ဆန်တာဖေးကျောင်းအတွင်း ပစ်ခတ်မှုကြောင့် ကျောင်းသား ၉ ယောက် ဆရာ ၁ ယောက်သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Twitter/ @HCSOTexas
တက္ကဆက်ပြည်နယ်က အထက်တန်းကျောင်း တကျောင်းဖြစ်တဲ့ ဆန်တာဖေး အထက်တန်းကျောင်းမှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီး ကျောင်းသား ၉ ယောက်နဲ့ ဆရာ ၁ ယောက်သေဆုံးခဲ့ပါတယ်။
နောက်ထပ် ဒဏ်ရာရသူလည်း ၁၀ ယောက်ထက် မနည်း ရှိတယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက် အတ်ဘော့က အတည်ပြု ပြောကြားပါတယ်။
ဆန်တာဖေး စာသင်ကျောင်းဟာ ဟူစတန်မြို့ တောင်ဘက် မိုင် ၄ဝ လောက် ဝေးတဲ့ နေရာမှာရှိပါတယ်။
အခု ဒီတိုက်ခိုက်မှုကို ပြုလုပ်ခဲ့သူက အဲဒီကျောင်းက အသက် ၁၇ နှစ်အရွယ် ကျောင်းသားတယောက် ဖြစ်ပါတယ်။
သူဟာ သူ့ဖခင်ရဲ့ ခြောက်လုံးပြူးနဲ့ ပြောင်းရှည် သေနတ်အတို တလက်ကို ယူပြီး အခုပစ်ခတ်မှုကို ကျူးလွန်ခဲ့တာပါ။
သူဟာ ပစ်ခတ်မှု ကျူးလွန်ပြီးရင် သူ့ကိုယ်သူ သတ်သေဖို့ ရည်ရွယ်ခဲ့ပေမယ့် သတ်မသေရဲလို့ ရဲဆီမှာ အဖမ်းခံခဲ့တာလို့ ဆိုပါတယ်။
ဖေဖော်ဝါရီလက ဖလော်ရီဒါ ကျောင်းတွင်း ပစ်ခတ်မှုနောက်ပိုင်း အခုဖြစ်စဉ်ဟာ အသေအပျောက် အများဆုံး ပစ်ခတ်မှု ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Win McNamee
ပန်းချီခန်းထဲ ဝင်လာပြီး စတင်ပစ်ခတ်ခဲ့ရာမှာ ကျောင်းသူ တယောက် ခြေထောက်ထိတယ်လို့လည်း ဆိုပါတယ်။ ပစ်ခတ်မှု စတင် ဖြစ်ပွားပြီးနောက်မှာ ကျောင်းသားတယောက်က မီးအချက်ပေး ခေါင်းလောင်းကို ခလုတ် ဆွဲလိုက်တဲ့အတွက် ကျောင်းသားတွေ ကျောင်းထဲက ပြေးထွက်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC/Google
ဒဏ်ရာရသူတွေထဲမှာ လုံခြုံရေးဆိုင်ရာ အရာရှိ နှစ်ယောက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှု ကျူးလွန်သူဟာ ကျောင်းသားတယောက် ဖြစ်တဲ့ အတွက် ကျန်ကျောင်းသားတွေရဲ့ အိတ်တွေကိုလည်း ကျောင်းအပြင်ဘက်က ကွင်းပြင်ထဲမှာ ရဲက ဖွင့်လှစ် စစ်ဆေးခဲ့ကြပါတယ်။
ဗုံးရှာတဲ့ အဖွဲ့လည်း ရောက်နေပြီး ရဟတ်ယာဉ်တွေနဲ့ လူနာတွေကို ဆေးရုံပို့နေကြပါတယ်။
လက်နက် ခဲယမ်း မီးကျောက် ထိန်းချုပ်ရေး အရာရှိတွေကလည်း ကူညီ စုံစမ်းပေးနေကြပါတယ်။
အခု ပစ်ခတ်မှုဟာ ၂၀၁၈ ခုနှစ်အတွင်း အမေရိကန် ပြည်ထောင်စု စာသင်ကျောင်းတွေမှာ ဖြစ်ပွားတဲ့ ၂၂ ကြိမ်မြောက် ပစ်ခတ်မှုဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်ဟာ အခုမှ သီတင်းပတ် ၂၀ သာရှိသေးတဲ့ အတွက် ပျမ်းမျှ တပတ်မှာ တခါနှုန်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သုံးသပ်သူတချို့က ဆိုပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အခုလို အသက်ဆုံးရှုံးခဲ့ကြရတဲ့ အတွက် ဝမ်းနည်း ကြေကွဲမိကြောင်း ပြောပါတယ်။ ကျောင်းသားတွေကို အကာအကွယ်ပေးဖို့ အသက်အန္တရာယ် လုံခြုံဖို့ အတွက် အစိုးရရဲ့ အာဏာရှိသမျှသုံးပြီး လုပ်နိုင်တာ အကုန်လုပ်သွားဖို့ စိတ်ပိုင်းဖြတ်ထားကြောင်းနဲ့ တခြားသူတွေရဲ့ အသက်ကိုရော မိမိအသက်ကိုပါ ပြန်ပြီး အန္တရာယ်ပြုတတ်သူတွေရဲ့ လက်ထဲမှာ သေနတ်မရှိအောင် ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
ဖလော်ရီဒါ ကျောင်းတွင်း ပစ်ခတ်မှုနောက်ပိုင်းမှာ သေနတ်ကိုင်ဆောင်ခွင့် ဖျက်သိမ်းဖို့ သမ္မတ ထရမ့်ကို ဖိအားပေးတောင်းဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့ပါတယ်။ သမ္မတ ထရမ့်ကတော့ ဖျက်သိမ်းရေးကို တောက်လျှောက် ငြင်းဆိုခဲ့တာဖြစ်ပါတယ်။








