မလေးဝန်ကြီးချုပ်ဟောင်း နာဂျစ် ပြည်ထွက်ခွင့်ပိတ်

Malaysia

ဓာတ်ပုံ ရင်းမြစ်, MOHD RASFAN

ဓာတ်ပုံ ပုံစာ, မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်တို့ ဇနီးမောင်နှံ

မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇက် ကို နိုင်ငံတွင်းက ထွက်ခွင့် ပိတ်ထားလိုက်ပြီး ဒေါ်လာဘီလျံချီတဲ့ ငွေကြေး အရှုပ်တော်ပုံ ကိစ္စနဲ့ စုံစမ်းခံရနိုင်ဖွယ် ရှိနေပါတယ်။

ရွေးကောက်ပွဲ အရှုံးက ပြန်နာလန်ထူဖို့ အားလပ်ရက် ခရီးသွားမယ်လို့ မစ္စတာ နာဂျစ် ကြေညာလိုက်ပြီးနောက် ခုလို ပိတ်ပင်ခံရတာ ဖြစ်ပါတယ်။

ကွာလာလမ်ပူနားက လေဆိပ် တခုမှာလည်း ဒေါသထွက်နေတဲ့ လူတစု ရောက်လာပြီး သူတို့ ဇနီးမောင်နှံ နိုင်ငံခြား ထွက်မသွားအောင် တားဖို့ စောင့်ဆိုင်းနေကြပါတယ်။

အင်ဒိုနီးရှားသွားဖို့ လေယာဉ်လက်မှတ်တွေ ဝယ်ထားတယ် ဆိုပြီး သတင်းထွက်လာတာပါ။

Malaysia

ဓာတ်ပုံ ရင်းမြစ်, ROSLAN RAHMAN

ဓာတ်ပုံ ပုံစာ, လေဆိပ်မှာ သတင်းထောက်နဲ့ လူအုပ်တွေ စောင့်နေ

၂ဝ၁၅ တုန်းက ဒေါ်လာ သန်း ၇ဝဝ ကို နိုင်ငံပိုင် ဖွံ့ဖြိုးရေး ရန်ပုံငွေ ထဲကနေ သူ့အိတ်ထဲ ထည့်တယ် ဆိုပြီး နာဂျစ်ကို စွပ်စွဲနေကြတာ ဖြစ်ပါတယ်။

နာဂျစ်မှာ အမှားအယွင်းမရှိဘူးဆိုပြီး အစိုးရဘက်က ဆုံးဖြတ်ခဲ့ပေမယ့် စုံစမ်းစစ်ဆေးရေး ပြန်လုပ်မယ်လို့ ဝန်ကြီးချုပ်သစ် ဒေါက်တာ မဟာသီယာက ပြောပါတယ်။

နာဂျစ်ကတော့ ဒီစွပ်စွဲချက်တွေကို ပယ်ချ ထားပါတယ်။

Malaysia

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဖခင် အင်္ဂါနေ့ ပြန်လွတ်မယ်

ဒီအချိန်မှာပဲ မလေးရှားက အကျဉ်းကျနေတဲ့ နိုင်ငံရေး ခေါင်းဆောင် အန်နဝါ အီဘရာဟင်ရဲ့ သမီးက သူ့ဖခင် အင်္ဂါနေ့ ပြန်လွတ်မယ်လို့ ပြောပါတယ်။

မစ္စတာ အန်နဝါဟာ လိင်တူ ဆက်ဆံမှုနဲ့ ထောင် ၅ နှစ် ကျနေတာ ဖြစ်ပြီး ဒါဟာ သူ့ကို နိုင်ငံရေးအရ နှိပ်ကွပ်တာလို့ အန်နဝါဘက်က ခုခံ ပြောကြားလေ့ ရှိပါတယ်။

အန်နဝါကို ဘုရင့်က လွတ်ငြိမ်းခွင့် ပေးဖို့ သဘောတူလိုက်ပြီလို့လည်း ဝန်ကြီးချုပ်သစ် မဟာသီယာက အာဏာ လွှဲပြောင်းပြီးပြီးချင်းမှာ ကြေညာ ခဲ့ပါတယ်။

အန်နဝါကို နောက် နှစ်နှစ် အကြာမှာ အာဏာလွှဲပေးမယ်လို့လည်း မဟာသီယာက ပြောကြားထားပါတယ်။