ချင်းနဲ့ မကွေးအစပ်နေရာတွေ ဆက်တိုက်လေကြောင်းဗုံးကြဲခံရ
ချင်းပြည်နယ်နဲ့ မကွေးတိုင်းအစပ်ကမြို့တွေ ဗုံးကြဲခံနေရတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ဘီဘီစီကိုပြောပါတယ်။
ချင်းပြည်နယ်မင်းတပ်မြို့အနီးက ကျောက်ထု၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်းနဲ့ ထီးလင်းမြို့နယ်တွေကို ဧပြီ ၃၀ တစ်ရက်တည်းမှာတင် လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်လုပ်သွားတယ်လို့ ဒေသတွင်းသတင်းတွေကို ဖော်ပြပေးနေတဲ့ ယောအလင်းတန်းက ကိုမင်းဒဿက ပြောပါတယ်။
မင်းတပ်နဲ့ ကျောက်ထုကြားက ကံကြီးရွာမှာ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်ကစပြီး ကျောက်ထုအမြောက်တပ်ဖွဲ့ဝင်တွေ တပ်စွဲနေတဲ့နေရာကို ကာကွယ်ပစ်ခတ်ပေးတဲ့အနေနဲ့ လေကြောင်းဗုံးကြဲတာလို့ စစ်ရေးအရင်းအမြစ်တွေက ယူဆကြပါတယ်။
ကံကြီးရွာဟာ မင်းတပ်မြို့ရဲ့ တောင်ခြေကျေးရွာဖြစ်ပြီး မကွေးတိုင်း ယောနယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့ကို ဆက်သွယ်ပေးထားတဲ့ အချက်အချာလမ်းနေရာလို့လည်း ကိုမင်းဒဿက ပြောပါတယ်။
ဂန့်ဂေါမြို့နယ်မှာတော့ စစ်သုံ့ပန်းတစ်ယောက် ဧပြီ ၂၄ ရက်မှာ ထွက်ပြေးသွားပြီး စစ်တပ်နဲ့ပြန်ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးအဖွဲ့တွေ ရှိနိုင်တဲ့ နေရာတွေကို ဗုံးကြဲတာလို့ ကိုမင်းဒဿက ပြောပါတယ်။
“စစ်သုံ့ပန်းလွတ်သွားပြီးတာနဲ့ စခန်းရွှေ့လိုက်ကြတော့ ထိခိုက်သူ မရှိဘူး”လို့ သူက ပြောပါတယ်။
ထီးလင်းကတော့ တိုက်ပွဲမရှိဘဲ လေကြောင်းပစ်ခတ်သွားတာလို့ သိရပါတယ်။
ချင်းညီနောင်နဲ့ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့က မုန်းချောင်းတံတားကို ဧပြီး ၂၉ ရက် က လေကြောင်းဗုံးကြဲတာကြောင့် တံတားပြင်နေတဲ့သူ အပါအဝင် ၉ ယောက်သေဆုံးပြီး ၃ ယောက် ထိခိုက်တယ်လို့ ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က ပြောပါတယ်။
ချင်းပြည်နယ်နဲ့ မကွေးတိုင်းအစပ်က ကျောက်ထုမြို့ အမြောက်တပ် ၃၆၈ ကို ဧပြီ ၂၉ နဲ့ ၃၀ ရက်တွေမှာ ရိက္ခာနဲ့ လက်နက်တွေ ဆက်တိုက်ချပေးနေပြီး အင်အားဖြည့်တာတွေလည်း ရှိနေတာကြောင့် စစ်ရေးသတိထားကြဖို့ကိုလည်း တော်လှန်ရေးအဖွဲ့တွေ သတိပေးနေကြပါတယ်။