တိုက်ရိုက်ထုတ်လွှင့်မှု, ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့အရေးကြီးကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌပြော

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အရေးကြီးကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံပြော၊ ဖားကန့်မြို့နယ်ကို စစ်အင်အားဖြည့်လာတဲ့ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်(KIA) နဲ့ PDF ပူးပေါင်းအဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက် ... စတဲ့သတင်းတွေအပါအဝင် ဧပြီ ၂၀ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ဖားကန့်မှာ စစ်အင်အားဖြည့်လာတဲ့ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်-KIAနဲ့ ပြည်သူ့ကာကွယ်ရေးတပ်-PDF ပူးပေါင်းအဖွဲ့တွေက နှစ်ကြိမ်မိုင်းခွဲတိုက်ခိုက်လို့ ဆယ်ချီသေဆုံးတယ်လို့ တော်လှန်ရေးဘက်ကပြော
  • ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျန်ရှိသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုပါ လွှတ်ပေးဖို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်
  • အမေရိကန်၊ လူဝီစီယားနားပြည်နယ်၊ ရှရီးပေါ့မြိုက သေနတ်ပစ်ခတ်မှုမှာ အသက် ၈ နှစ်ကနေ ၁၄ နှစ်ကြား ကလေး ၈ ဦး သေဆုံး
  • အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနဲ့ ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်တို့ကို တစ်ပတ်အတွင်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ လူ ၁ ဦး သေပြီး နောက်ထပ် ၁၃ ဦး ဒဏ်ရာရ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. AA ထိန်းချုပ် မြို့နယ်လေးခုကို ၁ ပတ်အတွင်း စစ်တပ်ဗုံးကြဲမှု ၁ ဦးသေ၊ ၁၃ ဦးဒဏ်ရာရ

    ဧပြီ ၁၉ ရက်မှာ လေကြောင်းဗုံးကြဲခံရတဲ့ မြောက်ဦးမြို့နယ်က ကျောက်ဆည်ပြင်ရွာဘုန်းကြီးကျောင်း

    ဓာတ်ပုံ ရင်းမြစ်, AA Info Desk

    ဓာတ်ပုံ ပုံစာ, ဧပြီ ၁၉ ရက်မှာ လေကြောင်းဗုံးကြဲခံရတဲ့ မြောက်ဦးမြို့နယ်က ကျောက်ဆည်ပြင်ရွာဘုန်းကြီးကျောင်း

    ရခိုင်ပြည်နယ်ထဲ အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနဲ့ ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်တို့ကို ဧပြီ တတိယပတ်အတွင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် လူ ၁ ဦး သေပြီး နောက်ထပ် ၁၃ ဦး ဒဏ်ရာရတယ်လို့ AA က ဧပြီ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

    စစ်တပ်ဟာ မနေ့ တစ်နေ့တည်းမှာတင် ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တွေကို ဗုံးကြဲခဲ့ပြီး အဲဒီဗုံးကြဲမှုတွေကို AA က သူ့ရဲ့ထုတ်ပြန်ချက်ထဲမှာ ထည့်ပြောပါတယ်။

    မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာက ဘုန်းကြီးကျောင်းကို မနေ့တုန်းက စစ်တပ်ရဲ့လေကြောင်းဗုံးကြဲမှုမှာ စာသင်သား ကိုရင်တွေ အပါအဝင် ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

    ရခိုင်ပြည်နယ်ထဲကပဲ AA ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူကန်ကျေးရွာထဲက အရင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ပုဏ္ဏားကျွန်းမြို့ထဲက ရွာဟောင်းရပ်ကွက်နဲ့ လျှပ်စစ်ဓာတ်အားပေးခွဲရုံတို့ကို ဧပြီ ၁၉ ရက် မနက်ပိုင်းမှာ စစ်တပ်က ဗုံးကြဲခဲ့တာလို့ AAက ထုတ်ပြန်ပါတယ်။

    အဲဒီဖြစ်ရပ်တွေမှာ အိမ် ၆ လုံး ပျက်စီးပြီး အရပ်သားတစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့သလို နေ့လယ် ၁၂ နာရီအချိန်မှာ ပုဏ္ဏားကျွန်းမြို့နယ်ထဲကပဲ ငှက်ကြီးကျွန်းကျေးရွာကို လေကြောင်းဗုံးကြဲတာကြောင့် ၁ ဦး သေဆုံးတယ်လို့ သိရပါတယ်။

    ဒီအပတ်အတွင်းမှာပဲ ကျောက်တော်နဲ့ ပလက်ဝမြို့တွေကို ဂျက်ဖိုက်တာ ၅ စီး၊ Y 12 ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်တာတွေလည်း လုပ်ခဲ့တာလို့ AA က ထုတ်ပြန်ပြီး အဲဒီမြို့တွေက ထိခိုက်ဒဏ်ရာရတာတွေကိုတော့ ထုတ်ပြန်တာ မတွေ့ရပါဘူး။

    စစ်တပ်က အုပ်ချုပ်မှု လက်လွှတ်လိုက်ရတဲ့နေရာတွေမှာ ဗုံးကြဲနေတာကြောင့် ဒေသခံတွေမှာ စိုးထိတ်နေကြရတယ်လို့ ရခိုင်စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

    AA ထိန်းချုပ်တဲ့နေရာတွေကို လေကြောင်းဗုံးကြဲတာနဲ့ ပတ်သက်လို့ စစ်တပ်က ထုတ်ပြန်တာ မရှိသေးပါဘူး။

    စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာတွေဟာ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ မြို့နယ်တွေမှာ အများဆုံးလုပ်ဆောင်နေတာဖြစ်တယ်လို့ မြန်မာအင်တာနက်ပရောဂျက် (MIP) က ဧပြီ ၂၀ မှာ ထုတ်ပြန်ပါတယ်။

    ၂၀၂၆ ခုနှစ် ဇန်နဝါရီကနေ မတ် အတွင်း အကြိမ်ပေါင်း ၄၀၀ ကျော်ရှိတဲ့အထဲမှာ ၉၆ ရာခိုင်နှုန်းက အင်တာနက်ဖြတ်တောက်ခံထားရတဲ့နေရာတွေမှာဖြစ်ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

    စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးနဲ့ အမျိုးသမီးအပါအဝင် သေဆုံးသူ ၇၂၈ ဦး ရှိတယ်လို့လည်း MIP ရဲ့ ဆန်းစစ်ချက်မှာ ဖော်ပြထားပါတယ်။

  2. အမေရိကန်မှာ သေနတ်နဲ့ပစ်ခတ်မှု ကလေး ၈ ဦး သေဆုံး

    အခင်းဖြစ်ခဲ့တဲ့နေရာတွေထဲက တစ်ခုဖြစ်တဲ့ အိမ်တစ်လုံးအရှေ့ကနေ အမျိုးသားတစ်ဦး ဖြတ်လျှောက်သွားတဲ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, အခင်းဖြစ်ခဲ့တဲ့နေရာတွေထဲကတစ်ခု

    အမေရိကန်ပြည်ထောင်စု၊ လူဝီစီယားနားပြည်နယ်၊ ရှရီးပေါ့မြိုမှာဖြစ်ခဲ့တဲ့သေနတ်ပစ်ခတ်မှုအတွင်း အသက် ၈ နှစ်ကနေ ၁၄ နှစ်ကြား ကလေး ၈ ဦး သေဆုံးတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

    ရဲတပ်ဖွဲ့ကတော့ သေနတ်ပစ်ခတ်မှုဟာ အိမ်တွင်းအချင်းများတာကြောင့် ဖြစ်ခဲ့တာလို့ ကနဦးသုံးသပ်ပါတယ်။

    ပစ်ခတ်မှုဟာ အမေရိကန်ဒေသစံတော်ချိန် တနင်္ဂနွေနေ့ မနက်အစောပိုင်းတုန်းက ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

    လူ ၁၀ ယောက်ကို ပစ်ခတ်ခဲ့ပြီးတဲ့နောက် ကားနဲ့ထွက်ပြေးတဲ့ သေနတ်သမားကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာကနေ အသေပစ်ခတ် ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

    သေဆုံးသူ ဘယ်သူတွေ ဖြစ်တယ်ဆိုတာကိုတော့ ရဲတပ်ဖွဲ့က သတင်းမထုတ်ပေမဲ့ ရဲဖမ်းချိန် ပစ်ခတ်ခံရပြီး အများစုဟာ သေနတ်သမားရဲ့ကလေးတွေဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

    အမေရိကန် မီဒီယာတွေမှာတော့ သေဆုံးတဲ့ကလေးငယ် ၈ ဦးဟာ ယောက်ျားလေး ၃ ဦးနဲ့ မိန်းကလေး ၅ ဦးဖြစ်ပြီး သူတို့တွေထဲက ၇ ဦးဟာ မောင်နှမတွေလို့ဆိုပါတယ်။ နောက် ၁ ဦးကတော့ ဝမ်းကွဲတော်စပ်သူလို့ သတင်းတွေမှာ ဖော်ပြပါတယ်။

    မြို့အာဏာပိုင်တွေကတော့ သေနတ်သမားဟာ အသက် ၃၁ နှစ်အရွယ် ရှာမာ အယ်လ်ကင်ဆိုသူဖြစ်တယ်လို့ပြောပါတယ်။ သူဟာ အရင်ကလည်း သေနတ်ကိုင်ဆောင်မှုနဲ့ အဖမ်းခံခဲ့ရဖူးသူဖြစ်တယ်လို့ အမေရိကန်မီဒီယာတွေက သတင်းဖော်ပြပါတယ်။

    အခုသေနတ်ပစ်ခတ်မှုဟာ အမေရိကန်နိုင်ငံသမိုင်းမှာ ၂၀၂၄ ခုနှစ်နောက်ပိုင်း သေနတ်ပစ်ခတ်မှုကြောင့် လူသေဆုံးမှု အများဆုံးဖြစ်ရပ်ဖြစ်လာပါတယ်။

  3. ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အရေးကြီးတယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်ပြော

    ၂၀၁၈ ခုနှစ်မှာ စင်ကာပူနိုင်ငံမှာကျင်းပတဲ့ အာဆီယံထိပ်သီးညီလာခံမှာတွေ့ရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၁၈ ခုနှစ်မှာ စင်ကာပူနိုင်ငံမှာကျင်းပတဲ့ အာဆီယံထိပ်သီးညီလာခံမှာတွေ့ရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

    မြန်မာ့နှစ်သစ်ကူးအနေနဲ့ အကျဉ်းသားထောင်ချီကို လွတ်ငြိမ်းခွင့်ပေးတာ ကြိုဆိုပေမဲ့ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေးဟာ ပဓာနကျတယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်က ပြောလာပါတယ်။

    လွတ်ငြိမ်းရသူ ထောင်ချီထဲ ၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထောင်ချခံထားရတဲ့ သမ္မတဟောင်း ဦးဝင်းမြင့်လည်း ပါဝင်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျန်ရှိသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုပါ လွှတ်ပေးဖို့ လိုအပ်တဲ့အကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၁၉ ရက်မှာ စာထုတ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အထူးသဖြင့် အသက်အရွယ်ကြီးသူတွေနဲ့ ကျန်းမာရေးမကောင်းသူတွေကို လွှတ်ပေးဖို့ကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက အလေးပေးတောင်းဆိုထားတာ တွေ့ရပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတာဟာ အမျိုးသားဆွေးနွေးပွဲတွေ တိုးတက်ဖို့နဲ့ မြန်မာနိုင်ငံအတွက် ဘုံသဘောတူညီချက် ငါးရပ်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရေးမှာ အရေးပါတယ်လို့လည်း ဖိလစ်ပိုင်ဘက်က ထောက်ပြပါတယ်။

    တစ်ချိန်တည်းမှာပဲ လွတ်ငြိမ်းကြောင့် သမ္မတ ဦးဝင်းမြင့် တောင်ငူထောင်ကနေ ပြန်လွတ်လာခဲ့ပေမဲ့ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း နေပြည်တော်ဘက်က သတင်းတစ်စုံတရာ မထုတ်ပြန်တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်ကြောင်း ထုတ်ပြောလာကြပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်အဲရစ် ခေါ် ကိုထိန်လင်းကလည်း မိခင်ဖြစ်သူ အသက်ရှင်နေသေးတယ်ဆိုရင် သက်ရှိထင်ရှားရှိတဲ့အကြောင်း အထောက်အထားပြဖို့လိုတယ်လို့ ဧပြီ ၁၅ ရက်မှာ နေပြည်တော်ကို တောင်းဆိုခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အာဆီယံနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက တောင်းဆိုနေပမဲ့ နေပြည်တော်ဘက်က သတင်းအမှောင်ချထားဆဲဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ လလယ်ပိုင်းတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်တယ်လို့ ဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရသူက သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ဒါပေမဲ့ နေပြည်တော်က အာဏာပိုင်တွေဟာ စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီး ထောင်ဒဏ်ချမှတ်ခံထားရသူ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုအပါအဝင် ရှေ့နေတွေနဲ့ရော၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ပါ ဧည့်တွေ့ခွင့် မပေးခဲ့တာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေ အပြီးသတ်တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကတည်းကဖြစ်ပါတယ်။

  4. ဖားကန့်မှာ စစ်တပ်စစ်ကြောင်းကို KIA/PDF မိုင်းဆွဲတိုက်ခိုက်မှု သေဆုံးသူဆယ်ချီရှိ

    ကချင်လွတ်လပ်ရေးတပ်-KIA တပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ကချင်လွတ်လပ်ရေးတပ်-KIA တပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲ တိုက်ပွဲဖြစ်နေချိန် အင်အားဖြည့်တဲ့စစ်တပ် စစ်ကြောင်းကို ကချင်လွတ်လပ် ရေးတပ်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းအဖွဲ့တွေက ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်လို့ စစ်သား ဆယ်ချီ သေဆုံးတယ်လို့ ရှေ့တန်းရောက်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    စစ်တပ် စစ်ကြောင်းဟာ ဧပြီ ၁၉ ရက် မနက်ပိုင်းမှာ မှော်ဆီစာနဲ့ နမ့်မဖြစ်ကျေးရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နေ့လယ်ပိုင်းမှာလည်း မလန်းကျေးရွာနားမှာ ထပ်မိုင်းဆွဲတာကြောင့် စစ်သား ဆယ်ချီသေဆုံးတာလို့ သူက ပြောပါတယ်။

    သေဆုံးသူအရေအတွက်တွေကို ဒရုန်းနဲ့ မှတ်တမ်းတင် အတည်ပြုခဲ့တာဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာရသူ စစ်တပ်တပ်ဖွဲ့ဝင်တွေလည်းရှိတာကို တွေ့ရတယ်လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

    အဲဒီနေ့ ညနေပိုင်း ၅ နာရီဝန်းကျင်မှာပဲ မှော်ဝမ်းလေးကျေးရွာက စစ်တပ် တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် စစ်တပ်အရာရှိတစ်ဦး သေဆုံးတယ်လို့လည်း သူက ပြောပါတယ်။

    စစ်တပ်ဘက်က သေဆုံးမှု အရေအတွက်နဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

    မနေ့ မနက်ပိုင်းတုန်းကလည်း ဖားကန့်ကို စစ်တပ်စစ်ကြောင်း ဝင်လာချိန် လုံးခင်းရွာထဲက ဆောင်ချိန်ရပ်ကွက်အနီးမှာ ကချင်လွတ်လပ်ရေးတပ်(KIA) ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ကြား တိုက်ပွဲဖြစ်ခဲ့ပါတယ်။

    ဖားကန့်မြို့နယ်ထဲ မနေ့ကဖြစ်တဲ့တိုက်ပွဲတွေကြောင့် စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေအတွင်း လုံးခင်းကျေးရွာအုပ်စု၊ မလန်းရွာက ကလေးငယ်တစ်ဦး ရင်ဘတ်ကို လက်နက်ကြီးကျည်စ ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

    ဖားကန့်မြို့နယ်ထဲက တိုက်ပွဲအတွက် စစ်တပ်အတွက် အင်အားဖြည့်ဖို့လာတဲ့ ဝါရာဇွပ် ပြည်သူ့စစ်တွေပါတဲ့ စစ်ကြောင်းကိုလည်း ပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲ တိုက်ခိုက်တာဖြစ်ခဲ့ပါတယ်။

    နောက်ခံအင်အားတွေရှိတဲ့ ဖားကန့်နဲ့ တနိုင်းကြားက ၀ါရာဇွပ်ပြည်သူ့စစ် စခန်း ၂ ခုကိုလည်း KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ဧပြီ ၁၈ ရက်မှာ သိမ်းထားတယ်လို့ ကချင်သတင်းတွေမှာဖော်ပြသလို မြေပြင်အခြေအနေသိတဲ့သတင်းရင်းမြစ်ကလည်း ပြောပါတယ်။

    စစ်တပ်ဟာ ဖားကန့်မြို့နယ်ထဲက ကျောက်စိမ်းလုပ်ကွက်တွေကို ထိန်းချုပ်ဖို့ရည်ရွယ်ပြီး ဖားကန့်ကို စစ်ကြောင်း ထိုးတာ ဖြစ်နိုင်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က မှတ်ချက်ပေးပါတယ်။

  5. မင်္ဂလာပါ။ ဧပြီ ၂၀ ရက်ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။