လာမယ့် ၂၀၂၁ မှာ ဘယ်လို နည်းပညာသစ်တွေ ခေတ်စားလာနိုင်သလဲ

ဓာတ်ပုံ ရင်းမြစ်, ROLLS-ROYCE
၂၀၂၀ မှာ လွှမ်းမိုးထားတဲ့ လက်ရှိ နိုင်ငံတကာ နည်းပညာ ကုမ္ပဏီကြီးတွေဖြစ်တဲ့ ဂူဂဲကို ပိုင်ဆိုင်တဲ့ အယ်လ်ဖာဘက် ကုမ္ပဏီ၊ အယ်မဇွန် ကုမ္ပဏီ၊ အက်ပဲ ကုမ္ပဏီနဲ့ ဖေ့စ်ဘွတ် ကုမ္ပဏီတို့ဟာ သူတို့ရဲ့ အပြည်ပြည်ဆိုင်ရာ လွှမ်းမိုးမှုနဲ့ ပြိုင်ဘက်မရှိ ဖြစ်လာမှု အခြေအနေတို့ကြောင့် နိုင်ငံတကာ အစိုးရအာဏာပိုင်တွေ၊ အထူးသဖြင့် အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က စည်းကမ်းတင်းကျပ်မှုတွေ လုပ်လာရတဲ့ အခြေအနေဟာ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ ပိုပြီး သိသာထင်ရှားလာခဲ့ပါတယ်။
အဲဒီ ကုမ္ပဏီကြီးတွေက သူတို့ရဲ့ လျှပ်စစ်ပစ္စည်း သို့မဟုတ် အကောင့်အသုံးပြုသူတွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို အလွဲသုံးစားလုပ်တာ၊ ဒါမှမဟုတ် အခြားကုမ္ပဏီတွေက အလွဲသုံးစား လုပ်လို့မရအောင် ကာကွယ်ဖို့နဲ့ ဒီကုမ္ပဏီကြီးတွေ ပြိုင်ဘက်မရှိ အင်အားကြီးလာတဲ့ အခြေအနေကြောင့် ဈေးကွက် လက်ဝါးကြီးအုပ်ထားမှု အခြေအနေတွေကို ထိန်းချုပ်ဖို့ အခုလို နိုင်ငံတကာ အစိုးရ အာဏာပိုင်တွေက ကြိုးစားလာကြတာလည်း ဖြစ်ပါတယ်။
ဒီလို ကမ္ဘာ့နည်းပညာလောကကို အဲဒီ ကုမ္ပဏီ အနည်းစုက လွှမ်းမိုးထားသလို ဖြစ်တဲ့အခြေအနေဟာ ၂၀၂၁ အရောက်မှာလည်း ဆက်ရှိနေဖို့ များတယ် ဆိုပေမဲ့ လာမယ့် နှစ်သစ်မှာ ထွန်းကား ခေတ်စားလာနိုင်တဲ့ နည်းပညာနဲ့ လျှပ်စစ်ပစ္စည်းတွေကို ဒီကုမ္ပဏီတွေကပဲ လွှမ်းမိုး ထုတ်လုပ်တဲ့ အခြေအနေမဟုတ်သေးဘဲ တခြား အလားအလာရှိတဲ့ တက်သစ်စ ကုမ္ပဏီတွေလည်း ရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
လျှပ်စစ်သုံး ပျံသန်းစက် ခေတ်ရှေ့ပြေးလာနိုင်ခြေ
၂၀၂၀ ကိုဗစ်ကာလမှာ နိုင်ငံတကာ ခရီးသွားလုပ်ငန်းကြီးတစ်ခုလုံး ရပ်ဆိုင်းလုနီးပါး ဖြစ်နေလို့ လေယာဉ်ဝယ်တဲ့ အမှာတွေ ရုပ်သိမ်း ပယ်ဖျက်မှုတွေ များပြားခဲ့ပါတယ်။
ယခင်လို ဒီလုပ်ငန်းလည်ပတ်မှု အရှိန်ပြန်ရဖို့ကလည်း အချိန်ယူရနိုင်တယ် ဆိုပေမဲ့ တစ်ဖက်မှာလည်း သမားရိုးကျ လေယာဉ်ဆီသုံး ပျံသန်းယာဉ်တွေ အသားပေး ထုတ်လုပ်ရာကနေ အခြားစွမ်းအင်သုံး နည်းပညာနဲ့ လေယာဉ်ထုတ်လုပ်ဖို့ ကြိုးစားမှုတွေကလည်း အရှိန်တက်လာခဲ့တာကို တွေ့ရပါတယ်။
ဥရောပအခြေစိုက် လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ အဲဘတ်စ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ခရီးသည်တင် လေယာဥ် ထုတ်လုပ်ဖို့ ပုံစံသုံးမျိုးကို ထုတ်ဖော်ပြနိုင်ခဲ့ပါတယ်။
အဲဒီ သုံးမျိုးကတော့ ခရီးသည် နည်းနည်းနဲ့ ခရီးတို သွားနိုင်တဲ့ တာဘို ဒလက် ပန်ကာသုံး လေယာဥ်ဒီဇိုင်း၊ ခရီးရှည် မိုင် ၂၀ဝ၀ ကျော် သွားနိုင်ပြီး ခရီးသည် ၂၀ဝ အထိ တင်နိုင်တဲ့ တာဘို လေအားသုံး လေယာဥ်ဒီဇိုင်းနဲ့ လေယာဥ် အတောင်ပံနဲ့ ကိုယ်ထည် တစ်သားတည်းထားပြီး ကိုယ်ထည်မှာ မောင်းနှင်အင်ဂျင်တပ်တဲ့ ဒီဇိုင်းတို့ဖြစ်ပါတယ်။
ဒီလေယာဥ်ဒီဇိုင်းတွေမှာ ဟိုက်ဒရိုဂျင်လောင်စာရည်ကို အသုံးပြုမှာဖြစ်ပေမယ့် အမှန်တကယ်ကတော့ အဲဒီ လျှပ်စစ်ဓာတ်ရအောင် ဒီလောင်စာကို လောင်ကျွမ်းစေမှာ ဖြစ်တဲ့အတွက် လျှပ်စစ်သုံးလေယာဉ်လို့လည်း ခေါ်ဆိုနိုင်ပါတယ်။
ဒါ့အပြင် အဲဘတ်စ်ကုမ္ပဏီဟာ ဂျာမနီ၊ ပြင်သစ်၊ စပိန်နဲ့ ပူးပေါင်းပြီး ထုတ်လုပ်ဖို့ ကြိုးစားနေတဲ့ စစ်တပ်သုံး အကြီးစား မောင်းသူမဲ့ လေယာဥ်ထုတ်လုပ်ဖို့အတွက် အဲဒီနိုင်ငံတွေနဲ့ ၂၀၂၁ ထဲမှာ စာချုပ်ချုပ်နိုင်ခြေ ရှိနေပါတယ်။
ယူရိုဒရုန်းလို့လည်း ခေါ်ဝေါ်ကြတဲ့ အဲဒီ ဒရုန်းအကြီးစားဟာ အလျား ပေ ငါးဆယ်ကျော်နဲ့ အတောင်ပံ အကျယ် ၈၅ ပေအထိ ရှိဖို့ ပုံစံထုတ်ထားပြီး အလေးချိန် ကီလိုဂရမ် နှစ်ထောင်ကျော်ကို မြေပြင်အမြင့်ပေ ငါးသောင်းခွဲ နီးပါးအထိ သယ်ယူ ပျံသန်းနိုင်မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ လေယာဥ်အင်ဂျင် အတော်များများကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီ ရိုးရွိုက်စ်ကလည်း လက်ရှိ ဘက်ထရီနဲ့ သယ်ဆောင်နိုင်တဲ့ လျှပ်စစ်သုံး လေယာဥ်တွေထဲမှာ အမြန်ဆုံးဖြစ်လာမယ့် ACCEL ဆိုတဲ့ လေယာဥ်ကို ၂၀၂၁ ခုနှစ်ထဲမှာ ပြသလာနိုင်ခြေရှိကာ တနာရီ မိုင် သုံးရာနှုန်းအထိ အမြန်နှုန်းရှိမယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကုန်ပစ္စည်းအရောင်းဆိုင်တွေမှာ နည်းပညာ ခေတ်ရှေ့ပြေးလာနိုင်ခြေ
ကုန်ဆုံးတော့မယ့် ၂၀၂၀ အတွင်းမှာ အသွားအလာဖြတ်တောက်ပြီး လုပ်ငန်းတွေ ပိတ်သိမ်းရပ်ဆိုင်းထားရတဲ့ လော့ဒေါင်းအခြေအနေကြောင့် လူတွေ အွန်လိုင်းက အဝယ်များလို့ ဆိုင်ခန်းဖွင့်ပြီး ရောင်းချတဲ့ ကုန်ပစ္စည်းအရောင်းဆိုင်တွေရဲ့ အခြေအနေမကောင်းဘဲ ဖြစ်ခဲ့ရပါတယ်။
ဒါပေမဲ့ တစ်ဖက်မှာလည်း လူတွေရဲ့ ကုန်ပစ္စည်းတွေ ဝယ်ယူရာမှာ မျက်မြင်ကိုယ်တွေ့ ကြည့်ရှုလိုမှု အပေါ်အခြေခံပြီး အယ်မဇွန်လို ကုမ္ပဏီကြီးတွေက ဝယ်သူအနေနဲ့ ဆိုင်ထဲဝယ်လာပြီး ကောက်ထည့်ရုံနဲ့ ငွေရှင်းပြီးသား အဆင်သင့်ဖြစ်အောင်လုပ်ထားတဲ့ Amazon Go Store တွေ အပါအဝင် အခြား အလားတူ နည်းပညာသုံးတဲ့ အရောင်းဆိုင်လုပ်ငန်းတွေက လာမယ့် ၂၀၂၁ အတွင်းမှာ ခေတ်စားလာနိုင်ပါတယ်။
အဲဒီ ဆိုင်ခန်းတွေအတွင်းမှာ ဆိုင်ဝန်ထမ်းထားရှိစရာမလိုဘဲ ဝယ်သူရဲ့ လှုပ်ရှားမှုတွေကို ကင်မရာက စောင့်ကြည့်ပြီး ပစ္စည်းယူသွားသူရဲ့ ဘဏ်စာရင်းထဲက ဖြတ်မယ့် စနစ်ကို အသုံးပြုတာလို့ ဆိုပါတယ်။
လက်ရှိ အမေရိကန်နိုင်ငံအတွင်းမှာ အယ်မဇွန် ကုမ္ပဏီက အဲဒီလို ဆိုင်တွေ ၂၀ လောက်အထိသာ ဖွင့်ထားရသေးပြီး ၂၀၂၁မှာတော့ ယူကေနိုင်ငံမှာလည်း အယ်မဇွန်က အလားတူ လာရောက် ဖွင့်လှစ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။
ဒီလို ဆိုင်ခန်းအခြေပြု အရောင်းဆိုင်တွေရဲ့ အကျိုးကျေးဇူးကတော့ ဝယ်သူတွေ အချိန်ကုန် သက်သာရုံသာမက ကိုဗစ် အခြေအနေဖြစ်လာပြီးနောက်ပိုင်း လိုအပ်ချက် တစ်ခုဖြစ်လာတဲ့ လူချင်းခပ်ခွာခွာနေရတဲ့ ကန့်သတ်ချက်နဲ့ အံဝင်ခွင်ကျ ဖြစ်မှုလို့လည်း ဆိုနိုင်ပါတယ်။
အခုလို ဆိုင်မျိုးတွေကိုဖွင့်ဖို့ ယူကေနိုင်ငံက ကုန်စုံဆိုင် ဆိုင်ခွဲတွေ ဖွင်လှစ်ထားတဲ့ Gartner ကုမ္ပဏီကလည်း စဉ်းစားနေတယ်လို့ အဲဒီ ကုမ္ပဏီရဲ့ အကြီးတန်း ဒါရိုက်တာလည်းဖြစ်၊ အချက်အလက် သုံးသပ်သူလည်းဖြစ်တဲ့ မက်စ် ဟမ်မန်က ဘီဘီစီကို ပြောပါတယ်။
နေအိမ်ကနေ အလုပ်လုပ်ရာ သုံးတဲ့ နည်းပညာ ခေတ်ရှေ့ပြေးနိုင်ခြေ
လက်ရှိ ကိုဗစ်အခြေအနေကြောင့် အသွားအလာ ကန့်သတ်ပြီး၊ ရုံးခန်းတွေ ပိတ်ထားရတဲ့ အခြေအနေနဲ့အတူ နေအိမ်ကနေပဲ လုပ်နိုင်တဲ့ အလုပ်တွေကို လုပ်လာကြတာ ရှိရာမှာ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်ကို အပြီးသတ် နှိမ်နင်းပြီးသွားရင်တောင် အခုလို နေအိမ်က လုပ်လို့ရရင် ရုံးလာစရာ မလိုတဲ့ အစဉ်အလာကို စီးပွားရေး လုပ်ငန်းကြီးတွေက ဆက်ထိန်းထားနိုင်ခြေ ရှိနေပါတယ်။
နည်းပညာဆိုင်ရာ အချက်အလက် သုတေသနပြုတဲ့ CCS Insights က ဥရောပနဲ့ အမေရိကန်က စီးပွားရေးလုပ်ငန်းကြီးတွေကို သဘောထားကောက်ခံချက်အရ သူတို့ရဲ့ လုပ်သားအင်အား ၂၅ ရာခိုင်နှုန်းကို ကိုဗစ်အခြေအနေ တည်ငြိမ်သွားရင်တောင် အိမ်ကနေပဲ အလုပ်လုပ်စေတော့မယ်လို့ ပြောဆိုကြတဲ့ ကုမ္ပဏီအရေအတွက် အများစု ရှိနေတာကိုလည်း တွေ့ရပါတယ်။
အခုလို ၂၀၂၁ အတွင်း ဖြစ်လာနိုင်ခြေရှိတဲ့ အလားအလာကြောင့် နေအိမ်ကနေ အလုပ်လုပ်တာနဲ့ ပတ်သက်တဲ့ နည်းပညာဝန်ဆောင်မှုတွေ အမျိုးမျိုး ပေါ်လာနိုင်ပါတယ်။
ဒီလို ခေတ်စားလာနိုင်ခြေရှိတဲ့ နည်းပညာ ပုံစံတွေကတော့ နေအိမ်သုံး အင်တာနက်လိုင်းထက် စိတ်ချရတဲ့ အင်တာနက်လိုင်းတပ်ပေးတာ အပါအဝင် နေအိမ်ကနေ အလုပ်လုပ်ရေး အဆင်ပြေချောမွေ့ပြီး၊ အချက်အလက် လုံခြုံစိတ်ချရမှုလည်း ရှိစေဖို့ အခြေခံတဲ့ နည်းပညာအသစ်နဲ့ ဝန်ဆောင်မှု အသစ်တွေ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Waymo
မောင်းသူမဲ့ ကားနည်းပညာ ခေတ်စားလာနိုင်ခြေ
အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်က ဖီးနစ်မြို့မှာဆိုရင် ဂူဂဲပိုင် Waymo ကုမ္ပဏီက မောင်းသူမဲ့ တက္ကစီ အစီး သုံးရာလောက် ပြေးဆွဲပေးနေတာ ပြီးခဲ့တဲ့ အောက်တိုဘာလ ကတည်းက ဖြစ်ပါတယ်။
Waymo ရဲ့ အပြိုင် မောင်းသူမဲ့ တက္ကစီ ပြေးဆွဲဖို့ ပြင်ဆင်နေတဲ့ ကုမ္ပဏီကတော့ General Motors ဖြစ်ပြီး သူတို့ပိုင်ဆိုင်တဲ့ Cruise ကုမ္ပဏီက ဆန်ဖရန်စစ္စကို မြို့မှာ အလားတူ ပြေးဆွဲဖို့ စမ်းသပ်နေပါတယ်။
Lyft ဆိုတဲ့ ကုမ္ပဏီကလည်း အလားတူ ဆန်ဖရန်စစ္စကိုမြို့မှာပဲ မောင်းသူမဲ့ တက္ကစီ ပြေးဆွဲဖို့ စမ်းသပ်နေပေမယ့် Waymo နဲ့ Cruise တို့ထက်တော့ နောက်ကျနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိ နိုင်ငံတကာမှာ လူသိများတဲ့ တက္ကစီ ကုမ္ပဏီ Uber ကတော့ သူတို့ရဲ့ မောင်းသူမဲ့ တက္ကစီ ပြေးဆွဲရေး စီမံကိန်း တစ်ခုလုံးကို အယ်မဇွန် ကုမ္ပဏီ လက်အောက်က အရိုရာ နည်းပညာ ကုမ္ပဏီကို ရောင်းချထားပါတယ်။
တရုတ်နိုင်ငံမှာဆိုရင်လည်း AutoX ဆိုတဲ့ ကုမ္ပဏီက ရှန်ကျန့်မြို့မှာ မောင်းသူမဲ့ကား ၂၅ စီးကို လက်ရှိ ဒီဇင်ဘာလထဲမှာပဲ စတင် စမ်းသပ်ပြေးဆွဲနေပြီ ဖြစ်ပါတယ်။










