တီယန်နန်မင် နှစ် ၃ဝပြည့် - လာသမျှသူကို ရဲက မှတ်ပုံတင်စစ်၊ ဓာတ်ပုံရိုက်ခွင့်မပြု

ဓာတ်ပုံ ရင်းမြစ်, Reuters
တီယန်နန်မင် ရင်ပြင် ဆန္ဒပြပွဲ ဖြိုခွင်းခဲ့မှုမှာ လူဘယ်လောက် သေဆုံးခဲ့သလဲ ဆိုတာကို ထုတ်ပြန်ပေးပါ ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပေအို ပြောဆိုခဲ့တဲ့ အပေါ် တရုတ်အစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။
ဒီနှစ် ၂ဝ၁၉ ဇွန်လ ၄ ရက်မှာ တီယန်နန်မင် ရင်ပြင် အဖြစ်အပျက် နှစ် ၃ဝ ပြည့်ပြီ ဖြစ်ပါတယ်။
ဒီ အဖြစ်အပျက်ကို တရုတ်နိုင်ငံ သမိုင်းရဲ့ မှောက်မိုက်တဲ့ အခန်းကဏ္ဍ ဆိုပြီး မိုက်ပွန်ပေအိုက ညွှန်းဆိုပြောရင်းမှာပဲ လူဘယ်နှစ်ယောက် သေဆုံးခဲ့လဲ၊ ပျေက်ဆုံးနေလဲ စတဲ့ အသေးစိတ် အချက်အလက်တွေကို တရုတ် အစိုးရ ဘက်က လူသိရှင်ကြား ကြေညာပေးပါ ဆိုပြီး ပြောခဲ့တာ ဖြစ်ပါတယ်။
ဝါရှင်တန်ဒီစီမှာ ထားရှိတဲ့ တရုတ်သံရုံးရဲ့ ပြောခွင့်ရကတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ ပြောဆိုချက်ဟာ တရုတ်ပြည်သူ အားလုံးအပေါ် စော်ကား ကျူးလွန်လိုက်တာပဲ ဆိုပြီး တုံ့ပြန်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
နှုတ်ဆိတ်နေဆဲ တီယန်နန်မင်
ဘေဂျင်းမြို့တော်မှာ လူ သန်းနဲ့ချီ ပါဝင်တဲ့ နိုင်ငံရေး ဆန္ဒပြပွဲတွေ ၁၉၈၉ ခုနှစ်က ပေါ်ပေါက်ခဲ့ပြီး တရုတ် ကွန်မြူနစ် အစိုးရက ရက်ရက်စက်စက် နှိမ်နှင်း ခဲ့တာမှာ ဇွန် ၄ ရက် နေ့ တီယန်နန်မင် ရင်ပြင် ဖြိုခွင်းမှုဟာ ကမ္ဘာ့သတင်း စာမျက်နှာတွေထက် အင်မတန် လွှမ်းမိုးခဲ့ပါတယ်။
လူတွေ ထောင်ဂဏန်းထိ သတ်ဖြတ် ခံခဲ့ရနိုင်တယ်လို့ ခန့်မှန်းမှုတွေ ရှိပေမယ့် တရုတ်အစိုးရကတော့ တီယန်နန်မင် ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘာမှ အတိအကျ ထုတ်ဖော် ပြောဆိုတာမျိုး မရှိပါဘူး။
နှစ် ၃ဝ ပြည့် ကာလမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ ဝေဖန်သံ ထွက်လာတဲ့ အခါမှာတော့ ဝါရှင်တန်ဒီစီ တရုတ်သံရုံးက ၁၉၈ဝ ပြည့်လွန် နှောင်းပိုင်း နိုင်ငံရေး အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး အပြီးသတ် စီရင် ဆုံးဖြတ်ခဲ့ပြီးတာ ကြာလှပြီလို့ ဆိုပါတယ်။ ဒီလို ပြောဆိုမှုဟာ တီယန်နန်မင် ဖြစ်ရပ်ကို တရုတ် အာဏာပိုင်တွေ အင်မတန် ကြုံတောင့်ကြုံခဲ ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။
နှစ်ပတ်လည် မတိုင်ခင် စင်္ကာပူမှာ ကျင်းပတဲ့ ဒေသတွင်း အစည်းအဝေး တစ်ခုမှာလည်း တရုတ် ကာကွယ်ရေး ဝန်ကြီး ဝေဖန်ခ Wei Fenghe က အဲဒီ အချိန်က နိုင်ငံရေး မတည်မငြိမ် ဖြစ်မှုကို တရုတ်ဗဟို အစိုးရ အနေနဲ့ မူဝါဒ မှန်ကန်စွာနဲ့ တာဝန်ယူ ကိုင်တွယ်ခဲ့တာ ဖြစ်တယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဒီလို မှန်မှန်ကန်ကန် ဆောင်ရွက်ခဲ့လိုလည်း တရုတ်နိုင်ငံ အနေနဲ့ နောက်ပိုင်း တည်ငြိမ်မှုတွေ၊ တိုးတက်မှုတွေ ရလာတာဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး ဝေက ပြောဆိုခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပေအိုကတော့ တရုတ်အစိုးရဟာ သူတို့ရဲ့ အကျိုးစီးပွားကို ထိလာပြီဆိုရင် လူ့အခွင့်အရေး ချိုးဖောက်တာတွေ ပြုလုပ်လေ့ ရှိတယ် ဆိုတာကို ဒီကနေ့ အချိန်မှာလည်း ရှင်ကျန်းဒေသက ဝီဂါမွတ်ဆလင် လူနည်းစုတွေ အပေါ် ပြုမူပုံတွေကို ကြည့်ရင် သိနိုင်တယ်ဆိုပြီး ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
၁၉၈၉ တရုတ်ပြည်
ဆိုဗီယက် ပြိုကွဲတော့မယ့် ကာလဦး၊ အရှေ့ ဥရောပ နိုင်ငံတချို့ တစ်ပါတီ အုပ်စိုးမှုကနေ ရုန်းထွက်နေတဲ့ အချိန်၊ တရုတ်နိုင်ငံမှာလည်း ဒီမိုကရေစီ တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ ၁၉၈၉ မှာ အင်နဲ့အားနဲ့ ပေါ်ပေါက် ခဲ့ပါတယ်။
ကွန်မြူနစ် တိုင်းပြည်အဖြစ် ထူထောင်ခဲ့ပြီး နောက်ပိုင်း အကြီးမားဆုံး ကြုံခဲ့ရတဲ့ နိုင်ငံရေး အံတုမှု ဖြစ်ပါတယ်။ လူ တစ်သန်းကျော် ပါဝင်တဲ့ ဒီမိုကရေစီ တောင်းဆိုသူ ဆန္ဒပြသမားတွေဟာ ၁၉၈၉ ဧပြီလကစပြီး တီယန်နန်မင် ရင်ပြင်ကို သိမ်းပိုက် နေရာယူထား ခဲ့ကြပါတယ်။ တီအန်နန်မင် ရင်ပြင်ကို သီတင်းခြောက်ပတ်ကြာ ထိန်းချုပ် ထားခဲ့တာ ဖြစ်ပါတယ်။
ဇွန် ၃ ရက် ညမှာတော့ တရုတ် အစိုးရက သံချပ်ကာ အမြှောက်ကားတွေ၊ စစ်သားတွေ စေလွှတ်ပြီး တီယန်နန်မင်ကို ပြန်လည် သိမ်းပိုက်ပါတယ်။ ရင်ပြင် ပရိဝုဏ်ထဲမှာရော၊ ဝန်းကျင်မှာပါ ပစ်တာခတ်တာတွေ ဖြစ်ခဲ့ပါတယ်။
သေဆုံးခဲ့တဲ့ လက်နက်မဲ့ပြည်သူတွေ အနည်းဆုံး ရာကျော်ကနေ ထောင်နဲ့ချီ ရှိနိုင်တယ်လို့ ခန့်မှန်းချက်တွေ ရှိနေခဲ့ပေမယ့် တရုတ်အစိုးရကတော့ ရင်ပြင်မှာ တယောက်မှ သေနတ်မှန် သေတာမျိုး မရှိဘူးလို့ ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ရင်းမြစ်, Getty Images
နှစ် ၃ဝ ပြည့် ဘေဂျင်းက အခြေအနေ
တီယန်နန်မင် ဖြစ်ရပ် နှစ် ၃ဝ ပြည့် အထိမ်းအမှတ် ပွဲတွေ ကမ္ဘာတလွှား နေရာတချို့မှာ ကျင်းပခဲ့ပြီး သေဆုံး ခဲ့ကြသူတွေ အတွက် သတိရ အောင့်မေ့တာတွေ၊ တရုတ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ဖို့ တောင်းဆိုတာတွေ လုပ်ခဲ့ကြပါတယ်။
တရုတ်ပြည်မကြီး ချုပ်ကိုင်မှုအောက်ကနေ တစိတ်တပိုင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရှိတဲ့ ဟောင်ကောင်မှာလည်း ဇွန် ၄ ရက် ည နေခင်းမှာ ဖယောင်းတိုင်တွေ ထွန်းညှိပြီး အောင့်မေ့ပွဲ လုပ်ခဲ့တာမှာ လူပေါင်း တစ်သိန်းရှစ်သောင်းလောက်ထိ ပူးပေါင်း ပါဝင်ခဲ့ပါတယ်။
တရုတ်အစိုးရကတော့ တီယန်နန်မင် ဖြစ်ရပ် အထိမ်းအမှတ်ပွဲ ဆိုပြီး တခါမှ ကျင်းပတာမျိုး မရှိပါဘူး။ အနှစ် ၃ဝ ပြည့် အချိန် ဘေဂျင်းမြို့လယ်က တီယန်နန်မင်မှာ လုံခြုံရေးတွေ ထုံးစံအတိုင်း ထူထပ်နေခဲ့ပါတယ်။
မြေအောက်ရထား ဘူတာရုံက ထွက်လာသမျှ လူတွေကို ဘယ်သူဘယ်ဝါတွေလဲ ဆိုပြီး စစ်ဆေးကြပါတယ်။ မှတ်ပုံတင်ကတ်ပြားတွေ တောင်းကြည့်ပါတယ်။ နိုင်ငံခြား သတင်းထောက် အများစု ရင်ပြင်ရှိရာဆီ သွားခွင့် မရပါဘူး။ တချို့တလေ ရင်ပြင်ဘက် ရောက်သွားခဲ့ရင်တောင် ဓာတ်ပုံရိုက်ခွင့် မရှိပါဘူး။
နှစ် ၃ဝ ပြည့် နီးလာချိန်ကတည်းက တီယန်နန်မင် အကြောင်း ရည်ညွှန်း ပြောဆိုတာတွေ၊ ရေးသားတာတွေကို ခွင့်မပြုတဲ့ ဆင်ဆာဖြတ်တောက်မှုကို ပိုပြီး စိစစ်တင်းကျပ် ထားပါတယ်။ တရုတ်ပြည်မကြီးမှာ တီယန်နန်မင် အထိမ်းအမှတ် အခမ်းအနားလုပ်ပြီး ကျင်းပခွင့် မရှိပေမယ့် တကိုယ်ရေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ကြတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ တချို့တော့ ရှိပါတယ်။
ချန်းဝေဟာ သူတို့တွေထဲက တစ်ယောက်ပါ။ နှစ် ၃ဝပြည့် ဇွန် ၄ ရက်မှာ ၂၄ နာရီ ပတ်လုံး အစားမစားပဲ နေမယ်လို့ ဆိုပါတယ်။ ချန်းဝေဟာ ကျောင်းသားဘဝကတည်းက ဒီမိုကရေစီ တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ ဆောင်ရွက်ခဲ့သူ၊ ကျောင်းသားတွေကြား ဆော်ဩ လှုံ့ဆော် ခဲ့သူ ဖြစ်ပါတယ်။
"ကိုယ့်ဘာသာ အငတ်ခံ နေတာကို အစိုးရက ဘယ်လိုတားမလဲ" ဆိုပြီး ဗြိတိန်သတင်းစာ ဂါးဒီးယန်းကို ချန်းဝေက ပြောပါတယ်။










