ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တင်တဲ့ ဝန်ကြီး ၃၀ စာရင်းကို လွှတ်တော်အတည်ပြု
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ သမ္မတတာဝန်ယူတဲ့အခါ ဖွဲ့စည်းမယ့်အစိုးရအဖွဲ့မှာ ခန့်အပ်ဖို့ လျာထားတဲ့ ဝန်ကြီးတွေရဲ့စာရင်းကို ပြည်ထောင်စုလွှတ်တော်က ဒီနေ့မှာ အတည်ပြုလိုက်ပါတယ်။
ဖွဲ့စည်းမယ့် ဝန်ကြီးဌာန ၃၁ ဌာနအတွက် ဝန်ကြီးအယောက် ၃၀ စာရင်းကို သူက ပြည်ထောင်စုလွှတ်တော်ကို ဧပြီလ ၆ ရက်တုန်းက တင်ခဲ့တာဖြစ်ပြီး ဒီနေ့မှာ လွှတ်တော်က အတည်ပြုခဲ့တာဖြစ်ပါတယ်။
စစ်ခေါင်းဆောင်က အဆိုပြုထားတဲ့ ဝန်ကြီးဌာနတွေထဲမှာ လူငယ်နဲ့ အမျိုးသမီးရေးရာ ဝန်ကြီးဌာန ၂ ခု အသစ် ပါလာပါတယ်။
ဝန်ကြီးနေရာတွေအတွက် လက်ရှိ စစ်ကော်မရှင်မှာ ခန့်အပ်ထားတဲ့ ဝန်ကြီးအများစုကို ပြန်အဆိုပြုတာဖြစ်ပေမဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေအတွက်ကိုတော့ လက်ရှိတာဝန်ဆောင်ဆဲ စစ်ဗိုလ်ချုပ်တွေနဲ့ ဗိုလ်ချုပ်ဟောင်းတွေကို အဆိုပြုခဲ့ပါတယ်။
ရွေးကောက်ပွဲအလွန်ကာလမှာ စစ်ခေါင်းဆောင်အစိုးရဖွဲ့တဲ့အခါ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီက ထိပ်ပိုင်းခေါင်းဆောင်တွေကို နေရာပေးလိမ့်မယ်လို့ ထင်မြင်ယူဆချက်တွေရှိနေပေမဲ့ အခု ဝန်ကြီး စာရင်းမှာတော့ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်အများစု မပါလာခဲ့ပါဘူး။
စစ်ခေါင်းဆောင်က လွှတ်တော်တင်တဲ့ ဝန်ကြီးစာရင်း ၃၀ မှာ ကြံ့ခိုင်ရေးပါတီက ၅ ဦးကိုပဲ ဝန်ကြီးနေရာပေးထားတာ တွေ့ရပါတယ်။
ကြံ့ခိုင်ရေးပါတီ ဒုတိယ ခေါင်းဆောင် ဦးမျိုးဇော်သိမ်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ မင်းကင်းမောင်မြင့်လို့ သိကြတဲ့ ဦးမောင်မြင့်ကို ဟိုတယ်/ခရီးနဲ့ ယဉ်ကျေးမှု ဝန်ကြီး၊ ပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ မောင်သင်းကို လူငယ်ရေးရာဝန်ကြီးဌာနဝန်ကြီး၊ လက်ရှိ ရန်ကုန်တိုင်းကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးကို အလုပ်သမားဝန်ကြီး၊ ပဲခူးတိုင်းအရှေ့ပိုင်း ပါတီဥက္ကဋ္ဌ ဦးရဲမြင့်ထွန်းကို အားကစား ရေးရာဝန်ကြီးအဖြစ် စစ်ခေါင်းဆောင်က လွှတ်တော်ကို အမည်တင်ခဲ့တာဖြစ်ပါတယ်။
ရွေးကောက်ခံသမ္မတအဖြစ် ရှိနေတဲ့ စစ်ခေါင်းဆောင်ဟာ မနေ့က ပြည်ထောင်စုလွှတ်တော်မှာ ပြုလုပ်တဲ့ ဝန်ကြီးနဲ့ ဝန်ကြီးဌာနတွေကို ထားရှိရတဲ့အကြောင်းရင်းကို လွှတ်တော်ကို လာရောက်ရှင်းပြရမှာဖြစ်ပေမဲ့ လူကိုယ်တိုင် မလာဘဲ ပြည်ထောင်စုလွှတ်တော်နာယကထံကိုပဲ စာရေးသားပေးဖို့ ရှင်းပြခဲ့ပါတယ်။
အခုတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တင်ပြလာတဲ့ ဝန်ကြီးနဲ့ ဝန်ကြီးဌာန စာရင်းကို လွှတ်တော်က အတည်ပြုပြီးပြီဖြစ်လို့ မနက်ဖြန်မှာ စစ်ခေါင်းဆောင်ဟာ သမ္မတ တာဝန်ယူဖို့ လွှတ်တော်မှာ ကျမ်းကျိန်ဖို့ ရှိနေပါတယ်။