သြဂုတ် ၁၆ ရက် ဘီဘီစီရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု သတင်းများဒီမှာတင်ပြီးဆုံးပါပြီ။ ဘီဘီစီသတင်းတွေကိုဖတ်ရှုပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။
စစ်ခေါင်းဆောင်ရဲ့ လူရင်း သုံးဦး ဗိုလ်ချုပ်ကြီးတွေဖြစ်လာ
စစ်ခေါင်းဆောင်ရဲ့ လူရင်း သုံးဦး ဗိုလ်ချုပ်ကြီးတွေဖြစ်လာ၊ သက်ဆင်ရဲ့ သမီး ပေထုန်တန်ရှင်နာဝပ် ထိုင်းဝန်ကြီးချုပ်သစ်အဖြစ်ရွေးချယ်ခံရ၊ စက်သုံးဆီ တစ်လီတာ ကျပ် ၃၀၀၀ ကျော် ဖြစ်လာတဲ့သတင်း စတဲ့သတင်းတွေအပါအဝင် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
အနှစ်ချုပ်
- တစ်ပတ်အတွင်း စက်သုံးဆီ စျေးမြင့်တက်လာပြီး တစ်လီတာကို ကျပ် ၃,၀၀၀ ကျော်အထိရောက်လာ
- အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ယာယီသမ္မတ ဦးဒူဝါလရှီးလက စိုးမိုးနယ်မြေတွေမှာ လူသားချင်းစာနာမှု အကူညီတွေပေးဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအတိုင်ပင်ခံနဲ့ အွန်လိုင်းကတဆင့်ဆွေးနွေး
- (USAID) ရဲ့ အင်တာနက် ဝက်ဘ်ဆိုက်စာမျက်နှာမှာ မြန်မာအတွက်အကူအညီပေးမှုတွေကို မြန်မာဘာသာနဲ့အဆင်မြှင့်
- ကင်းပတ်နေတဲ့ရထားကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ကထုတ်ပြန်
- ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာရဲ့ သမီး ပေထုန်တန်ရှင်နာဝပ် က ဝန်ကြီးချုပ်နေရာအတွက် လွှတ်တော်အတွင်းမှာ မဲအများဆုံးရပြီး ဝန်ကြီးချုပ်ဖြစ်
- စစ်ခေါင်းဆောင် ရဲ့ ယုံကြည်စိတ်ချရသူတွေ ဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့ ဗိုလ်ချုပ်ကြီးတွေ ဖြစ်လာ
- ကျိန္တလီမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေနဲ့ ဘဏ်တွေ ပိတ်၊ ပြည်သူတွေကလည်း ဧရာဝတီတိုင်းအထိ တိမ်းရှောင်
- ရန်ကုန်မြို့မှာ စက်သုံးဆီတွေ ပြတ်လပ်နေတာကြောင့် ကျောင်းသားတွေကို ကြိုပို့လုပ်ပေးတဲ့ ကားတွေပါ ဆီမရတဲ့အတွက် ကျောင်းဖွင့်ဖို့ အခက်ခဲဖြစ်
- ဒီပဲယင်းမြို့နယ်မှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ ဗုံးကြဲ
- MOGE ရေနံမှော် ကင်းစခန်းကို ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်
တိုက်ရိုက် ထုတ်လွှင့်ချက်
MOGE ကင်းစခန်း သိမ်းပိုက်ပြီး ဗိုလ်ကြီးတစ်ဦးအပါ ဆယ်ချီသေဆုံးတယ်လို့ ဆို

ဓာတ်ပုံ ရင်းမြစ်, အမှတ်(၁)စစ်ဒေသ
ဓာတ်ပုံ ပုံစာ, MOGE ရေနံမှော်ကင်းစခန်းကနေ ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ် ၊ ကျောတိုက်နယ်ထဲမှာရှိတဲ့မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ရေနံမှော် က စစ်ကောင်စီကင်းစခန်းကို ဩဂုတ် ၁၅ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်တယ်လို့ အမှတ်(၁) စစ်ဒေသက ထုတ်ပြန်ပါတယ်။
ဂန့်ဂေါခရိုင်တပ်ရင်း၊ ABSDF ၊ KKG တပ်ရင်း၊ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့နဲ့ ကျောတိုက်နယ် ပကဖ စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မှော်ကင်းစခန်း(ထုတ်လုပ်ရေးစခန်း)နဲ့ ရေနံကျင်းစခန်းတို့ကို ဝင်ရောက်သိမ်းပိုက်ခဲ့တာပါ။
တိုက်ပွဲမှာ ကာကွယ်ရေးပစ္စည်းစက်ရုံ-ကပစ (၂၃) က ဗိုလ်ကြီးသော်ဇင်အောင်နဲ့ ဒုရဲအုပ်- ကိုကိုအောင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ယောက်သေဆုံးတယ်လို့အမှတ်(၁) စစ်ဒေသက ထုတ်ပြန်ချက်ထဲဖော်ပြပါတယ်။
ဒုရဲအုပ် ကိုကိုအောင် အပါအဝင် ၁၂ ယောက်နဲ့အတူ လက်နက်မျိုးစုံ အလက် (၃၀)၊ ကျည်မျိုးစုံ (၂၆၀၀) ကျော်၊ မိုင်း၊ ဗုံးသီးနဲ့ စစ်လက်နက်ပစ္စည်းတွေ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
စစ်ကိုင်း၊ ဒီပဲယင်းမှာ တိုက်ပွဲပြင်းထန် ၊ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, ရေဦးမြို့နယ် စစ်ဘေးရှောင်ပြည်သူ ထောက်ပံ့ရေး
ဓာတ်ပုံ ပုံစာ, ရေဦးမြို့နယ်က စစ်ဘေးရှောင်တွေ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ဩဂုတ် ၁၅ ရက်ကစပြီး ဒီနေ့အထိ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေ က ပြောပါတယ်။
စစ်ကောင်စီဘက်ကလည်း ဒီနေ့မှာ လေကြောင်းကနေ ဗုံးနှစ်ကြိမ် ကြဲခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။
“လူတွေတော့ အထိခိုက်မရှိပါဘူး။ ဒီထက်ပိုပြီးတော့လည်း ဘာမှ ပြောလို့မရပါဘူး။ နားလည်ပေးပါ”လို့ ပြောပါတယ်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာလည်း ဒီပဲယင်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က အရာရှိတစ်ယောက် သေဆုံးသွားတယ်လို့လည်း ရေးသားထားပါတယ်။
ဒီပဲယင်းမြို့နယ်နဲ့ ကပ်ရပ် ရေဦးမြို့နယ် အနောက်ဘက်ခြမ်းမှာလည်း ဩဂုတ် ၁၅ ရက်မှာ စစ်ကောင်စီက မစိုးရိမ်ရွာနဲ့ ခြုံရွာကြားကနေ ဒီပဲယင်းမြို့နယ်ထဲက ကံပြားရွာဘက်ကို ဦးတည်ပစ်ခတ်နေတယ်လို့ ရေဦးမြို့နယ် စစ်ဘေးရှောင်ပြည်သူ ထောက်ပံ့ရေးကနေ သိရပါတယ်။
ရေဦးမြို့နယ်မှာ စစ်ကြောင်းထိုးလာတာကြောင့် မုတ်စီ၊ ပြည်တော်၊ ငြုတ္တုံ၊ မူးဆုံ၊ ရွာမိဿာ၊ မစိုးရိမ်၊ ခြုံ၊ ကျီကုန်း စတဲ့ကျေးရွာအပါအဝင် ရွာပေါင်း ၃၀ ကျော်က စစ်ဘေးရှောင် သုံးထောင်ကျော် ထွက်ပြေးနေကြရပါတယ်။
စက်သုံးဆီပြတ်လပ်တာကြောင့် ကိုယ်ပိုင်ကျောင်းတွေပါ ဖွင့်ဖို့ခက်ခဲနေ

ဓာတ်ပုံ ရင်းမြစ်, BBC News
ဓာတ်ပုံ ပုံစာ, ဆီတန်းစီနေရတဲ့ ကားတွေ ရန်ကုန်မြို့မှာ စက်သုံးဆီတွေ ပြတ်လပ်နေတာကြောင့် ကျောင်းသားတွေကို ကြိုပို့လုပ်ပေးတဲ့ ကားတွေပါ ဆီမရတဲ့အတွက် ကျောင်းဖွင့်ဖို့ အခက်ခဲဖြစ်နေတယ်လို့ ကိုယ်ပိုင်ကျောင်းတွေကနေ သိရပါတယ်။
ဆီဆိုင်တွေမှာပဲ နာရီနဲ့ချီပြီး တန်းစီနေရတဲ့အတွက် ကျောင်းကားတွေ ကြိုပို့ ခက်ခဲဖြစ်နေသလို ကျောင်းသားမိဘကတွေဘက်ကလည်း ကျောင်းလာပို့ပေးဖို့ အဆင်မပြေဖြစ်နေကြတာလို့ ကိုယ်ပိုင်ကျောင်းဆရာတစ်ယောက်က ပြောပါတယ်။
“ကိုယ်ပိုင်ကျောင်းဆိုတော့ ကလေးတွေက ကျောင်းကားကို အားကိုးကြရတယ်။ ဖယ်ရီကား နဲ့ ကျောင်းတက်ရတဲ့ အစိုးရကျောင်းတွေလည်း ဒီလိုဖြစ်နေတာပဲ။ ကျွန်တော်တို့ ကိုယ်ပိုင်ကျောင်းတွေကလည်း ဘာပြဿနာရှိလဲဆိုတော့ ကိုယ့်ဆုံးဖြတ်နဲ့ကိုယ် ကျောင်းဖွင့်တာ ပိတ်တာ လုပ်လို့မရဘူး။ ပညာရေးဝန်ကြီးဌာန ညွှန်ကြားချက်ရမှ ပိတ်တာ ဖွင့်တာ လုပ်လို့ရမယ်”လို့ ပြောပါတယ်။
ပုံမှန် လုပ်ငန်းကားအကြိုပို့လုပ်ရတဲ့ ကားတွေလည်း ဆီတန်းစီနေရတဲ့အတွက် ဝန်ထမ်းတွေကို အကြိုအပို့ မလုပ်ပေးနိုင်တော့တာကြောင့် ဝန်ထမ်းတွေကလည်း လိုင်းကား တိုးစီးရတဲ့ အခြေအနေကို ရောက်နေပါတယ်။
“အလုပ်မှာ တစ်နေရာနဲ့တစ်နေရာသွားရင် ကားရှိပြီး ဆီမရလို့ သွားလို့မရတာတွေ ရှိတယ်။ လိုင်းကားကျတော့လည်း တစ်စီးနဲ့တစ်စီးစောင့်ရတာနဲနဲကြာလာတယ်။ လာတဲ့ကားရှိတော့လည်း လူတွေပိုကြပ်ညပ်နေတယ်”လို့ အရင်က ရုံးကားသုံးပြီး အလုပ်နေရာ တစ်ခုပြီးတစ်ခု သွားရတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ယောက်က ပြောပါတယ်။
လိုင်းကားတွေကလည်း အရင်က ၅ မိနစ်လောက် စောင့်ရတာကနေ အခုဆို အနည်းဆုံး ၁၀ မိနစ်ကနေ မိနစ် ၂၀ ကျော်အထိ စောင့်ဆိုင်းရတာတွေလည်း ရှိတယ်လို့ အများပြည်သူသုံး လိုင်းကားစီးနေရသူတစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေမှာလည်း ကြိုပို့ကားတွေ မစီစဉ်ပေးနိုင်တဲ့အတွက် ယာယီကျောင်းပိတ်ထားရတဲ့ အခြေအနေတွေလည်း ဖြစ်နေပါတယ်။
ဂွမြို့နယ် ကျိန္တလီမြို့မှာ စစ်ကောင်စီ အစိုးရဌာနတွေ ပိတ်

ဓာတ်ပုံ ရင်းမြစ်, ဒွါရာဝတီသတင်း အေဂျင်စီ
ဓာတ်ပုံ ပုံစာ, ကျိန္တလီမြို့နယ်က တိမ်းရှောင်လာတဲ့ ပြည်သူတွေ ရခိုင်ပြည်နယ် ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေနဲ့ ဘဏ်တွေ ပိတ်သွားပြီလို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
ရဲတပ်ဖွဲ့တွေအပါအဝင် စစ်ကောင်စီ အုပ်ချုပ်ရေးဝန်ထမ်းတွေက ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်လောက်ကစပြီး ထွက်ပြေးသွားကြတယ်လို့ ပြောပါတယ်။
ကျိန္တလီမြို့နယ်ထဲက ပြည်သူတွေကလည်း ဧရာဝတီတိုင်း ငါးသိုင်းချောင်း၊ သာပေါင်း၊ ပုသိမ်မြို့တွေအထိ တိမ်းရှောင်သွားကြပါပြီ။
“ပထမတော့ ဂွကို ရှောင်ကြတယ်။ နောက်တော့ ဂွဘက်ကိုလည်း စစ်ကြောင်းက ဦးတည်လာတော့ ဂွကပြည်သူတွေပါ ဧရာဝတီတိုင်းဘက်ကို ရှောင်ကြတယ်။ ကုလားပြင်မှာလည်း အရပ်သား အယောက် ၁၀၀ လောက် အဖမ်းခံထားရတာ ရှိတယ်”လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
ဖုန်းလိုင်းတွေလည်း အချိန်ပြည့်ဆက်မရတော့ဘဲ ပြတ်တောက်တာတွေ ဖြစ်နေပါတယ်။
သံတွဲမြို့နယ်ထဲက တပ်စခန်းတွေကနေ ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်တွေဟာ သံတွဲတောင်ဘက် မိုင် ၄၀ အကွာမှာရှိတဲ့ ဂွမြို့နယ်ထဲက ကျိန္တလီမြို့အထိ လက်နက်ကြီးတွေ၊ ကင်းစခန်းတွေကို အထိုင်ချ တပ်စွဲထားတယ်လို့လည်း ဒေသတွင်းသတင်းဌာနဖြစ်တဲ့ ဒွါရဝတီကနေ သိရပါတယ်။
ဒါ့အပြင် ကျိန္တလီ၊ ဆပ်သွားနဲ့ ဂွဆေးရုံတွေလည်း မလည်ပတ်နိုင်တော့တာကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိဖို့ ဒေသခံတွေ စိုးရိမ်နေကြရတယ်လို့လည်း သိရပါတယ်။
စစ်ခေါင်းဆောင်ရဲ့ လူရင်း သုံးဦး ဗိုလ်ချုပ်ကြီးတွေ ဖြစ်လာ

ဓာတ်ပုံ ရင်းမြစ်, CINCDS
ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ ယုံကြည်စိတ်ချရသူတွေ ဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့ ဗိုလ်ချုပ်ကြီးတွေ ဖြစ်လာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ ယုံကြည်စိတ်ချရသူတွေ ဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့ ဗိုလ်ချုပ်ကြီးတွေ ဖြစ်လာကြတယ် လို့ နေပြည်တော်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။
စစ်တက္ကသိုလ်အပတ်စဉ်(၂၅)ဆင်း ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက လက်ရှိ စစ်ကောင်စီအတွင်းရေးမှူးဖြစ်ပြီးဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးဘဝကတည်းက တာဝန်အတူထမ်းဆောင်ခဲ့ကြသူတွေဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးကတော့ စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် ဖြစ်ပြီး စစ်ခေါင်းဆောင်ဘေးမှာ အမြဲတွေ့ရသူ ဖြစ်ကာ(OTS)အပတ်စဉ် ၇၇ဆင်း ဖြစ်ပါတယ်။
သူက စစ်ကောင်စီတွဲဖက်အတွင်းရေးမှူးဖြစ်ပြီး လက်ရှိ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး နဲ့ ခမည်းခမက်ဖြစ်ပါတယ်။
စစ်တက္ကသိုလ်အပတ်စဉ် ၂၃ ဆင်း ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော ကလည်း စစ်ခေါင်းဆောင်ရဲ့ ယုံကြည်မှုကိုခံရသူဖြစ်ပြီး အကြံပေးအဖြစ်ရော စစ်ကောင်စီဝင်အဖြစ်ပါ ဆွဲတင်ထားတာဖြစ်ပါတယ်။
အခုလို ဒုတိယဗိုလ်ချုပ်ကြီးသုံးဦးကို ဗိုလ်ချုပ်ကြီးအဆင့်တိုးပေးလိုက်တာက ပုံမှန် နဲ့မတူဘူးလို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။
‘’အရင်က တပ်ရှိမှ ရာထူးတိုးတာ’’ လို့ အကဲခတ်တစ်ဦးကပြောပါတယ်။
ရာထူးတိုးသွားတဲ့ ဗိုလ်ချုပ်ကြီးသုံးဦးမှာ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးတစ်ယောက်ပဲ စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်အဖြစ် လက်အောက်ခံတပ် ရှိနေတာဖြစ်ပါတယ်။
သက်ဆင်ရဲ့ သမီး ပေထုန်တန် က အသက်အငယ်ဆုံးထိုင်းဝန်ကြီးချုပ်ဖြစ်လာ

ဓာတ်ပုံ ရင်းမြစ်, AFP
ဓာတ်ပုံ ပုံစာ, ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာရဲ့ သမီး ပေထုန်တန်ရှင်နာဝပ် က ဝန်ကြီးချုပ်ဖြစ်လာ ထိုင်းဝန်ကြီးချုပ်သစ်ရွေးချယ်ပွဲကို ဒီကနေ့ သြဂုတ် ၁၆ ရက် မနက်က ထိုင်းလွှတ်တော်မှာ ပြုလုပ်ခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာရဲ့ သမီး ပေထုန်တန်ရှင်နာဝပ် က ဝန်ကြီးချုပ်နေရာအတွက် လွှတ်တော်အတွင်းမှာ မဲအများဆုံးရပြီး ဝန်ကြီးချုပ်ဖြစ်သွားပါပြီ။
ဒါ့ကြောင့် အသက် ၃၇ နှစ်အရွယ် ပေထုန်တန်ဟာ ထိုင်းနိုင်ငံ ရဲ့ ၃၁ ဦးမြောက် ၀န်ကြီးချုပ်ဖြစ်လာပြီး ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ်လည်းဖြစ်လာပါတယ်။ ရှင်နာဝပ် မိသားစု ရဲ့ အငယ်ဆုံးသမီး ဖြစ်တဲ့ ပေထုန်တန် ဟာ ၂၀၂၃ ရွေးကောက်ပွဲမှာ ဒုတိယမဲအများဆုံးရတဲ့ ဖွေထိုင်းပါတီကို ဦးဆောင်ခဲ့သူဖြစ်ပြီး အဲဒီ အချိန်က ကိုယ်ဝန်ရင့်မာကြီးနဲ့ ဖြစ်ခဲ့ပေမဲ့ ပါတီကို ဦးဆောင် မဲဆွယ်စည်းရုံးနိုင်ခဲ့တာကြောင့် သူ့အပေါ် လေးစားမှုတွေနဲ့ စာနာမှုတွေကိုပါ ရခဲ့သူဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ် ဆေထာထဝီဆင် ကို ကျင့်ဝတ်ဖောက်ဖျက်မှုနဲ့ အပြစ်ရှိကြောင်း ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက ပြီးခဲ့တဲ့ ရက်က ဆုံးဖြတ်ခဲ့တာကြောင့် အဲဒီနေရာမှာ ဝန်ကြီးချုပ်သစ်ရွေးချယ်ဖို့ဖြစ်လာခဲ့တာပါ။
ထိုင်းဝန်ကြီးချုပ် ဆေထာထဝီဆင် ဟာ တရားသူကြီးကို လာဘ်ထိုးဖို့ ကြိုးပမ်းမှုနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ Pichit Chuenban ကို အစိုးရအဖွဲ့မှာ တာဝန်ပေးခဲ့တာဟာ ကျင့်ဝတ်ဖောက်ဖျက်ရာရောက်တယ်ဆိုပြီး တရားရုံးက ဝန်ကြီးချုပ်ကနေဖယ်ရှားခဲ့တာဖြစ်ပါတယ်။အခုတော့ အဲဒီနေရာမှာ ဖွေထိုင်းပါတီ ခေါင်းဆောင် ပေထုန်တန်ရှင်နာဝပ်က ဝန်ကြီးချုပ်နေရာအတွက် ရွေးချယ်ခံလာတာဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်းဖြစ်သလို ဘီလျံနာသူဌေးကြီးလည်းဖြစ်တဲ့ သက်ဆင်ရဲ့ သမီးဖြစ်သူဟာ ဝန်ကြီးချုပ်ဖြစ်လာမယ်ဆိုရင် သူ့ရဲ့ အဒေါ်ဖြစ်သူ ယင်လတ်ပြီးတဲ့နောက် အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာပါတယ်။
စစ်ကောင်စီရဲ့ လုံခြုံရေးကင်းလှည့်သံလမ်းပြေးယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, ဖြူးမြို့နယ် ပကဖ
ဓာတ်ပုံ ပုံစာ, မိုင်းခွဲခံရတဲ့ လုံခြုံရေးသံလမ်းပြေးယာဉ် ပဲခူးတိုင်း၊ ဖြူးမြို့နယ်တောင်ဘက် ညောင်ကားယားကျေးရွာနဲ့ ခြေမြန်တပ်ရင်း-ခမရ (၃၀၆) ကြားမှာရှိတဲ့ ကင်းပတ်နေတဲ့ရထားကို ဩဂုတ် ၁၄ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ဩဂုတ် ၁၆ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ရိက္ခာသယ်လာမယ့်ရထား လာမယ်ဆိုတဲ့သတင်းကြောင့် အဲဒီရထားကို စောင့်နေချိန်မှာ စစ်ကောင်စီရဲ့ ကင်းပတ်ရထားတွဲ အရင်ရောက်လာတဲ့အတွက် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ် ၁၅ ရက်မှာလည်း ညောင်ပင်သာရွာလယ် ဘုန်းကြီးကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်တပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ ဗုံးနှစ်ကြိမ်ချခဲ့သလို ညနေပိုင်းမှာလည်း ဝင်ရောက်ပစ်ခတ်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်သေဆုံးတယ်လို့လည်း ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဘက်ကတော့ ညောင်ပင်သာဘူတာကနေ လုံခြုံရေးကင်းလှည့်ထွက်လာတဲ့ သံလမ်းပြေးယာဉ် (RGC-89) တိုက်ခိုက်ခံရပြီး လမ်းချော်ကျတာကြောင့် လူစီးရထားနဲ့ ကုန်ရထားတွေ ကြန့်ကြာတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
၂၀၂၁ ခုနှစ်ကနေ အခုအထိ မြန်မာ့မီးရထားကွန်ရက်တစ်ခုလုံးမှာ ရထားလမ်းနဲ့ ရထားဘူတာနယ်မြေထဲမှာ ဗုံးထောင်မိုင်းခွဲ၊ ဖျက်ဆီးတာ (၇၉)ကြိမ်၊ ရထားတံတားနဲ့ သံလမ်းတွေ မိုင်းခွဲဖျက်ဆီးခံရတာ (၁၇၁) ကြိမ်၊ ဘူတာအဆောက်အဦနဲ့ ဝန်ထမ်းနေအိမ်မီးရှို့ခံရတာ (၁၆)ကြိမ်ရှိတယ်လို့ စစ်ကောင်စီဘက်က ဆိုပါတယ်။
USAID အနေနဲ့ မြန်မာ့အရေးကူညီမယ့် BURMA Act ဥပဒေကို ရှေ့တန်း ကနေ အကောင်အထည်ဖော်ဆောင်နေတယ်လို့ ဆို

ဓာတ်ပုံ ရင်းမြစ်, Screen Grab
ဓာတ်ပုံ ပုံစာ, USAID) ရဲ့ အင်တာနက် ဝက်ဘ်ဆိုက်စာမျက်နှာမြန်မာဘာသာနဲ့အဆင်မြှင့်ကြေညာ အမေရိကန်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအသင်း (USAID) ရဲ့ အင်တာနက် ဝက်ဘ်ဆိုက်စာမျက်နှာမှာ မြန်မာအတွက်အကူအညီပေးမှုတွေကို မြန်မာဘာသာနဲ့အဆင်မြှင့်ကြေညာလိုက်ပါတယ်။
မြန်မာလူထုအတွက် သူတို့ရဲ့ အကူအညီပေးမှုတွေကို ပိုမိုမြင်သာဖို့အတွက်အပ်ဒိတ် (update) ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။ အမေရိကန်လွှတ်တော်က ပြဋ္ဌာန်းခဲ့တဲ့ ၂၀၂၂ ခုနှစ် Burma United for Rigorous Military Accountability (BURMA) Act အက်ဥပဒေနဲ့ ကူညီမှုတွေ ပေးဖို့ ဆောင်ရွက်နေတယ်လို့ဆိုပြီး မြန်မာက နိုင်ငံရေး အကျပ်အတည်း၊ ပြည်တွင်းစစ်ဒဏ်ကို ခါးစည်းခံနေကြရတဲ့ လူထုအပေါ် စဥ်ဆက်မပြတ်ထားရှိတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ကတိကဝတ်ကို ဆောင်ရွက်နေတယ်လို့လည်းပြောထားပါတယ်။
''အမေရိကန်က မြန်မာအဖွဲ့တွေရဲ့ တောင်းဆိုမှုတွေကို ဒါကအသိအမှတ်ပြုပြီး လုပ်ပေးလာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့ကလည်း သူတို့ရဲ့ အကူအညီဖြန့်ဝေမှုတွေက မြင်သာမှုရှိ မရှိ၊ ထိရောက်မှုရှိခြင်းရှိ မရှိကို ကျွန်တော်တို့လို အမေရိကန်က မြန်မာ့အရေးလှုပ်ရှားတဲ့အဖွဲ့တွေကို ပြောပေးဖို့ လည်းလိုပါတယ်'' လို့ Los Angeles Myanmar Movement (LA2M) အဖွဲ့၊ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ဦးဂျိမ်းရွှေက ဘီဘီစီကိုပြောပါတယ်။
USAID အနေနဲ့ BURMA Act ဥပဒေကို ရှေ့တန်း ကနေ အကောင်အထည်ဖော်ဆောင်နေပြီး မြန်မာမှာအားလုံးပါဝင်ပြီး ကိုယ်စားပြုမှုရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်း ပေါ်ပြန်လည်ရောက်ရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပြီး ကျန်းမာရေးဝန်ဆောင်မှုများ၊ စားနပ်ရိက္ခာဖူလုံရေး အပါအဝင်အရေးကြီးတဲ့ အထောက်အပံ့တွေလူသန်းပေါင်းများစွာဆီကို ရောက်ရှိအောင်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
USAID အနေနဲ့ အများပြည်သူရဲ့ ဒုက္ခဆင်းရဲတွေ ဖယ်ရှားဖို့နဲ့ ရပ်ရွာလူမှုအသိုင်းအဝိုင်းများ အားကောင်းလာစေဖို့ အတွက် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းတွေ၊ ရပ်ရွာမိတ်ဖက်အဖွဲ့ အစည်းတွေနဲ့ လက်တွဲလုပ်ဆောင်သွားမယ်လို့ လည်း ပြောထားပါတယ်။
ဘားမားအက်- ကန်အစိုးရ ရဲ့ မြန်မာ့အရေးအကူအညီ ဘယ်လိုဆက်လာမလဲ
အမေရိကန် ရဲ့ နိုင်ငံတော် ကာကွယ်ရေးအသုံးစရိတ် ဥပဒေ (Bill of National Defense Authorization Act - NDAA) ထဲမှာ Burma Act ကို အစိတ်အပိုင်းတစ်ခုအနေနဲ့ ၂၀၂၂ ခုနှစ်မှာ အမေရိကန်လွှတ်တော်ကအတည်ပြု ထည့်သွင်းခဲ့တာဖြစ်ပါတယ်။
Burma Act မှာ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ (Ethnic Armed Organizations – EAOs) တွေ ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တွေ (PDFs) တွေကိုလက်နက်မဟုတ်တဲ့ နည်းပညာအကူအညီတွေထောက်ပံ့ဖို့ အချက်တွေ ပါဝင်ပါတယ်။
ဒါ့အပြင် မြန်မာပြည်သူပြည်သားတွေနဲ့ NUG၊ NUCC၊ CRPH၊ CDM နဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ တရားမျှတမှုတို့အတွက် စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေကြတဲ့ မဟာမိတ်အဖွဲ့အစည်းတွေကိုပါ ထောက်ပံ့ဖို့ ဖြစ်ပါတယ်။
ဘားမားအက် အစပြုခဲ့တဲ့ အကြောင်းနဲ့ ဘယ်လိုအကူအညီပေးမှုတွေပါမလဲဆိုတာကို ဒီဆောင်းပါးလင်ခ့် မှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာစစ်ခေါင်းဆောင်ရဲ့ တွေ့ဆုံဆွေးနွေးမှု
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ရာမှာ မြန်မာ့ ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေ ပြောဆို ဆွေးနွေးခဲ့ကြသလို အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း နိုင်ငံတည်ငြိမ်ရေးအတွက် အကူအညီပေးဖို့ ပန်ကြားခဲ့တယ်လို့ သိရပါတယ်။ ဒီတွေ့ဆုံမှုတွေက မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် ဘယ်လောက်အထိ မျှော်လင့်နိုင်ပါသလဲ။ ကိုမောင်က ပြောပြထားတာကို ပြန်လည်ကြည့်ရှု နိုင်ပါတယ်။
ဗီဒီယို ပုံစာ, ဝမ်ယိနဲ့ မြန်မာစစ်ခေါင်းဆောင်ရဲ့ တွေ့ဆုံမှု မြန်မာ့အရေးအပေါ် ဘယ်လောက်ထိရောက်လာမလဲ NUG ယာယီသမ္မတနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ တို့တွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, Acting President Duwa Lashi La
ဓာတ်ပုံ ပုံစာ, NUG သမ္မတ၊ တော်လှန်ရေးအင်အားစုတွေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေးပွဲ စိုးမိုးနယ်မြေတွေမှာ လူသားချင်းစာနာမှု အကူညီတွေပေးဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ယာယီသမ္မတ ဦးဒူဝါလရှီးလ နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ အတိုင်ပင်ခံ တွမ်ဆူလီဗန်တို့ ဩဂုတ် ၁၅ ရက်က အွန်လိုင်းကတဆင့်ဆွေးနွေးခဲ့တယ်လို့ သမ္မတရုံးပြောခွင့်ရဦးကျော်ဇော က ဘီဘီစီကိုပြောပါတယ်။
ဆွေးနွေးပွဲမှာ ယာယီသမ္မတ ဦးဒူဝါလရှီးလ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေ၊ အမေရိကန်နိုင်ငံရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးမှုဆိုင်ရာ အကူညီပေးရေးအဖွဲ့ (USAID) တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ NUG ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောပါတယ်။ “တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီကို နိုင်ပြီးတော့ သိမ်းပိုက်နိုင်တဲ့ နယ်မြေတွေ များလာတယ်။
စိုးမိုးနယ်မြေတွေမှာ ပြည်သူ့အုပ်ချုပ်ရေးဝန်ဆောင်မှုတွေ ပိုပြီးကျယ်ပြန့်လာတယ်။ လူသားချင်း စာနာမှု အထောက်အကူတွေ ပိုပြီးလိုအပ်နေတယ်။ အဲဒါတွေကို အမေရိကန်နိုင်ငံက တိုးချဲ့ပြီး ကူညီပေးသွားမယ့် အစီအစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်”လို့ ဦးကျော်ဇောက ပြောပါတယ်။
ဆွေးနွေးပွဲရလဒ်ကောင်းတွေ ရနိုင်တယ်လို့ ဦးကျော်ဇောကပြောပြီး အများပြည်သူဝန်ဆောင်မှုတွေနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ တိုးတက်ကောင်းမွန်အောင် တိုက်ရိုက် ထောက်ပံ့ဖို့နဲ့ အကူညီတွေ တိုးချဲ့နိုင်ဖို့အတွက် ကတိကဝတ်တွေ ထားခဲ့တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ရဲ့ X (တွစ်တာ) လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။ '' အမေရိကန်က တရုတ်ကို တန်ပြန်ဖို့ ဒီလိုတွေ့ဆုံမှုတွေ စတင်လုပ်ဆောင်နေပုံရပါတယ်။
လွှတ်တော်ကနေ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တွန်းအားပေးတာလို့ ယူဆပါတယ်။ '' လို့ အမေရိကန်က မြန်မာ့အရေးအတွက် အမေရိကန်လွှတ်တော်နဲ့ပူးပေါင်းဆောင်ရွက်မှုတွေလုပ်နေတဲ့ ဦးဂျိမ်းရွှေကပြောပါတယ်။
တွမ်ဆူလီဗန်ဟာ အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်နေရာကို ပြီးခဲ့တဲ့ ဇွန်လက ပြောင်းလဲတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး မြန်မာ့အရေးအပါအဝင် ဘော်ကန်ဒေသ၊ အရှေ့အလယ်ပိုင်း ဒေသတွေအတွက် ဆောင်ရွက်ရမှာဖြစ်ပါတယ်။
ဝယ်ရခက်နေတဲ့ စက်သုံးဆီစျေး တစ်လီတာ ကျပ် ၃ ထောင်ကျော်ဖြစ်လာ

ဓာတ်ပုံ ရင်းမြစ်, BBC News
ဓာတ်ပုံ ပုံစာ, ဩဂုတ် ၁၆ ရက် မနက်ပိုင်းမှာ ဆီတန်းစီနေတဲ့ကားတွေ ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ စက်သုံးဆီဝယ်ရခက်တဲ့ပြဿနာ ရင်ဆိုင်နေရတာ တစ်ပတ်ကြာရှိလာချိန်မှာ စက်သုံးဆီစျေးကလည်း တစ်လီတာကို ကျပ် ၃,၀၀၀ ကျော်အထိရောက်လာပြီး စျေးမြင့်တက်လာတယ်လို့ ဒီကနေ့မနက်ပိုင်း ရန်ကုန်မြို့မှာ စက်သုံးဆီဝယ်ယူခဲ့သူတွေက ဘီဘီစီကိုပြောပါတယ်။
ဩဂုတ် ၁၆ ရက် မူရင်း ရည်ညွှန်းစျေးမှာတင် တစ်လီတာကို ကျပ် ၃,၀၀၀ ကျော်ဖြစ်လာပြီး စက်သုံးဆီတွေကိုလည်း လိုချင်သလောက် ဝယ်မရဘဲ ကျပ်သုံးသောင်းကနေ ငါးသောင်းအထိသာ အကန့်အသတ်နဲ့သာဝယ်ယူလို့ရတယ်လို့ ဒီကနေ့မနက်ပိုင်းအထိ ဆီဝယ်ယူဖို့ တန်းစီနေတဲ့ ဘီဘီစီရဲ့ ရင်းမြစ်တစ်ဦးကပြောပါတယ်။
ရည်ညွှန်းစျေးအရ 92 Ron/နိုင်တီတူးတစ်လီတာကို ၂၉၀၀ ကျပ်၊ 95 Ron/နိုင်တီဖိုက် တစ်လီတာကို ၃၀၄၅ ကျပ်၊ HSD/ဒီဇယ် တစ်လီတာကို ၂၅၆၀ ကျော်ကနေ ၃၁၁၅ ကျပ် အထိ ရန်ကုန်မြို့က ဈေးနှုန်းတွေဖြစ်နေပြီးမန္တလေး၊ နေပြည်တော် အပါအဝင် တခြားနယ်မြို့နယ်တွေမှာ ဒီဈေးနှုန်းတွေထက် မြင့်တက်နေပါတယ်။
'' ဆီစျေး ထိပ်စည်းပြောင်းလာတာပထမဆုံးပဲ။ အမြင့်ဆုံးစျေးဖြစ်သွားပြီ။ အခုဆီတွေပြန်ဝင်တယ်ဆိုပေမဲ့ အရင်တန်းစီလက်စ ကားတွေတော့များတုန်းပဲ။ အရင်နေ့တွေမပေးတဲ့ဆီဆိုင်တွေ ဒီနေ့စပေးတော့ တချို့ဆိုင်တွေချောင်နေတယ်။ ဒါပေမယ့် တချို့ ဆီအမျိုးအစားတွေ လိုသလောက်မရသေးဘူး။ ဒါကပုံမှန်လိုဖြစ်နေပြီ ဆီပြတ်ပြီးပြန်ရရင် ဈေးကတက်ပြီ ” လို့ ရန်ကုန်မြို့က မော်တော်ယာဉ်ပိုင်ရှင်တစ်ယောက်က ပြောပါတယ်။
ဆီတွေပြတ်လပ်တာကြောင့် အကန့်အသတ်နဲ့ ရောင်းတဲ့ စက်သုံးဆီကို ဝယ်ယူရနိုင်ဖို့အတွက် ညအိပ်တန်းစီစောင့်ဆိုင်းနေကြတာတွေလည်းရန်ကုန်မှာ ဆက်ရှိနေပါတယ်။
စစ်ကောင်စီက စက်သုံးဆီ ဝယ်ယူဖို့အတွက် အမေရိကန်ဒေါ်လာ သန်းတစ်ရာကို စက်သုံးဆီ လုပ်ငန်းရှင်တွေကို ထုတ်ရောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဗီဒီယို ပုံစာ, စက်သုံးဆီ ပြတ်လပ်မှု အဆိုးဆုံးဖြစ်လာ


