ပါတီဟောင်းနဲ့ တပည့်ဟောင်းကို မဟာသီယာ အနိုင်ယူပြ

မလေးရှား
ဓာတ်ပုံ ပုံစာ, ကမ္ဘာမှာပါ အသက်အကြီးဆုံး အရွေးကောက်ခံ အစိုးရခေါင်းဆောင်

မလေးရှား နိုင်ငံရဲ့ သမိုင်းဝင် ရွေးကောက်ပွဲမှာ အသက် ၉၂ နှစ် အရွယ် မဟာသီယာ မိုဟာမက် တကျော့ပြန် အနိုင်ယူ လိုက်ပါတယ်။

သမိုင်းဝင်လို့ ပြောရတာက အနှစ် ၆ဝ ကျော် တိုင်းပြည် အာဏာကို ဆုပ်ကိုင် ထားတဲ့ လက်ျာ နိုင်ငံရေး တပ်ပေါင်းစု ဖြစ်တဲ့ ဘာရီဆန် နယ်ရှင်နယ် အတိုကောက် BN ပါတီ ရှုံးနိမ့် သွားလို့ ဖြစ်ပါတယ်။

BN ပါတီဟာ မြန်မာလို ဆိုရင်တော့ အမျိုးသားတပ်ဦးလို့ အဓိပ္ပာယ်ရပါတယ်။

မလေးရှား နိုင်ငံရေးမှာ ရာစုနှစ် ထက်ဝက်ကျော် အုပ်စီးထားတဲ့ အဲဒီ BN ပါတီကို အခု ရွေးကောက်ပွဲမှာ တော့ မစ္စတာ မဟာသီယာ ဦးဆောင်တဲ့ အတိုက်အခံ ညွန့်ပေါင်း အုပ်စုက အလဲထိုး နိုင်လိုက်ပါတယ်။

မစ္စတာ မဟာသီယာ ဦးဆောင်တဲ့ ပါကာတန် ဟာရာပန် Pakatan Harapan ဆိုတဲ့ ညွန့်ပေါင်း အုပ်စု အနေနဲ့ အစိုးရ ဖွဲ့နိုင်ဖို့ လိုအပ်တဲ့ ပါလီမန်နေရာ ၁၁၂ နေရာထက် ကျော်လွန်ပြီး ၁၁၅ နေရာ အထိ ရရှိ ခဲ့တယ် လို့ မလေးရှား ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။

နိုင်ငံရေးကနေ အနားယူနေတဲ့ အသက် ၉ဝ ကျော် မဟာသီယာ တကျော့ပြန် ရွေးကောက်ပွဲ ဝင်လာပြီး သူကိုယ်တိုင် နှစ်ပေါင်းများစွာ ဦးဆောင်ခဲ့တဲ့ BN ပါတီကိုရော၊ သူကိုယ်တိုင် နိုင်ငံရေး မြေတောင်မြှောက် ပေးခဲ့တဲ့ လက်ရှိ ဝန်ကြီးချုပ် နာဂျစ် ရာဇတ်ကိုပါ အနိုင်ယူ ပြခဲ့တာ ဖြစ်ပါတယ်။

မလေးရှား
ဓာတ်ပုံ ပုံစာ, ဥပဒေစိုးမိုးမှု ပြန်လည် ထူထောင်မယ်

နိုင်ငံတွင်း ဥပဒေစိုးမိုးမှု ပြန်လည် ထူထောင်မယ်လို့ မစ္စတာ မဟာသီယာက သတင်းထောက်တွေကို ပြောပါတယ်။

အစိုးရ အဖွဲ့ကို ဦးဆောင်တဲ့ ဝန်ကြီးချုပ် နေရာကို ရယူဖို့ ကျမ်းကျိန်ပွဲကို ကြာသပတေးနေ့ မှာ ပြုလုပ် လာဖို့ရာ မျှော်လင့် ထားတယ်လို့လည်း သူက ဆိုပါတယ်။

မဟာသီယာသာ ဝန်ကြီးချုပ် ပြန်ဖြစ်လာပြီ ဆိုရင် ကမ္ဘာမှာပါ အသက်အကြီးဆုံး အရွေးကောက်ခံ အစိုးရခေါင်းဆောင် အဖြစ် စံချိန် တင်မှာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, မဟာသီယာ တကြော့ပြန်ပြိုင်တဲ့ မလေးရှား ရွေးကောက်ပွဲ

ဗြိတိသျှဆီကနေ ၁၉၅၇ မှာ လွတ်လပ်ရေး ရပြီး ကတည်းက မလေးရှား နိုင်ငံရေး လောကမှာ လွှမ်းမိုးထားတဲ့ BN ပါတီဟာ အခု နောက်ပိုင်းနှစ်တွေမှာ အကျင့်ပျက်မှု စွပ်စွဲချက်တွေနဲ့ လူကြိုက်များမှု ကျဆင်းလာပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၃ ရွေးကောက်ပွဲမှာ ကတည်းက အတိုက်အခံတွေ အတော်လေး အခြေအနေ ကောင်းခဲ့ပါတယ်။

Najib Razak
ဓာတ်ပုံ ပုံစာ, အကျင့်ပျက်မှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ ဝန်ကြီးချုပ် နာဂျစ်ဘ်

အစိုးရပိုင် ငွေကြေး ရင်းနှီးမြှုပ်နှံမှု အဖွဲ့ ငွေထဲက ဒေါ်လာ သန်း ၇ဝဝ ကို အိတ်ကပ်ထဲ ထည့်ခဲ့တယ် ဆိုပြီး ဝန်ကြီးချုပ် နာဂျစ်ကိုယ်တိုင် စွပ်စွဲ ခံထားရတဲ့ အမှု ကိစ္စ မပြီးပြတ် သေးပါဘူး။

မစ္စတာ နာဂျစ် အစိုးရ ရွေးကောက်ပွဲကြို ကာလမှာပဲ ပြဋ္ဌာန်းလိုက်တဲ့ ရွေးကောက်ပွဲ နယ်မြေ ပိုင်းခြားမှု ဆိုင်ရာ ဥပဒေသစ်ဟာ BN ပါတီရဲ့ အမာခံ မလေးမွတ်ဆလင်တွေ အတွက် အသာစီး ဖြစ်စေတယ် ဆိုတဲ့ ဝေဖန်မှုတွေနဲ့ ထွက်လာ ရင်းမှာပဲ အခုလို အာဏာကို လက်လွှတ် ရတဲ့ အဖြစ်ထိ ရောက်လာ ခဲ့တာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, မလေးရှား ရွေးကောက်ပွဲအတွက် အပြိုင်အဆိုင် မဲဆွယ်နေကြ