ဧပြီလ ၂၀ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အရေးကြီးကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံပြော၊ ဖားကန့်မြို့နယ်ကို စစ်အင်အားဖြည့်လာတဲ့ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်(KIA) နဲ့ PDF ပူးပေါင်းအဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက် ... စတဲ့သတင်းတွေအပါအဝင် ဧပြီ ၂၀ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။
ဧပြီလ ၂၀ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ တပ်မဟာ ၆ ခုအတွင်းမှာ စစ်တပ်နဲ့ KNU/PDF ပူးပေါင်းတပ်တွေကြား မတ်လနှောင်းပိုင်းနဲ့ ဧပြီလထဲမှာ ထိုးစစ်၊ ခုခံစစ်တွေနဲ့ စခန်းသိမ်းတိုက်ပွဲတွေ အပြင်းအထန် ရှိနေပါတယ်။
ကရင်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်ဘက်က KNU ရဲ့တပ်မဟာနယ်မြေတွေမှာ ဧပြီလအတွင်း KNU နဲ့ ပူးပေါင်းတပ်တွေက စစ်တပ်စခန်း ၅ ခုခန့်ကို သိမ်းထားပါတယ်။
တဖက် မြန်မာစစ်တပ်ဘက်ကလည်း ကရင်နဲ့ တနင်္သာရီဒေသတွေမှာရှိတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို အပြည့်အဝထိန်းချုပ်နိုင်အောင် မဟာဗျူဟာကျကျ လှုပ်ရှားနေပါတယ်။
မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI)ရဲ့ စစ်ဘက်ရေးရာတာဝန်ခံ CDM ဗိုလ်မှူး နောင်ရိုးကတော့ နှစ်ဖက်လုံးမှာ မတူညီတဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ ဗျူဟာတွေရှိနေတယ်လို့ သုံးသပ်ပါတယ်။
"စစ်တပ်ဘက်ကတော့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးတို့ကို ချိတ်ဆက်ထားတဲ့ အဆင့်မြင့် စစ်ဗျူဟာနဲ့ လှုပ်ရှားနေပါတယ်။ တော်လှန်ရေးဘက်ကတော့ စစ်တပ်စခန်းတွေကို ဝိုင်းပတ်ပြီးတုံ့ပြန်တိုက်ခိုက်တဲ့ပုံစံနဲ့ သွားနေပါတယ်" လို့ သူက ပြောပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
အရှေ့တောင်အာရှရဲ့ နောက်ဆုံးအပျိုစင်မြစ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက ကင်ပွန်းတပ်ထားတဲ့ သံလွင်မြစ်ဟာ အခုချိန်မှာတော့ အာဆင်းနစ်အပါအဝင် သတ္တုအဆိပ်တွေ တိုးဝှေ့ဝင်ရောက်ခံနေရပါပြီ။
တရုတ်၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံကို စီးဆင်းတဲ့ မြစ်ကြောင်းတလျှောက်မှာ ရေကာတာတွေ၊ ဆည်တွေနဲ့ ပိတ်ဆို့ တားဆီးတာတွေ မရှိသေးဘဲ သဘာဝအတိုင်း စီးဆင်းနေတဲ့မြစ်ဖြစ်လို့ အပျိုစင်လို့ ဖွဲ့ဆိုထားကြတာပါ။
ဒါပေမဲ့ သံလွင်မြစ်ရဲ့ သဘာဝအတိုင်းရှိရမယ့် ရေတွေမှာ နေရာတချို့အဆိပ်သင့်နေတာကို ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်နဲ့ မြန်မာဘက်ခြမ်း ကယား(ကရင်နီ)၊ ကရင် အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းသုတေသနတွေက အတည်ပြုပေးနေပါတယ်။
သုတေသနအရ အာဆင်းနစ်အပါအဝင် သတ္တုအဆိပ်တွေဟာ မြေရှား၊ ရွှေနဲ့ ခဲမဖြူ သတ္တုမိုင်းတွေရှိတဲ့ မြန်မာဘက်ခြမ်းကနေ အစပြုလာပြီး ထိုင်းနိုင်ငံဘက်အထိ ခြေဆန့်နေပါတယ်။
မြန်မာနိုင်ငံထဲက သံလွင်မြစ်ဝှမ်းမှာ လူဦးရေ ၆ ဒသမ ၁ သန်း၊ ထိုင်းဘက်မှာတော့ ၆ သိန်းလောက် နေထိုင်တယ်လို့ သုတေသနစာတမ်းတွေမှာ တွေ့ရပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်နိုင်ပါတယ်။
ထိုင်း- မြန်မာနယ်စပ်အနီး ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ထဲက ဘွားဒိုးကျေးရွာအုပ်စုထဲမှာ ကရင်အမျိုးသား အစည်းအရုံး(KNU)ရဲ့ဆေးရုံနေရာကို စစ်တပ်က ဒီနေ့မနက်ပိုင်းမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဆေးရုံပျက်စီးခဲ့ပြီး ထိုင်းဘက်ခြမ်းကိုလည်း ဗုံးတစ်လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ အခြေအနေသိရှိသူတွေကပြောပါတယ်။
KNU က တပ်မဟာ ၅ နယ်မြေ (မူတြော်ခရိုင်)ထဲ ထည့်သွင်းထားတဲ့အဲဒီနေရာကို စစ်တပ်က ဒီနေ့မနက် ၁၁ နာရီလောက်မှာ ဗုံးကြဲခဲ့တာလို့လည်း ကရင်ငြိမ်းချမ်ရေးကွန်ရက်က စောအယ်ဒိုဝါးက ပြောပါတယ်။
တိုက်လေယာဉ်နဲ့ ဗုံး ၁၀ လုံးကြဲချသွားတာဖြစ်ပြီး မြန်မာဘက်ခြမ်းက ဆေးရုံ၊ ဆေးခန်းနဲ့ ဘုရားကျောင်းပါ ပျက်စီးသွားသလို ထိုင်းဘက်ခြမ်းကိုလည်း ဗုံးတစ်လုံး ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သူက ပြောပါတယ်။
“လူတွေကတော့ ကြိုရှောင်ထားနိုင်လို့ အထိအခိုက်မရှိဘူး။ ထိုင်းဘက်ကလည်း အထိအခိုက်တော့ မရှိပေမဲ့ တပ်လှန့်ထားတယ်”လို့ ကရင်သတင်းအရင်းအမြစ်က ပြောပါတယ်။
ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ နယ်စပ်မှာရှိတဲ့ မယ်စလပ်ဧရိယာထဲမှာ ဗုံးတလုံးကျရောက် ပေါက်ကွဲတာကြောင့် ပြည်သူတချို့ ထိတ်လန့်နေတယ်လို့လည်း သိရပါတယ်။
ထိုင်းဘက်ခြမ်း ဗုံးကျခဲ့တဲ့နေရာဟာ ထိုင်း- မြန်မာနယ်စပ်၊ သံလွင်မြစ်ရဲ့ထိုင်းဘက်ခြမ်း သဲသောင်ပေါ် ကျဆင်းခဲ့တာဖြစ်ပေမဲ့ အနီးနားက ဒေသခံနေအိမ် အချို့ လက်နက်ကြီးစ ထိမှန်တာမျိုးရှိခဲ့တယ်လို့ မျက်မြင် ထိုင်းဒေသခံတစ်ဦိးက ဘီဘီစီကို ပြောပါတယ်။
နယ်စပ်ကို ဗုံးကျခဲ့တဲ့နေရာဟာ KNU ရဲ့ ကရင်အမျိုးသားလွတ်လပ်ရေးတပ်(KNLA)နဲ့ပူးပေါင်းအဖွဲ့တွေ သိမ်းထားခဲ့တဲ့ သံလွင်မြစ်ပေါ်က စစ်တပ်ရဲ့ ထောက်ပို့စခန်းအဖြစ်အရေးပါတဲ့ မယ်ခါးထာစခန်းနဲ့ မနီးမဝေးမှာ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းရင်းမြစ်ကတော့ ဒီနေ့ ဗုံးကြဲခံခဲ့ရတဲ့ ဘွားဒိုးကျေးရွာအုပ်စုထဲက ဆေးရုံဟာ ဧပြီ ၁၁ ရက်မှာလည်း အဲဒီဆေးရုံဝန်းကျင်ကို ဗုံးကြဲခဲ့တာကြောင့် ဆေးရုံအဆောင် နှစ်ဆောင် ထိခိုက်ပျက်စီးခဲ့တယ်ပြောပါတယ်။
၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်ကနေ ၁၆ ရက်အထိ ကရင်ပြည်နယ်မြောက်ပိုင်း မူတြော်(ဖာပွန်) ခရိုင်ထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၄ ယောက်သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရရှိသလို ဆေးခန်း၊ ကျောင်း၊ ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းဆောင်တွေလည်း ပျက်စီးခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးကွန်ရက်နဲ့ သံလွင်ငြိမ်းချမ်းရေး အုပ်ချုပ်ရေးကော်မတီက ဧပြီ ၂၀ မှာ ပူးတွဲထုတ်ပြန်ထားပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို ပူးပေါင်းတိုက်ခိုက်မှု သီတင်း ၂ ပတ်ကြာ အပစ်ရပ်တာ လာမယ့် ၂ ရက်ဆို သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။
အမေရိကန်နဲ့ အီရန်တို့ အပစ်ရပ်အခြေအနေကို ပြန်ကြည့်ရရင် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အောက်ပါအခြေအနေတွေ ဖြစ်ခဲ့ပါတယ်။
ဂျပန်မှာ ဒီနေ့ ညနေပိုင်း လှုပ်ခတ်သွားတဲ့ အားပြင်း ငလျင်ကြောင့် ဆူနာမီ သတိပေးချက် ထုတ်လိုက်ပြီး ဝန်ကြီးချုပ်ကလည်း အမြင့်ပိုင်းပြောင်းရွှေ့နေကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဒီငလျင် လှုပ်ခတ်မှုအခြေကို ဘီဘီစီက ဟော့ကိုင်းဒိုးမှာနေထိုင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာတစ်ဦးက ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
''ညနေ ၄ နာရီကျော်က လှုပ်သွားတာ။ ငလျင်သတိပေးချက်အသံကြားတာနဲ့ အားလုံး အောက်ကို အကုန် ဆင်းပြေးကြတာပါပဲ။ ဒါပေမဲ့ ဒီတခါလှုပ်တာက နည်းနည်းတော့ အားပျော့ပါတယ်။ အခုတော့ ရပ်ကွက်ထဲမှာ လော်စပီကာတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက အော်နေတယ်။ သတိထား ဂရုစိုက်နေကြဖို့ပေါ့။ ရုံးသမားတွေကတော့ အလုပ်တွေ စောစောပေးဆင်း လိုက်ကြပြီ။ ညီမတို့ အလုပ်ကတော့ သူဌေးကတော့ သတိနဲ့နေဖို့နဲ့ တခုခုဆို သူတို့ဆီကို လာဖို့ ပြောထားတယ်'' လို့ ဟော့ကိုင်;ဒိုးမှာနေထိုင်တဲ့ မချောစုသွယ်က ပြောပါတယ်။
ဂျပန်နိုင်ငံ၊ အီဝါတေးစီရင်စုနယ်ကမ်းလွန်မှာ ပြင်းအား ၇.၄ မဂ္ဂနီကျုရှိတဲ့ငလျင် လှုပ်ခတ်ခဲ့တာကြောင့် ဆူနာမီ ရေလှိုင်းသတိပေးချက် ထုတ်လိုက်ပါတယ်။
နိုင်ငံအရှေ့မြောက်ပိုင်းကမ်းလွန်မှာ လှုပ်သွားတဲ့ အင်အားပြင်းငလျင်ကြောင့် အာဏာပိုင်တွေက ဆူနာမီ သတိပေးချက် ထုတ်ထားပါတယ်။
ဂျပန်သတင်းဌာန NHK ကတော့ ငလျင်ဟာ ဆန်နီကု ကမ်းခြေကနေ ကီလိုမီတာ ၁၀၀ နီးပါးအကွာ မြေအောက်အနက် ၆ မိုင်ကျော်မှာ လှုပ်ခဲ့တာလို့ ဆိုပါတယ်။
ဒီသတင်း နောက်ဆုံးရ အချက်အလက်တွေကိုလည်း အခုစာမျက်နှာမှာပဲ ဆက်လက်ဖော်ပြပေးသွားပါမယ်။
မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက်ဖြစ်တဲ့ အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၉) မှာ ဧပြီ ၁၉ ရက်နေ့လယ်ပိုင်းက လက်နက်တိုက် ပေါက်ကွဲမှုဖြစ်ပွားတယ်လို့ မြို့ခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
အဲဒီစက်ရုံဟာ ရေးမြို့ရဲ့ အဏ္ဏဝါရပ်ကွက်ထဲမှာရှိတာကြောင့် ရပ်ကွက်ထဲက ပြည်သူတွေ နီးနီးကပ်ကပ် ကြားမြင်နေရတယ်လို့ သိရပါတယ်။
ပေါက်ကွဲသံတွေဟာ နေ့လယ် ၂ နာရီခွဲကနေ ၄ နာရီခွဲလောက်အထိ ဆက်တိုက်ကြားနေပြီး မီးသတ်ကားတွေတောင် ချက်ချင်း မဝင်ရဲဘဲ အချိန်ခဏကြာအောင် စောင့်ကြည့်ပြီးမှ မီးငြှိမ်းသတ်ရတယ်လို့လည်း အခြေအနေတွေကို တွေ့မြင်ခဲ့ရတဲ့ မြို့ခံက ပြောပါတယ်။
“အုန်း … ဖောင်း… ဒိုင်းနဲ့ အသံတွေကြားတော့ တိုက်ပွဲများ ဖြစ်ပြီလားဟဆိုပြီး ထွက်ကြည့်ကြတာ။ စကခ ဝန်းထဲက စစ်သားတွေတောင် အကာအကွယ်ယူပြီး ပုန်းနေကြရတယ်။ လျှပ်စစ်ရှော့ဖြစ်တယ်လို့ သိလိုက်ရတာပဲ”လို့ မြို့ခံက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ချိန်မှာ စကခ ၁၉ ဝန်းကျင်က လမ်းတွေကိုပါ စစ်တပ်က ပိတ်ထားပြီး ဘယ်သူကိုမှ ဖြတ်သန်းသွားလာခွင့် မပြုဘဲ ဒီနေ့မနက်ပိုင်းရောက်မှ လမ်းပြန်ဖွင့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
လက်နက်တိုက်ထဲမှာရှိတဲ့ လက်နက်ငယ်တွေနဲ့ ၁၂၀ မမ လက်နက်ကျည်တွေ မီးလောင်ပေါက်ကွဲခဲ့ပြီး ဟောင်ဝှစ်ဇာ လက်နက်ကျည်တွေတော့ မီးလွတ်သွားတယ်လို့လည်း မြို့ခံက ပြောပါတယ်။
ဧပြီ ၂၀ ရက် မနက်ပိုင်းမှာတော့ ရဟတ်ယာဉ်တစ်စင်း ရောက်လာပြီး စစ်တပ်အရာရှိတွေက လက်နက်တိုက် ပေါက်ကွဲမှု အခြေအနေတွေကို လာစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။
စကခ ၁၉ မီးလောင်မှု အသေးစိတ်နဲ့ ထိခိုက်သေဆုံးမှုတွေကိုတော့ စစ်တပ်က ထုတ်ပြန်တာ မရှိသေးပါဘူး။
ရေးမြို့နယ်မှာ စစ်တပ်ရဲ့ အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၉)၊ အမှတ် ၆၁ ခြေလျင်တပ်ရင်း၊ အမှတ် ၂၉၉ ခြေလျင်တပ်ရင်း၊ အမှတ် ၃၄၃ ခြေမြန်တပ်ရင်း အပါအဝင် မြို့နယ်အခြေစိုက် စစ်တပ်စခန်းတွေရှိပြီး တော်လှန်ရေးတပ်တွေက ဒရုန်း၊ လက်နက်ကြီးကျည်တွေနဲ့ ပစ်ခတ်တာရှိသလို တိုက်ပွဲတွေလည်း မကြာခဏ ရှိနေပါတယ်။
Royal Hill လောင်းကစားရုံရဲ့အနောက်ဘက် ၆ ထပ်ဆောင်က မီးမရှိတဲ့ စင်္ကြံလမ်းတွေမှာ လျှောက်ကြည့်ရင်းနဲ့ အခန်းတစ်ခန်းချင်းစီကို ဖွင့်ကြည့်ရင် တခြားကမ္ဘာတစ်ခုကို ရောက်သွားသလိုပါပဲ။
ဒီထဲကမှ တစ်ခန်းထဲ ဝင်လိုက်ရင် ဗီယက်နမ် ဘဏ်တစ်ခုနဲ့ ချွတ်စွပ်တူတဲ့ဘဏ်အတုကို မြင်ရသလို နောက်တစ်ခန်းကျရင် သြစတြေးလျရဲစခန်းထဲ ရောက်သွားပြန်ပါတယ်။ ထောင့်တစ်နေရာမှာတော့ တရုတ်ရဲဝတ်စုံ တစ်စုံ တွဲလောင်းချိတ်လျက်သား မြင်ရပါတယ်။
အခန်းနံရံတွေပေါ်မှာ တက်ကျမ်းလိုလိုစာတွေလည်း ရေးထားတာတွေ့ရပါတယ်။
"အသက်ရှုတိုင်း ငွေဝင်တယ်" ဆိုတဲ့ အဓိပ္ပါယ်ဆန်ဆန် တရုတ်စာနဲ့ ရေးထားတာလည်း ရှိပါတယ်။ ကြမ်းပြင်အနှံ့ဖြန့်ကြဲထားတဲ့ ဒေါ်လာတစ်ရာတန်အတုတွေကလည်း ပြန့်ကျဲနေပါတယ်။
ဒီငွေလိမ်လုပ်ငန်းဝင်းကြီးကတော့ အိုစမတ် လို့ခေါ်တဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့နယ်စပ်မြို့တစ်မြို့ထဲမှာပဲ ရှိနေတာပါ။
အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ရခိုင်ပြည်နယ်ထဲ အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနဲ့ ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်တို့ကို ဧပြီ တတိယပတ်အတွင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် လူ ၁ ဦး သေပြီး နောက်ထပ် ၁၃ ဦး ဒဏ်ရာရတယ်လို့ AA က ဧပြီ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်တပ်ဟာ မနေ့ တစ်နေ့တည်းမှာတင် ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တွေကို ဗုံးကြဲခဲ့ပြီး အဲဒီဗုံးကြဲမှုတွေကို AA က သူ့ရဲ့ထုတ်ပြန်ချက်ထဲမှာ ထည့်ပြောပါတယ်။
မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာက ဘုန်းကြီးကျောင်းကို မနေ့တုန်းက စစ်တပ်ရဲ့လေကြောင်းဗုံးကြဲမှုမှာ စာသင်သား ကိုရင်တွေ အပါအဝင် ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ရခိုင်ပြည်နယ်ထဲကပဲ AA ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူကန်ကျေးရွာထဲက အရင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ပုဏ္ဏားကျွန်းမြို့ထဲက ရွာဟောင်းရပ်ကွက်နဲ့ လျှပ်စစ်ဓာတ်အားပေးခွဲရုံတို့ကို ဧပြီ ၁၉ ရက် မနက်ပိုင်းမှာ စစ်တပ်က ဗုံးကြဲခဲ့တာလို့ AAက ထုတ်ပြန်ပါတယ်။
အဲဒီဖြစ်ရပ်တွေမှာ အိမ် ၆ လုံး ပျက်စီးပြီး အရပ်သားတစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့သလို နေ့လယ် ၁၂ နာရီအချိန်မှာ ပုဏ္ဏားကျွန်းမြို့နယ်ထဲကပဲ ငှက်ကြီးကျွန်းကျေးရွာကို လေကြောင်းဗုံးကြဲတာကြောင့် ၁ ဦး သေဆုံးတယ်လို့ သိရပါတယ်။
ဒီအပတ်အတွင်းမှာပဲ ကျောက်တော်နဲ့ ပလက်ဝမြို့တွေကို ဂျက်ဖိုက်တာ ၅ စီး၊ Y 12 ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်တာတွေလည်း လုပ်ခဲ့တာလို့ AA က ထုတ်ပြန်ပြီး အဲဒီမြို့တွေက ထိခိုက်ဒဏ်ရာရတာတွေကိုတော့ ထုတ်ပြန်တာ မတွေ့ရပါဘူး။
စစ်တပ်က အုပ်ချုပ်မှု လက်လွှတ်လိုက်ရတဲ့နေရာတွေမှာ ဗုံးကြဲနေတာကြောင့် ဒေသခံတွေမှာ စိုးထိတ်နေကြရတယ်လို့ ရခိုင်စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
AA ထိန်းချုပ်တဲ့နေရာတွေကို လေကြောင်းဗုံးကြဲတာနဲ့ ပတ်သက်လို့ စစ်တပ်က ထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာတွေဟာ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ မြို့နယ်တွေမှာ အများဆုံးလုပ်ဆောင်နေတာဖြစ်တယ်လို့ မြန်မာအင်တာနက်ပရောဂျက် (MIP) က ဧပြီ ၂၀ မှာ ထုတ်ပြန်ပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီကနေ မတ် အတွင်း အကြိမ်ပေါင်း ၄၀၀ ကျော်ရှိတဲ့အထဲမှာ ၉၆ ရာခိုင်နှုန်းက အင်တာနက်ဖြတ်တောက်ခံထားရတဲ့နေရာတွေမှာဖြစ်ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးနဲ့ အမျိုးသမီးအပါအဝင် သေဆုံးသူ ၇၂၈ ဦး ရှိတယ်လို့လည်း MIP ရဲ့ ဆန်းစစ်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ လူဝီစီယားနားပြည်နယ်၊ ရှရီးပေါ့မြိုမှာဖြစ်ခဲ့တဲ့သေနတ်ပစ်ခတ်မှုအတွင်း အသက် ၈ နှစ်ကနေ ၁၄ နှစ်ကြား ကလေး ၈ ဦး သေဆုံးတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
ရဲတပ်ဖွဲ့ကတော့ သေနတ်ပစ်ခတ်မှုဟာ အိမ်တွင်းအချင်းများတာကြောင့် ဖြစ်ခဲ့တာလို့ ကနဦးသုံးသပ်ပါတယ်။
ပစ်ခတ်မှုဟာ အမေရိကန်ဒေသစံတော်ချိန် တနင်္ဂနွေနေ့ မနက်အစောပိုင်းတုန်းက ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
လူ ၁၀ ယောက်ကို ပစ်ခတ်ခဲ့ပြီးတဲ့နောက် ကားနဲ့ထွက်ပြေးတဲ့ သေနတ်သမားကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာကနေ အသေပစ်ခတ် ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ ဘယ်သူတွေ ဖြစ်တယ်ဆိုတာကိုတော့ ရဲတပ်ဖွဲ့က သတင်းမထုတ်ပေမဲ့ ရဲဖမ်းချိန် ပစ်ခတ်ခံရပြီး အများစုဟာ သေနတ်သမားရဲ့ကလေးတွေဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
အမေရိကန် မီဒီယာတွေမှာတော့ သေဆုံးတဲ့ကလေးငယ် ၈ ဦးဟာ ယောက်ျားလေး ၃ ဦးနဲ့ မိန်းကလေး ၅ ဦးဖြစ်ပြီး သူတို့တွေထဲက ၇ ဦးဟာ မောင်နှမတွေလို့ဆိုပါတယ်။ နောက် ၁ ဦးကတော့ ဝမ်းကွဲတော်စပ်သူလို့ သတင်းတွေမှာ ဖော်ပြပါတယ်။
မြို့အာဏာပိုင်တွေကတော့ သေနတ်သမားဟာ အသက် ၃၁ နှစ်အရွယ် ရှာမာ အယ်လ်ကင်ဆိုသူဖြစ်တယ်လို့ပြောပါတယ်။ သူဟာ အရင်ကလည်း သေနတ်ကိုင်ဆောင်မှုနဲ့ အဖမ်းခံခဲ့ရဖူးသူဖြစ်တယ်လို့ အမေရိကန်မီဒီယာတွေက သတင်းဖော်ပြပါတယ်။
အခုသေနတ်ပစ်ခတ်မှုဟာ အမေရိကန်နိုင်ငံသမိုင်းမှာ ၂၀၂၄ ခုနှစ်နောက်ပိုင်း သေနတ်ပစ်ခတ်မှုကြောင့် လူသေဆုံးမှု အများဆုံးဖြစ်ရပ်ဖြစ်လာပါတယ်။
မြန်မာ့နှစ်သစ်ကူးအနေနဲ့ အကျဉ်းသားထောင်ချီကို လွတ်ငြိမ်းခွင့်ပေးတာ ကြိုဆိုပေမဲ့ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေးဟာ ပဓာနကျတယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်က ပြောလာပါတယ်။
လွတ်ငြိမ်းရသူ ထောင်ချီထဲ ၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထောင်ချခံထားရတဲ့ သမ္မတဟောင်း ဦးဝင်းမြင့်လည်း ပါဝင်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျန်ရှိသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုပါ လွှတ်ပေးဖို့ လိုအပ်တဲ့အကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၁၉ ရက်မှာ စာထုတ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အထူးသဖြင့် အသက်အရွယ်ကြီးသူတွေနဲ့ ကျန်းမာရေးမကောင်းသူတွေကို လွှတ်ပေးဖို့ကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက အလေးပေးတောင်းဆိုထားတာ တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတာဟာ အမျိုးသားဆွေးနွေးပွဲတွေ တိုးတက်ဖို့နဲ့ မြန်မာနိုင်ငံအတွက် ဘုံသဘောတူညီချက် ငါးရပ်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရေးမှာ အရေးပါတယ်လို့လည်း ဖိလစ်ပိုင်ဘက်က ထောက်ပြပါတယ်။
တစ်ချိန်တည်းမှာပဲ လွတ်ငြိမ်းကြောင့် သမ္မတ ဦးဝင်းမြင့် တောင်ငူထောင်ကနေ ပြန်လွတ်လာခဲ့ပေမဲ့ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း နေပြည်တော်ဘက်က သတင်းတစ်စုံတရာ မထုတ်ပြန်တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်ကြောင်း ထုတ်ပြောလာကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်အဲရစ် ခေါ် ကိုထိန်လင်းကလည်း မိခင်ဖြစ်သူ အသက်ရှင်နေသေးတယ်ဆိုရင် သက်ရှိထင်ရှားရှိတဲ့အကြောင်း အထောက်အထားပြဖို့လိုတယ်လို့ ဧပြီ ၁၅ ရက်မှာ နေပြည်တော်ကို တောင်းဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အာဆီယံနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက တောင်းဆိုနေပမဲ့ နေပြည်တော်ဘက်က သတင်းအမှောင်ချထားဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ လလယ်ပိုင်းတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်တယ်လို့ ဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရသူက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ နေပြည်တော်က အာဏာပိုင်တွေဟာ စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီး ထောင်ဒဏ်ချမှတ်ခံထားရသူ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုအပါအဝင် ရှေ့နေတွေနဲ့ရော၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ပါ ဧည့်တွေ့ခွင့် မပေးခဲ့တာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေ အပြီးသတ်တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကတည်းကဖြစ်ပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲ တိုက်ပွဲဖြစ်နေချိန် အင်အားဖြည့်တဲ့စစ်တပ် စစ်ကြောင်းကို ကချင်လွတ်လပ် ရေးတပ်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းအဖွဲ့တွေက ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်လို့ စစ်သား ဆယ်ချီ သေဆုံးတယ်လို့ ရှေ့တန်းရောက်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ် စစ်ကြောင်းဟာ ဧပြီ ၁၉ ရက် မနက်ပိုင်းမှာ မှော်ဆီစာနဲ့ နမ့်မဖြစ်ကျေးရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နေ့လယ်ပိုင်းမှာလည်း မလန်းကျေးရွာနားမှာ ထပ်မိုင်းဆွဲတာကြောင့် စစ်သား ဆယ်ချီသေဆုံးတာလို့ သူက ပြောပါတယ်။
သေဆုံးသူအရေအတွက်တွေကို ဒရုန်းနဲ့ မှတ်တမ်းတင် အတည်ပြုခဲ့တာဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာရသူ စစ်တပ်တပ်ဖွဲ့ဝင်တွေလည်းရှိတာကို တွေ့ရတယ်လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
အဲဒီနေ့ ညနေပိုင်း ၅ နာရီဝန်းကျင်မှာပဲ မှော်ဝမ်းလေးကျေးရွာက စစ်တပ် တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် စစ်တပ်အရာရှိတစ်ဦး သေဆုံးတယ်လို့လည်း သူက ပြောပါတယ်။
စစ်တပ်ဘက်က သေဆုံးမှု အရေအတွက်နဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
မနေ့ မနက်ပိုင်းတုန်းကလည်း ဖားကန့်ကို စစ်တပ်စစ်ကြောင်း ဝင်လာချိန် လုံးခင်းရွာထဲက ဆောင်ချိန်ရပ်ကွက်အနီးမှာ ကချင်လွတ်လပ်ရေးတပ်(KIA) ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ကြား တိုက်ပွဲဖြစ်ခဲ့ပါတယ်။
ဖားကန့်မြို့နယ်ထဲ မနေ့ကဖြစ်တဲ့တိုက်ပွဲတွေကြောင့် စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေအတွင်း လုံးခင်းကျေးရွာအုပ်စု၊ မလန်းရွာက ကလေးငယ်တစ်ဦး ရင်ဘတ်ကို လက်နက်ကြီးကျည်စ ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။
ဖားကန့်မြို့နယ်ထဲက တိုက်ပွဲအတွက် စစ်တပ်အတွက် အင်အားဖြည့်ဖို့လာတဲ့ ဝါရာဇွပ် ပြည်သူ့စစ်တွေပါတဲ့ စစ်ကြောင်းကိုလည်း ပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲ တိုက်ခိုက်တာဖြစ်ခဲ့ပါတယ်။
နောက်ခံအင်အားတွေရှိတဲ့ ဖားကန့်နဲ့ တနိုင်းကြားက ၀ါရာဇွပ်ပြည်သူ့စစ် စခန်း ၂ ခုကိုလည်း KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ဧပြီ ၁၈ ရက်မှာ သိမ်းထားတယ်လို့ ကချင်သတင်းတွေမှာဖော်ပြသလို မြေပြင်အခြေအနေသိတဲ့သတင်းရင်းမြစ်ကလည်း ပြောပါတယ်။
စစ်တပ်ဟာ ဖားကန့်မြို့နယ်ထဲက ကျောက်စိမ်းလုပ်ကွက်တွေကို ထိန်းချုပ်ဖို့ရည်ရွယ်ပြီး ဖားကန့်ကို စစ်ကြောင်း ထိုးတာ ဖြစ်နိုင်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က မှတ်ချက်ပေးပါတယ်။
မင်္ဂလာပါ။ ဧပြီ ၂၀ ရက်ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။