တရုတ်ပြည်မကြီးကို တရားခံလွှဲပြောင်းရေး အစီအစဉ် ဟောင်ကောင် ဆိုင်းငံ့

ဓာတ်ပုံ ရင်းမြစ်, AFP
ပြစ်မှု ကျူးလွန်တဲ့ တရားခံတွေကို တရုတ်ပြည်မကြီးဆီ လွှဲပြောင်းပေးမယ့် အငြင်းပွားဖွယ် ဥပဒေမူကြမ်းကို ဆိုင်းငံ့လိုက်ကြောင်း ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ကြေညာလိုက်ပါတယ်။
ဟောင်ကောင် လူထု သိန်းနဲ့ချီက ဒီ အစီအစဉ်ကို ဆန့်ကျင်ခဲ့ကြပေမယ့် အရင်တုန်းကတော့ ဥပဒေမူကြမ်းကို ပယ်ဖျက်ဖို့ကို တရုတ်ကျောထောက် နောက်ခံ ပေးထားတဲ့ ဟောင်ကောင် ခေါင်းဆောင် ကယ်ရီလမ်းက ငြင်းဆန်နေခဲ့တာပါ။
"ဒီဥပဒေကြမ်းက ဟောင်ကောင် လူမှု အသိုင်းအဝန်းကြားမှာ ကြီးမားတဲ့ ကွဲပြားမှုတွေ ဖြစ်စေခဲ့တယ်" လို့ မစ္စလမ်းက သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ နားလည်မှု လွဲမှားတာတွေနဲ့ သံသယ ဖြစ်မှုတွေလည်း ဖြစ်ပေါ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
ဒါကြောင့် အစိုးရ အနေနဲ့ ဒီ အစီအစဉ်ကို ခေတ္တ ရပ်နားပြီး ပြန်လည် စဉ်းစား သုံးသပ်မယ်လို့ ပြောပါတယ်။
"ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းပြချက်နဲ့ ဆက်သွယ် ပြောဆိုချက်တွေ လုံလုံလောက်လုံ မဖြစ်ခဲ့ဘူး ဆိုတာလည်း ကျွန်မ ဝန်ခံပါတယ်" လို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ပြောပါတယ်။
"ဟောင်ကောင်ရဲ့ အကျိုးစီးပွားကို ရှေးရှုဖို့ ကျွန်မတို့ ဦးစားပေးရမယ်၊ တည်ငြိမ် အေးချမ်းရေးကို ပြန်လည် တည်ဆောက်ရမယ်" လို့လည်း မစ္စလမ်းက ဖြည့်စွက် ပြောခဲ့ပါတယ်။
တရုတ်ပြည်ကို တရားခံလွှဲပြောင်းရေး အစီအစဉ်က ရာဇဝတ်သားတွေ ဟောင်ကောင်မှာ လွတ်ငြိမ်းချမ်းသာ ခိုအောင်းနိုင်နေတဲ့ ဥပဒေအရ ဟာကွက် ကယ်ပေါက် ကြီးကို ပိတ်ဆို့ဖို့ ဆိုပြီး ဟောင်ကောင် အုပ်ချုပ်ရေး အစိုးရပိုင်းက လူထုရဲ့ ဆန့်ကျင်နေမှုကို ပြန်လည် ချေပထားပါတယ်။
ဥပဒေ ပြုရေး ဆိုင်ရာ နှစ်သက်တမ်း မကုန်ခင် ဒီ တရားခံလွှဲပြောင်းရေး ဥပဒေ မူကြမ်းကို အတည်ပြုမယ့် အစီအစဉ်ကတော့ ဖြစ်မှာ မဟုတ်တော့ဘူးလို့ မစ္စလမ်းက ပြောပါတယ်။ ရှေ့အစီအစဉ် အတွက် ရက် သတ်မှတ်ချက်တော့ လောလောဆယ် မရှိသေးဘူးလို့ ဆိုပါတယ်။
လူ သိန်းကျော် ပါဝင်တဲ့ ဆန္ဒပြသူတွေက ဒီ ဥပဒေကို ဆန့်ကျင် ခဲ့ကြပါတယ်။ လာမယ့် တနင်္ဂနွေနေ့ မှာလည်း နောက်ထပ် ဆန္ဒ ထုတ်ဖော် စုဝေး ကြဖို့ ပြင်ဆင်နေကြတုန်းမှာပဲ အခု လို ဟောင်ကောင် အစိုးရ ရဲ့ ကြေညာချက် ထွက်လာတာပါ။
တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းက ဘာကြောင့် အငြင်းပွားဖွယ် ဖြစ်နေတာလဲ
တရားခံလွှဲပြောင်းရေး ဥပဒေသာ အတည်ဖြစ်ခဲ့ရင် ဒါဟာ ဟောင်ကောင် လူထုကို ချို့ယွင်းချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ်လို့ စွပ်စွဲခံနေရတဲ့ တရုတ်ပြည်မကြီးရဲ့ တရားစီရင်ရေး စနစ် လက်အောက် ရောက်စေမှာ ဖြစ်ပြီး ဟောင်ကောင်မြို့တော်ရဲ့ လွတ်လပ်တဲ့ တရားရေး မဏ္ဍိုင် စနစ်ကိုလည်း ထိခိုက်ဖို့ ဦးတည် စေတယ်လို့ ဥပဒေကြမ်းကို ဆန့်ကျင်ကြသူတွေက ထောက်ပြကြပါတယ်။
ပြောင်းလဲဖို့ ကြိုးစားခဲ့တဲ့ ဥပဒေ အရ ပြစ်မှုကျူးလွန်သူတွေကို တရုတ်ပြည်မကြီး၊ ထိုင်ဝမ်နဲ့ မကာအို အာဏာပိုင်တွေ ရဲ့ တောင်းဆိုချက်အရ အဲဒီကို လွှဲပြောင်းကာ တရားစီရင်မှုခံယူဖို့ကို ဟောင်ကောင် တရားရုံးတွေက အမှု တစ်ခုချင်းစီ အလိုက် ဆုံးဖြတ် ခွင့်ပြုရမှာ ဖြစ်ပါတယ်။
ထင်ရှားတဲ့ အမှု တစ်ခု ဖြစ်တဲ့ ဟောင်ကောင်က အမျိုးသား တစ်ဦးဟာ ထိုင်ဝမ်မှာ အပန်းဖြေ ခရီးထွက်နေတုန်း သူ့ ချစ်သူ အမျိုးသမီးကို သတ်ဖြတ်ခဲ့တယ် ဆိုပြီး စွပ်စွဲခံရတဲ့ အမှု နောက်ပိုင်းမှာ အခုလို တရားခံ လွှဲပြောင်းရေး ဥပဒေ ပြင်ဆင်ဖို့ ဖြစ်လာခဲ့တာပါ။
ဟောင်ကောင် အုပ်ချုပ်ရေးမှူး မစ္စလမ်း အပါအဝင် ဟောင်ကောင် အာဏာပိုင်တွေကတော့ ဒီ ဥပဒေ ပြင်ဆင်ချက်က မြို့တော်ကို ရာဇဝတ်သားတွေ ဘေးရန်ကနေ ကာကွယ်ရာ ရောက်တယ်လို့ ယူဆထားကြပါတယ်။
ဒါပေမယ့် ဒီ တရားခံ လွှဲပြောင်းရေး အစီအစဉ်က တဆင့် တရုတ်ပြည်မကြီး အနေနဲ့ သူ့ရဲ့ နိုင်ငံရေး ပြိုင်ဘက်တွေကို ပစ်မှတ်ထားပြီး နှိပ်ကွပ် နိုင်သွားမှာကို ဟောင်ကောင် နိုင်ငံသား အများအပြားကတော့ စိုးရိမ်နေကြပါတယ်။
တရုတ်ပြည်မကြီးမှာ ညှဉ်းပန်းနှိပ်စက်မှု၊ ဥပဒေ ပြင်ပ ဖမ်းဆီး ချုပ်နှောင်မှု၊ အတင်းအကျပ် အပြစ် ဝန်ခံ ခိုင်းမှု အစရှိတဲ့ ယိုယွင်းနေတဲ့ တရားရေး စနစ် ရှိနေတယ် ဆိုပြီးလည်း အတိုက်အခံ တက်ကြွ လှုပ်ရှားသူတွေက စွပ်စွဲ ပြောဆိုနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SAM YEH / AFP / Getty Images
လူထု ဆန့်ကျင်မှုတွေ ဘယ်လို ဖြစ်ခဲ့လဲ
ပြီးခဲ့တဲ့ သီတင်းပတ် တနင်္ဂနွေတုန်းက ကြီးမား ကျယ်ပြန့်တဲ့ လူထု ချီတက်ပွဲ ကြီး စတင်ခဲ့ပါတယ်။ လူ ၁ သန်းကျော် ပါဝင်ခဲ့တယ်လို့ တရားခံလွှဲပြောင်းရေး ဥပဒေကြမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲကို စီစဉ်သူတွေက ဆိုပါတယ်။
ဗုဒ္ဓဟူးနေ့တုန်းကလည်း လူသိန်းနဲ့ချီ ဟာ ဥပဒေ မူကြမ်း ဒုတိယ ဖတ်ကြား ဆွေးနွေး တဲ့ အစိုးရ ရုံးချုပ် နေရာ တဝိုက်က လမ်းတွေကို ပိတ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေနဲ့ အစိုးရ လုံထိန်းတွေ ကြား အချေအတင် တွေလည်း ဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂၂ ယောက် နဲ့ ဆန္ဒပြသူ ၆၀ ယောက်လည်း ထိခိုက် ဒဏ်ရာ ရခဲ့ကြပါတယ်။ ဒီ ဆန္ဒပြပွဲ အတွင်း လူ ၁၁ ဦး ကို ဖမ်းဆီးထားကြောင်း အစိုးရ တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရာဘာ ကျည်ဆန်တွေနဲ့ မျက်ရည်ယိုဗုံးတွေ အသုံးပြုခဲ့တဲ့ ရဲတပ်ဖွဲ့ကို အင်အား အလွန်အကျွံ သုံးစွဲ တယ်ဆိုပြီးလည်း လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲ ခဲ့ကြပါတယ်။
ဟောင်ကောင် အာဏာပိုင်တွေက ဘယ်လို တုံ့ပြန်လဲ
ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းဟာ ပြီးခဲ့တဲ့ အပတ်က ပြည်တွင်း တီဗီ သတင်း ဌာန တစ်ခုနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ဒီဆန္ဒပြမှုတွေဟာ "စနစ်တကျ ကြံစည် စီစဉ်ထားတဲ့ ဆူပူအုံကြွမှု" လို့ ပြောဆိုပြီးနောက်ပိုင်းမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး လူသိရှင်ကြား မပြောတော့တာ အခု စနေ (ဇွန် ၁၅) ရက်နေ့ အထိပါပဲ။
မျက်ရည် တွေ ကျလျက် ဖြေကြားခဲ့တဲ့ အဲဒီ ရုပ်သံအင်တာဗျူးမှာ "ဟောင်ကောင်ကို ရောင်းစားလိုက်ပြီ" ဆိုတဲ့ သူ့ အပေါ် စွပ်စွဲချက်တွေကိုလည်း မစ္စလမ်းက ငြင်းဆိုခဲ့ပါတယ်။
"ဟောင်ကောင် ဒေသခံတွေ အားလုံးလိုပဲ ကျွန်မ ဒီ မြေ မှာ ကြီးပြင်းခဲ့တာပါ၊ ဟောင်ကောင်ကို ချစ်မြတ်နိုးစိတ်နဲ့ ကျွန်မရဲ့ ပုဂ္ဂလိက ဘဝ အနစ်နာခံ စွန့်လွှတ်ခဲ့ရတာတွေ ရှိတယ်" လို့ လည်း အဲဒီတုန်းက အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ဖြေကြားခဲ့ပါတယ်။
ဟောင်ကောင်က တရုတ်ပြည်မကြီးရဲ့ အစိတ်အပိုင်း တစ်ခုလား
ဟောင်ကောင်ဟာ ၁၈၄၁ ခုနှစ်ကတည်းက ဗြိတိသျှ ကိုလိုနီ လက်အောက်ခံ ဖြစ်ခဲ့ပေမယ့် တရုတ်ပြည်မကြီးရဲ့ အုပ်ချုပ်မှု အောက်ကို ၁၉၉၇ ခုနှစ်မှာ ပြန်လွှဲပေးခဲ့ပါတယ်။ ဒါပေမယ့် "နိုင်ငံ ၁ နိုင်ငံ စနစ် ၂ ခု" ဆိုတဲ့ အစီအစဉ်အောက်မှာ ဟောင်ကောင်ရဲ့ ကိုယ်ပိုင်လွတ်လပ်စွာ အုပ်ချုပ်ခွင့် အဆင့်ကို အာမခံ ပေးထားပါတယ်။
အဲဒီ စနစ်မှာ ကိုယ်ပိုင် လွတ်လပ် အမှီအခိုကင်းတဲ့ တရားစီရင်ရေးစနစ်၊ ဥပဒေပြုရေး စနစ်နဲ့ စီးပွားရေး စနစ်တွေ ပါဝင်ပါတယ်။
တရုတ်ပြည်မကြီးကတော့ ဟောင်ကောင်ကို လွတ်လပ်ခွင့် အထိုက်အလျောက် ပေးထားတဲ့ အထူး အုပ်ချုပ်ခွင့်ရ ဒေသ အဖြစ် ရှုမြင်သတ်မှတ်ပါတယ်။ ဒေသတွင်းမှာ လွှမ်းမိုးနိုင်တဲ့ စီးပွားရေးနဲ့ မီဒီယာ ဗဟိုချက်မ အဖြစ် လည်း ဟောင်ကောင်က တည်ရှိနေပါတယ်။
ဒါပေမယ့် ဟောင်ကောင်ဟာ တရုတ်ပြည်မကြီးရဲ့ ဖိအား အောက်မှာတော့ ရှိနေပါတယ်။ ဘေဂျင်း အစိုးရက ဟောင်ကောင်ရဲ့ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးရာတွေကို တာဝန်ခံယူထားပါတယ်။
ဟောင်ကောင် လူထုက ဘာကို ဒေါသ ထွက်နေကြတာလဲ
တရားခံလွှဲပြောင်းရေး အစီအစဉ်က တဆင့် တရုတ် ထိန်းချုပ်ခံ လက်အောက် ပို ရောက်သွားမှာကို ဟောင်ကောင် လူထု အများစုက စိုးရိမ်နေကြပါတယ်။
ဒါပေမယ့် ဒီ ဥပဒေကြမ်း အသစ် အရ တရုတ်ပြည်မကြီးက တရားခံ လွှဲပြောင်း ပေးဖို့ တောင်းဆိုလာရင် အဲဒီ တရားခံကို လွှဲပြောင်း ပေး၊ မပေး နောက်ဆုံး ဆုံးဖြတ်ချက်ကို ဟောင်ကောင် တရားရုံးတွေက ဆုံးဖြတ်ခွင့် ရှိတယ်လို့ ဟောင်ကောင် အာဏာပိုင်တွေက ပြန်လည် ဖြေရှင်းပါတယ်။
ဒါ့အပြင် နိုင်ငံရေး၊ ဘာသာရေး ဆိုင်ရာ ပြစ်မှုတွေနဲ့ စွပ်စွဲခံရသူတွေကို လွှဲပြောင်းပေးမယ့် အထဲမှာ ပါမှာ မဟုတ်ဘဲ လူ့အခွင့်အရေးကို တရားဥပဒေ အရ ကာကွယ်စောင့်ရှောက် သွားမယ်လို့ လည်း မစ္စလမ်း အစိုးရ အဖွဲ့က ကြေညာထားပါတယ်။
















