာ ဘလော့ဂ် North Korea Tech မှာ ဖော်ပြထားပါတယ်။ ဒီနှစ်ပြိုင်ပွဲအတွက် ရုပ်သံတွေကိုတော့ ဘယ်က ရရှိခဲ့တယ်ဆိုတာ သဲသဲကွဲကွဲ မသိရသေးပါဘူး။
မြောက်ကိုးရီးယားဟာ တိုကျို ၂၀၂၀ အိုလံပစ်ပြိုင်ပွဲမှာ ယှဥ်ပြိုင်ဖို့ အားကစားအဖွဲ့ကို စေလွှတ်ခဲ့တာမျိုး မရှိခဲ့ပါဘူး။ သူတို့ အကြောင်းပြတာက အားကစားသမားတွေကို ကိုဗစ် - ၁၉ ရန်က ကာကွယ်ဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
ပြုံယမ်းက သူတို့ဆီမှာ ဗိုင်းရပ်စ်ကူးစက်ခံရတာ မရှိဘူးလို့တောင် ပြောပေမယ့် ကျွမ်းကျင်သူတွေကတော့ မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။
ဒီလို အိုလံပစ်မှာ မပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် တောင်ကိုရီးယားရဲ့ အားကစားကနေတဆင့် မြောက်ဘက်နဲ့ ဆက်သွယ်ဆောင်ရွက်ရေး မျှော်လင့်ချက်တွေလည်း အဆုံးသတ်သွားခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ အတွင်းက ကျင်းပခဲ့တဲ့ ဆောင်းရာသီအိုလံပစ် ပြိုင်ပွဲမှာ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ အကြား ပူးပေါင်းအားကစားအဖွဲ့ ဖွဲ့ပြီး ဝင်ပြိုင်ခဲ့ကြကာ အဲဒီနောက်ပိုင်းမှာ သမိုင်းတင်တဲ့ ထိပ်သီး ဆွေးနွေးမှုတွေတောင် ရှိလာခဲ့ပါတယ်။
အဲဒီ ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲကို တောင်ကိုရီးယားမှာ ကျင်းပခဲ့တာ ဖြစ်ပြီး မြောက်ကိုရီးယား ဘက်က ၂၂ ဦးပါတဲ့ အားကစား အဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။ အားကစားအဖွဲ့နဲ့ အတူ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ နှမ ကင်ယိုဂျုံလည်း လိုက်ပါလာခဲ့ပါတယ်။ အဲဒီကနေ တဆင့် တောင်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စုတို့နဲ့ပါ သံတမန်ရေး ဆက်ဆံမှုတွေ စဖို့ လမ်းဖွင့်ပေးခဲ့သလို ဖြစ်လာခဲ့ပါတယ်။
ဒီနှစ်မှာတော့ မြောက်ကိုရီးယားဟာ ၁၉၈၈ ဆိုးလ် နွေရာသီအိုလံပစ် ပြိုင်ပွဲနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် အိုလံပစ်မှာ ဝင်ရောက်ယှဥ်ပြိုင်မှု မပြုခဲ့ပါဘူး။ ၁၉၈၈ တုန်းကတော့ စစ်အေး တိုက်ပွဲ ကာလအတွင်း ဖြစ်တာကြောင့် တောင်ကိုရီးယားမှာ ကျင်းပတဲ့ ပြိုင်ပွဲကို သပိတ် မှောက်ခဲ့တာ ဖြစ်ပါတယ်။









