မဟာသီယာခေတ် ပြန်ရောက်ချိန် မလေးရှားက မြန်မာတွေအတွက် ဘာတွေ ထူးမလဲ

မဟာသီယာ
ဓာတ်ပုံ ပုံစာ, တရားဝင် အလုပ်လုပ်ကိုင် ချင်ကြသူတွေ အတွက် အခွင့်အလမ်းတွေ ပိုပွင့်လာနိုင်

မလေးရှား နိုင်ငံမှာ မဟာသီယာ မိုဟာမက်ဒ် ဝန်ကြီချုပ် တကျော့ပြန် ဖြစ်လာခဲ့တဲ့နောက် စီးပွားရေး တိုးတက် လာမယ်လို့ မျှော်လင့်ရတဲ့ အတွက် တရားဝင် နေထိုင် အလုပ်လုပ်ကိုင် နေကြတဲ့ နိုင်ငံခြားသားတွေ အတွက်လည်း ပိုကောင်းတဲ့ အခြေအနေမျိုး ရှိလာဖို့ မျှော်လင့် ရတယ်ဆိုပြီး မလေးရှားရောက် မြန်မာ တချို့က ပြောပါတယ်။

ဒါပေမယ့်လည်း တရားမဝင် နေထိုင် နေသူတွေ အပေါ်မှာတော့ ပိုပြီး တင်းကြပ်တာတွေ ပြုလုပ် လာနိုင်တယ် ဆိုတဲ့ သုံးသပ်မှုမျိုးတွေလည်း တစ်ဘက်မှာ ရှိနေပါတယ်။

မလေးရှားကို အာရှရဲ့ စီးပွားရေး အဓိက နိုင်ငံတွေထဲ ပါဝင်အောင် စွမ်းဆောင် ပေးနိုင်ခဲ့တဲ့ မဟာသီယာ အနေနဲ့ အခုအကြိမ်မှာလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပိုဝင်လာအောင် တခါပြန် လုပ်ဆောင် ပေးနိုင်လိမ့်မယ် ဆိုပြီး မျှော်လင့် နေကြတာ ဖြစ်ပါတယ်။

မလေးရှား စီးပွားရေး အားကောင်းလာရင် တရားဝင် လာပြီး အလုပ်လုပ်ကိုင် ချင်ကြသူတွေ အတွက် အခွင့်အလမ်းတွေ ပိုပွင့် လာလိမ့်မယ် ဆိုပြီး မလေးရှားနိုင်ငံမှာ နေထိုင်နေတာ နှစ်အတန်ကြာနေပြီ ဖြစ်တဲ့ ကပုန်း နာရေး ကူညီမှု ဥက္ကဋ္ဌ ကိုဆန်းဝင်းက ဘီဘီစီကို ပြောပါတယ်။

မလေးရှား
ဓာတ်ပုံ ပုံစာ, မလေးရှားရဲ့ ဖွံ့ဖြိုးနေတဲ့ ပုံရိပ်တွေဟာ မဟာသီယာ လက်ထက်က စွမ်းဆောင်မှုဖြစ်

လက်ရှိ မလေးရှားရဲ့ ဖွံ့ဖြိုးနေတဲ့ ပုံရိပ်တွေဟာ မဟာသီယာ လက်ထက်က တိုးတက် အောင်မြင်မှုတွေ ဖြစ်ပြီး၊ နာဂျစ်ဘ် ရာဇတ် လက်ထက်မှာတော့ ကုန်စျေးနှုန်း ကြီးမြင့်တဲ့ဒဏ်၊ အလုပ်အကိုင် ရှားပါးတဲ့ ပြဿနာတွေ ကြုံခဲ့ရတယ်လို့ ကိုဆန်းဝင်းက ဆိုပါတယ်။

ဒီလို အထွေထွေ ပြဿနာတွေ အပြင် အကျင့်ပျက် ခြစားတယ် ဆိုတဲ့ စွဲချက် တွေနဲ့ပါ အကြီးအကျယ် ကြုံခဲ့ရတဲ့ နာဂျစ်ဘ် ရာဇတ် ဦးဆောင်တဲ့ BN ညွန့်ပေါင်း အဖွဲ့ဟာ အနှစ် ၆ဝ ကျော် ဆုပ်ကိုင် ထားနိုင်တဲ့ နိုင်ငံရေး အာဏာကို အခု ၂ဝ၁၈ မေလ ရွေးကောက်ပွဲအပြီး စွန့်လွှတ် ခဲ့ရတာ ဖြစ်ပါတယ်။

အစိုးရပိုင် 1Malaysian Development Berhad (1MDB) ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှု အဖွဲ့နဲ့ ပတ်သက်ပြီး ငွေကြေး အရှုပ်အရှင်းတွေ အကြီးအကျယ် ပေါ်ပေါက် ခဲ့ပြီး နာဂျစ်ဘ်ကိုယ်တိုင် ဒေါ်လာ သန်း ၇ဝဝ အိပ်ထဲ ထည့်ခဲ့တယ်ဆိုပြီး စွပ်စွဲ ခံနေရတာ ဖြစ်ပါတယ်။

မလေးရှား
ဓာတ်ပုံ ပုံစာ, အသက် ၉၂ နှစ် အရွယ်မှာ တကျော့ပြန် ဝန်ကြီးချုပ် ဖြစ်လာ

နှစ်ကာလ အတန်ကြာ သူဦးဆောင်မှု ပေးခဲ့တဲ့ BN ညွန့်ပေါင်း အဖွဲ့ကိုရော၊ သူ့ရဲ့ လက်ရင်းတပည့် နာဂျစ် ရာဇတ်ကိုပါ အနိုင်ယူပြီး ဝန်ကြီးချုပ် တကျော့ပြန် ဖြစ်လာတဲ့ မဟာသီယာကတော့ 1MDB နဲ့ ပတ်သက်ပြီး စာရင်းပျောက်နေတဲ့ ငွေတွေထဲက အများစုကို ပြန်ရအောင် လုပ်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

နိုင်ငံရေးကနေ အနားယူ သွားတာ ၁၅ နှစ် အကြာ ၊ အသက် ၉၂ နှစ် အရွယ်မှာ အတိုက်အခံတွေနဲ့ လက်တွဲပြီး ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ မဟာသီယာကတော့ မလေးရှား ဝန်ကြီးချုပ် ရာထူး နေရာကို ကျမ်းသစ္စာ ကျိန်ဆိုပြီး ပြန်လည် ရယူခဲ့ပြီ ဖြစ်ပါတယ်။

ဒေါက်တာ မဟာသီယာ မိုဟာမက်ဒ်ဟာ ဒေါ်အောင်ဆန်းစုကြည် အတိုက်အခံဘဝ နေအိမ် အကျယ်ချုပ် ကျစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် ဘက်က အားပေး ရပ်တည် ခဲ့သူ ဖြစ်သလို၊ မြန်မာ နိုင်ငံ အာဆီယံ အဖွဲ့ဝင် ဖြစ်လာဖို့ သူ အဓိက ကြားဝင် လုပ်ဆောင် ပေးခဲ့ရတယ်လို့ ကိုယ်တိုင် ပြောဆို ထားဖူးပါတယ်။

ဒါပေမယ့် ရခိုင်ပြည်နယ် အကြပ်အတည်းကြောင့် ရိုဟင်ဂျာ ဒုက္ခသည်အရေး ပေါ်ပေါက် လာချိန်မှာတော့ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ အပေါ် ဝေဖန်တာတွေလည်း ပြုလုပ် ထားပါတယ်။

ဗီဒီယို ပုံစာ, မဟာသီယာ တကြော့ပြန်ပြိုင်တဲ့ မလေးရှား ရွေးကောက်ပွဲ