မန်ယူ နည်းပြအာမိုရင် ထုတ်ပယ်ခံရမှု နောက်ကွယ်က အချက်များ

ရူဘင်အာမိုရင်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ရာထူးကနေ ထွက်ခွာသွားပြီဖြစ်တယ်လို့ အသင်းက ကြေညာတဲ့သတင်းအပါအဝင် ဇန်နဝါရီ ၅ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းတွေကို တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ဟာသ်သားရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ကို ဗုံးထိမှန်ခဲ့ပြီး မိသားစုလိုက် သေဆုံး
  • စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြားတိုက်ပွဲဖြစ်နေတဲ့ ကသာနဲ့ ဂန့်ဂေါ ကို စစ်တပ်က လေကြောင်း ဆက်တိုက်တိုက်ခိုက်
  • ဗင်နီဇွဲလားခေါင်းဆောင်သစ်အနေနဲ့ ပူးပေါင်းမှုမလုပ်ရင် မာဒူရို ထက်ဆိုးတဲ့ အကျိုးဆက်ရမယ်လို့ ထရမ့်သတိပေး
  • ပြီးခဲ့တဲ့ ဒီဇင်ဘာတစ်လအတွင်းမှာ မြန်မာစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေကို ညပိုင်း မှာ ပိုတိုးလုပ်လာ
  • ဆားလင်းကြီးမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်
  • ခေတ်မီမျိုးချစ်တပ် တစ်တပ်အဖြစ် ရည်မှန်းပြီး စစ်တပ်ကို တည်ဆောက်နေတယ်လို့ စစ်ခေါင်းဆောင် ပြော
  • တရုတ်ဘက်ကို ကုန်တင်ယာဉ်အစီးရေ ၂၀၀ ကျော် နေ့စဉ် ထွက်ခွာနေ
  • ကိုးကန့်ကတော့ ကုန်သွယ်ရေးရာသီ အမြင့်ဆုံးအချိန်မှာ မဟာဗျူဟာ ၄ ရပ်ဆောင်ရွက်နေတယ်လို့ ပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇန်နဝါရီ ၅ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဒီနေ့တစ်နေ့တာ စုစည်းဖော်ပြခဲ့တဲ့ထူးခြားသတင်းတွေကို အခုစာမျက်နှာမှာပဲ တစုစည်းတည်းပြန်လည်ဖတ်ရှုနိုင်ပါတယ်။

  2. ခင်ပွန်းထက် နိုင်ငံရေးသြဇာရှိနှင့်ခဲ့သူ ဗင်နီဇွဲလားသမ္မတကတော်

    ဗင်နီဇွဲလားသမ္မတကတော် စီလီယာ ဖလောရက်စ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဗင်နီဇွဲလားသမ္မတကတော် စီလီယာ ဖလောရက်စ်

    စီလီယာ ဖလောရက်စ်ဟာ ဗင်နီဇွဲလားနိုင်ငံမှာ သမ္မတကတော်ဆိုတဲ့အဆောင်အယောင်ထက် ပိုတဲ့သူတစ်ဦးဖြစ်ခဲ့တာ ဟိုးအရင်ကကာလတွေကတည်းကပါ။

    ဗင်နီဇွဲလား သမ္မတ နီကိုလက်စ် မာဒူရိုရဲ့ ဇနီးဖြစ်တဲ့သူဟာ အစိုးရအဖွဲ့ထဲမှာ အထင်ပေါ်ဆုံး အမျိုးသမီးတွေထဲက တစ်ဦးဖြစ်ပါတယ်။​ သူ့ကိုထောက်ခံသူတွေဆိုရင် ''ရှေ့က သူရဲကောင်း'' လို့တောင် မကြာခဏ ရည်ညွှန်းခေါ်ဝေါ်လေ့ရှိကြပါတယ်။​

    ၁၉၅၆ ခုနှစ်ဖွား စီလီယာဟာ သူ့ရဲ့နိုင်ငံရေးခရီးလမ်းကြောင်းကို ခင်ပွန်းဖြစ်သူနဲ့အပြိုင် ဖောက်ခဲ့သူလို့တောင်ဆိုနိုင်ပြီး အတိတ်ကာလတချို့မှာ ခင်ပွန်းဖြစ်သူ ရယူခဲ့တဲ့ရာထူးထက် မြင့်တဲ့ ရာထူးတွေကိုလည်း ယူခဲ့သူဖြစ်ပါတယ်။​

    ပြီးခဲ့တဲ့တစ်ပတ် စနေနေ့မှာတော့ ဗင်နီဇွဲလားနိုင်ငံထဲအထိ အမေရိကန်က ဝင်ရောက်ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးမှာ သူရော၊ ခင်ပွန်းဖြစ်သူရော အဖမ်းခံလိုက်ရပါတယ်။ အခုတော့ သူတို့ နှစ်ယောက်စလုံးဟာ နယူးယောက်က တရားရုံးမှာ မူးယစ်မှောင်ခိုကူးမှု၊ လက်နက်မှုတွေနဲ့ တရားရင်ဆိုင်နေရပြီဖြစ်ပါတယ်။

    ခင်ပွန်းထက် နိုင်ငံရေးသြဇာရှိနှင့်ခဲ့သူ ဗင်နီဇွဲလားသမ္မတကတော် အကြောင်း ဒီလင့်ခ်မှာ နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

  3. နည်းပြအာမိုရင် ထုတ်ပယ်ခံရခြင်းနောက်ကွယ်ကအချက်များ

    မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့က လိဒ်စ်ယူနိုက်တက်နဲ့ ပွဲမှာ ၁ ဂိုး စီသရေကျခဲ့ပါတယ်။

    အဲဒါကြောင့် ရူဘင်အာမိုရင်ဟာ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာရခဲ့သလို နောက်ဆုံး ၁၁ ပွဲအတွင်းမှာလည်း နိုင်ပွဲက ၃ ပွဲသာ ရှိပါတယ်။

    သူဟာ စုစုပေါင်း ၆၃ ပွဲ ကိုင်ခဲ့ရာမှာ ထက်ဝက်ကျော်မှာ နိုင်ပွဲ မရခဲ့ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

    သူအသင်းက ထွက်ခွာသွားချိန်မှာ ၂၄ ပွဲနိုင်၊ ၁၈ ပွဲ သရေနဲ့ ရှုံးပွဲက ၂၁ ပွဲပါ။

    ဒါကြောင့် သူ့ရဲ့ အနိုင် ရာခိုင်နှုန်းက ၃၈.၁ ပဲရှိပါတယ်။ ယူနိုက်တက်အသင်းဟာလည်း ပြီးခဲ့တဲ့ ရာသီက အဆင့် ၁၅ ပဲ ရခဲ့တာကြောင့် သူတို့ အတန်းဆင်းခဲ့ရတဲ့ ၁၉၇၃-၇၄ ရာသီနောက်ပိုင်း ရမှတ်အနည်းဆုံး အဆိုးဆုံး ရာသီတခု ဖြစ်ခဲ့ပါတယ်။

    နောက်ပြီး သူကိုင်ခဲ့တဲ့ ကာလအတွင်း ပေးဂိုး ပေးရမှုကလည်း ၁.၅၃ ရှိပြီး အများဆုံးဖြစ်ကာ ဂိုးမပေးရတဲ့ ပွဲအရေအတွက်လည်း အနည်းဆုံး အဖြစ် ၁၅ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။

    မန်ချက်စတာ ယူနိုက်တက်ရဲ့ သမိုင်းမှာလည်း သူ့ထက် ရလဒ်ဆိုးတဲ့ မန်နေဂျာ ၅ ယောက်သာ ရှိခဲ့သလို သူကိုင်တွယ်နေတဲ့ ကာလအတွင်း ယူနိုက်တက်ထက် အမှတ်ရတာနည်းတဲ့ အသင်းဆိုလို့ တော့တင်ဟမ်၊ ဝက်စ်ဟမ်းနဲ့ ဝုဗ်စ်တို့ ၃ သင်းပဲ ရှိပါတယ်။

    အာမိုရင်ဟာ ယူနိုက်တက်ကို စရောက်တကည်းက နောက်တန်း အလယ်လူ ၃ ယောက်နဲ့ တောင်ပံ ခံစစ်သမား ၂ ယောက်ထား ကစားတဲ့ စနစ်ကို ဦးစားပေးခဲ့ပါတယ်။

    ဒါပေမယ့် ဒီဇင်ဘာ ၂၆ ရက်က အင်အားတောင့်တင်းတဲ့ နယူးကာဆယ် ယူနိုက်တက်နဲ့ ကန်ရမယ့် ပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းကြီးက ကစားသမားတွေ နိုင်ငံတကာပွဲတွေနဲ့ ဒဏ်ရာကြောင့် လူအင်အားနည်းနေတဲ့အတွက် လူငယ်ကစားသမားတွေ အများအပြားကို ပွဲထုတ်ရင်း အနိုင်ရခဲ့တဲ့ ပွဲမှာ နောက်တန်း ၄ ယောက်ထားကစားခဲ့ပါတယ်။

    အဲဒီနောက်ပွဲတွေမှာတော့ သူ အားသာတဲ့ နောက်တန်း ၃ ယောက် စနစ်ကို ပြန်ပြောင်း ကစားခဲ့ပြန်ပါတယ်။

    ဒီရာသီပရီးမီးယားလိဂ်မှာ အခြေအနေ အဆိုးဆုံး ဖြစ်နေတဲ့ ဝုဗ်စ် အသင်းနဲ့ ပွဲမှာ သရေကျခဲ့တာကြောင့် ဝေဖန်သံတွေ ထွက်လာပြန်ပါတယ်။

    တချို့သတင်းတွေမှာတော့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ဖူလ်ဟမ်ကို သရေကျတဲ့ ပွဲအပြီး ဖူလ်ဟမ်နည်းပြရဲ့ အာမိုရင်ရဲ့ စနစ်ကို ဘယ်လို တန်ပြန် တိုက်စစ်ကစားနိုင်ခဲ့တယ် ဆိုတဲ့ မှတ်ချက်စကားတွေကြောင့် ယူနိုက်တက်ရဲ့ ဘောလုံးသမားသစ် ရှာဖွေဝယ်ယူရေး အကြီးအကဲ ခရစ္စတိုဖာ ဗစ်ဗဲလ် က အာမိုရင်ကို စနစ်ပြောင်းကစားဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုကြပါတယ်။

    အာမိုရင်ကို ခန့်ထားစဉ်က နည်းပြချုပ်အဖြစ် ခန့်ထားခဲ့တာ ဖြစ်ပြီး ကစားသမားသစ် ခေါ်ယူရေးနဲ့ ပတ်သက်လို့ သဘောကွဲလွဲမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

    နောက်ပြီး ဘောလုံးရေးရာ ညွန်ကြားရေးမှူးအဖြစ် တာဝန်ယူထားတဲ့ ဂျေဆင် ဝေးလ်ကောက်စ်နဲ့လည်း ဆက်ဆံရေးတွေ တင်းမာနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။ အထူးသဖြင့် ဇန်နဝါရီ အပြောင်းအရွေ့ ဈေးကွက် ဖွင့်တဲ့ နောက်ပိုင်း ပိုပြီးရေချိန်မြင့်လာတယ်လို့ ဆိုပါတယ်။

    တနင်္ဂနွေနေ့က လိဒ်စ်ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ပွဲအပြီးမှာတော့ အမ်မိုရင်က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ သူဟာ နည်းပြမဟုတ် မန်နေဂျာလုပ်ဖို့ ရောက်လာခဲ့တာ ဖြစ်ကြောင်းနဲ့ အသင်းက သူ့နေရာမှာ အစားထိုးဖို့ လူမလာမချင်း စာချုပ်သက်တမ်း ကျန်တဲ့အထိလုပ်မယ်။

    သူထွက်မှာ မဟုတ်ဘူးလို့ ပြောခဲ့သလို လူသစ်ရှာတဲ့သူနဲ့ ဘောလုံး ဒါရိုက်တာတို့ သူတို့ အလုပ်သူတို့လုပ်၊ သူလည်း နည်းပြအလုပ်လုပ်မယ်လို့ ဆိုခဲ့ပါတယ်။

    ဒီသတင်းစာရှင်းလင်းပွဲမှာ ပေါက်ကွဲခဲ့ပြီးနောက်မှာ အသင်းဟာလည်း သူ့ကို ဆက်ထားပြီး လိုအပ်တာတွေ ဖြည့်ဆည်းပေးမလား ထုတ်ပယ်ပစ်ရမလား ဆိုတာကို ဆုံးဖြတ်ရမယ့် အခြေအနေကို ရောက်သွားခဲ့ပါတယ်။

    အာမိုရင် လိုချင်တာက သူ့ရဲ့ နည်းပြအလုပ်မှာ ဘောလုံး ဒါရိုက်တာ ဝေးလ်ကောက်စ်ရဲ့ စွက်ဖက်မှုတွေ ကင်းစေချင်တာ ဖြစ်ပေမယ့် ယူနိုက်တက်ကတော့ ဝေဖန်အကြံပြုပေးချက်တွေကို လက်မခံချင်ဘဲ အကြိမ်ကြိမ် ငြင်းဆန်ခဲ့တယ်လို့ ရှုမြင်ခဲ့တာ ဖြစ်ပါတယ်။

  4. မန်ယူအသင်း နည်းပြအာမိုရင် ရာထူးက ထုတ်ပယ်ခံရ

    ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်

    ရူဘင်အာမိုရင်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ရာထူးကနေ ထွက်ခွာသွားပြီဖြစ်တယ်လို့ အသင်းက ကြေညာပါတယ်။

    ရူဘင့်ကို ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာလမှာ ခန့်အပ်ခဲ့တာဖြစ်ပြီး အသင်းကို ယူအီဖာရဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲတက်သည်အထိ ဦးဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

    လက်ရှိ ရာသီမှာတော့ အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၆ နေရာမှာရောက်နေတာကြောင့် အသင်းရဲ့ ဦးဆောင်သူတွေက အပြောင်းအလဲလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

    ဒါကြောင့် ပရီးမီးယားလိဂ်မှာ အမြင့်ဆုံးတနေရာကို ရောက်အောင် စွမ်းဆောင်ဖို့ အခွင့်အရေး တခုရလာစေမယ်လို့ ပြောပါတယ်။ ရူဘင့်ကိုလည်း သူ့ရဲ့ အသင်းအပေါ် စွမ်းဆောင်ပေးခဲ့မှုတွေအတွက် ကျေးဇူးတင်ကြောင်းနဲ့ အနာဂတ်အတွက်လည်း ဆုမွန်ကောင်းတောင်းပေးကြောင်း ဖော်ပြထားပါတယ်။

    အသင်းရဲ့ ယာယီနည်းပြအဖြစ် ဒါရန်ဖလက်ချာက လာမယ့် ဗုဒ္ဓဟူးနေ့ ကစားမယ့် ဘန်လေနဲ့ပွဲမှာ စတင် တာဝန်ယူမှာဖြစ်တယ်လို့ ဆိုပါတယ်။ မန်ယူအသင်း နည်းပြ အာမိုရင်ဟာ လာမယ့် ၂၀၂၇ ခုနှစ်အထိ မန်ယူအသင်းနဲ့ စာချုပ်ချုပ်ဆိုထားတာဖြစ်ပါတယ်။

    အသင်းရဲ့စီမံခန့်ခွဲမှုအပေါ် ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ရာထူးက ထုတ်ပယ်ခံရတာလို့ ကမ္ဘာ့အားကစား သတင်းတွေက ဖော်ပြပါတယ်။

    အာမိုရင်ရဲ့ လူမှုစာမျက်နှာမှာတော့ အသင်းတာဝန်ရှိသူတွေနဲ့အမြင်မတူမှုတွေဖြစ်ခဲ့ပြီးနောက် သူ့ရဲ့ ဝေဖန်မှုကြောင့် မန်ချက်စတာ ယူနိုက်တက်က ဒီနေ့မှာ ချက်ချင်းအရေးယူပြီး သူနဲ့ စာချုပ်ကို ပယ်ဖျက်လိုက်တယ်လို့ ရေးထားပါတယ်။

    မန်ယူအသင်းဟာ ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်ကို ၂၀၂၄ နိုဝင်ဘာမှာ နည်းပြအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

  5. ဟားခါးမြို့နယ်ထဲ စစ်တပ်လေကြောင်းတိုက်ခိုက်မှု မိသားစုလိုက်သေဆုံး

    ဟာလ်သားရွာက မိသားစုလိုက်သေဆုံး

    ဓာတ်ပုံ ရင်းမြစ်, CDF ဟားခါး

    ဓာတ်ပုံ ပုံစာ, ဟာလ်သားရွာက မိသားစုလိုက်သေဆုံး

    ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ထဲက ဟာလ်သားနဲ့ ဟိုင်ဖိုင်းရွာတွေကို ဒီနေ့ မနက် ၁ နာရီခွဲခန့်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မိသားစုလိုက်သေဆုံးခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်(CDF)ဟားခါးကနေ သိရပါတယ်။

    ဟာသ်သားရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ကို ဗုံးထိမှန်ခဲ့ပြီး ဇနီးမောင်နှံနဲ့ သူတို့ရဲ့ကလေးငယ် ၂ ဦး၊ စုစုပေါင်းမိသားစုဝင် ၄ ဦးစလုံးသေဆုံးခဲ့ပါတယ်။

    ကလေးငယ်တွေနဲ့ မိခင်ဖြစ်သူဟာ နေရာမှာတင်သေဆုံးခဲ့တာဖြစ်ပြီး ဖခင်ကတော့ ဆေးရုံမှာ ဆေးကုသနေရင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    “ဒီရွာတွေက ဟားခါးမြို့ပေါ်ကနေဆို ၄၅ မိုင်လောက်ဝေးပါတယ်။ အနီးအနားမှာတိုက်ပွဲလည်း မရှိပါဘူး။ တော်လှန်ရေးတပ်သားတွေနေတဲ့နေရာလည်းမဟုတ်ပါဘူး” လို့ CDF ဟားခါး တာဝန်ရှိသူတဦးက ပြောပါတယ်။

    ဟိုင်ဖိုင်းရွာကို လေကြောင်းတိုက်ခိုက်တဲ့ဖြစ်စဉ်မှာတော့ ကျေးရွာဟောခန်းမရှိရာ အဆောက်အဦ ထိမှန်ပျက်စီးပြီး လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။ ကျေးရွာတွေမှာနာရေးအတွက်ဆောင်ရွက်နေကြရပြီး ပြည်သူတွေကတော့ နီးစပ်ရာတောင်ယာတွေထဲကို စစ်တိမ်းရှောင်နေကြပါတယ်။

    အခုလူသေဆုံးမှုဖြစ်တဲ့ ဟာလ်သားရွာဟာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်တုန်းကလည်း စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဲဒီဖြစ်စဉ်မှာတော့ လူ ၆ ဦးထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

    ဟားခါးမြို့ကို စစ်တပ်ကထိန်းချုပ်ထားပြီး ဒီဇင်ဘာ ၂၈ ရက်နေ့က ရွေးကောက်ပွဲအပိုင်း ၁ ကို ပြုလုပ်ခဲ့ပါတယ်။

    ရွေးကောက်ပွဲမလုပ်ခင်ရက်ပိုင်းအလို ၂၆ ရက်နေ့တုန်းကတော့ ဟားခါးမြို့ပေါ် အခြေစိုက်တဲ့ ခြေလျင်တပ်ရင်း ၂၆၆ ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ရဲ့လေကြောင်းနဲ့တန်ပြန်တိုက်ခိုက်မှုကြောင့် ပြန်ဆုတ်ခွာခဲ့ရပါတယ်။

  6. တိုက်ပွဲဖြစ်နေတဲ့ ကသာနဲ့ ဂန့်ဂေါကို စစ်တပ်က ဆက်တိုက်လေကြောင်းတိုက်ခိုက်နေ

    မကွေးတိုင်း၊ ဂန့်ဂေါက တော်လှန်‌ရေးတပ်တွေ

    ဓာတ်ပုံ ရင်းမြစ်, ဂန့်ဂေါခရိုင်စစ်ဌာန

    ဓာတ်ပုံ ပုံစာ, မကွေးတိုင်း၊ ဂန့်ဂေါက တော်လှန်‌ရေးတပ်တွေ

    စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြားတိုက်ပွဲဖြစ်နေတဲ့ စစ်ကိုင်းတိုင်း ကသာမြို့ပေါ်နဲ့ မကွေးတိုင်း ဂန့်ဂေါခရိုင်ထဲကို စစ်တပ်ကနေ့စဉ်လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေတယ်လို့ စစ်ရေး အရင်းအမြစ်တွေကပြောပါတယ်။

    “တိုက်ပွဲက ကလေးနယ်နဲ့ ဂန့်ဂေါနယ်အစပ်က ပျူရွာ (ပြည်သူ့စစ်အထိုင်ချကျေးရွာ) တွေမှာ ဖြစ်နေတယ်” လို့ ဂန့်ဂေါစစ်ရေး အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။

    မနေ့ ဇန်နဝါရီ ၄ ရက် မနက်ပိုင်းမှာရော ညပိုင်းမှာပါ ဂန့်ဂေါမြို့နယ်မြောက်ဘက်ခြမ်းကို ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ် Y 12 ရဟတ်ယာဉ်နဲ့ ၁၂ ကြိမ်လာပြီး ဗုံးအလုံးရေ ၈၀ ကျော်ကြဲချခဲ့တယ် လို့ ယောတပ်တော်ကပြောပါတယ်။

    ဒီလိုကြဲချခဲ့တဲ့ဗုံးတွေဟာ တောင်ခင်ရမ်းရွာ၊ တောင်ခင်ရန်းတောကျောင်းအနီးနဲ့ တော်ဝင်ရွာတို့ ဘက်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး တောကျောင်းနားမှာ ပေါက်ကွဲမှုကြောင့် နှလုံးရောဂါအခံရှိတဲ့ သံဃာတော်တစ်ပါး ထိတ်လန့်ပျံလွန်တော်မူခဲ့တယ်လို့ ဆိုပါတယ်။

    ဒီနေ့ ဇန်နဝါရီ ၅ ရက် မနက်ပိုင်းမှာလည်း တောင်ခင်ရန်းရွာထဲကို စစ်တပ်က ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။ တောင်ခင်ရန်းရွာဟာ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးတွေအခိုင်အမာတပ်စွဲထားတဲ့ မြောက်ခင်ရန်းရွာနဲ့ တရွာအကျော်မှာတည်ရှိပြီး စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ကျေးရွာတွေဖြစ်ပါတယ်။

    နောက်ထပ်တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီမြစ်အနောက်ခြမ်းက ကသာမြို့ပေါ်တိုက်ပွဲမှာလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေပါတယ်။

    “သူတို့ခံစစ်ပြင်နေတယ်။ တစ်နေ့လုံး ဂျက်ဖိုက်တာ လာနေတယ်” လို့ ကသာစစ်ရေးသိရှိသူတစ်ဦးက ပြောပါတယ်။

    ကသာတိုက်ပွဲမှာတော့ ပညာရေးဒီဂရီကောလိပ်အပါအဝင် မြို့အဝင်ဂိတ်တွေကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားပြီး အကျဉ်းထောင်ကိုပါ စီးနင်းနိုင်ပြီလို့ သတင်းတွေထွက်ပေါ်နေပေမဲ့ အကျဉ်းထောင်ဖြစ်စဉ်ကိုတော့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

    အခုစစ်ရေးတင်းမာနေတဲ့ ကသာမြို့မှာ ရွေးကောက်ပွဲ အပိုင်း ၁ ပြုလုပ်ခဲ့ပြီး ဂန့်ဂေါမြို့ပေါ်မှာတော့ ရွေးကောက်ပွဲ အပိုင်း ၂ လုပ်မယ်လို့ စစ်တပ်ကကြေညာထားတာပါ။

    အခုတိုက်ပွဲဖြစ်စဉ်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေအကြောင်း စစ်ကော်မရှင်ပြန်ကြားရေးအဖွဲ့က ဒီနေ့ ညနေပိုင်းအထိ တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။

  7. ဗင်နီဇွဲလားခေါင်းဆောင်သစ်အနေနဲ့ ပူးပေါင်းမှုမလုပ်ရင် မာဒူရို ထက်ဆိုးတဲ့ အကျိုးဆက်ရမယ်လို့ ထရမ့်သတိပေး

    သတင်းထောက်တွေကို ဗင်နီဇွဲလားအခြေအနေဖြေကြားနေတဲ့ သမ္မတထရမ့်

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, သတင်းထောက်တွေကို ဗင်နီဇွဲလားအခြေအနေဖြေကြားနေတဲ့ သမ္မတထရမ့်

    ဗင်နီဇွဲလားရဲ့ ခေါင်းဆောင်အသစ် ဒယ်လ်စီ ရိုဒရီးဂတ်စ် အနေနဲ့ အ‌မေရိကန်ရဲ့ အစီအစဥ်တွေကို ''ပူပေါင်းလိုက်နာမှု မရှိရင်'' ဆိုရင် သမ္မတ မာဒူရို ကြုံရတာထက်ပိုကြီးမားတဲ့ အကျိုးဆက်နဲ့ ရင်ဆိုင်ရမယ်” လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပါတယ်။

    အမေရိကန်မဂ္ဂဇင်းတိုက်တခုဖြစ်တဲ့ The Atlantic မှာ မာဒူရိုတို့ဇနီးမောင်နှံကို တနင်္လာနေ့မှာ ရုံးထုတ်မယ့်အကြောင်းပြောရင်း သမ္မတ ထရမ့်က အခုလို ဗင်နီဇွဲလားခေါင်းဆောင်အသစ်အပေါ် သတိပေးချက်ထည့်ပြောသွားခဲ့တာပါ။

    “ဗင်နီဇွဲလားမှာ အာဏာရှိသူပြောင်းသွားတယ်လို့ပြောမလား ဘယ်လိုပြောချင်လဲ။ ဘာပဲဖြစ်ဖြစ် အခုဖြစ်နေတာ ထက်ပိုကောင်းလာမှာပဲ။ ဒီထက်ပိုဆိုးစရာမရှိဘူး” လို့ ဗင်နီဇွဲလားအခြေအနေနဲ့ ပတ်သက်လို့လည်း သမ္မတထရမ့်က ထည့်ပြောသွားပါတယ်။

    သမ္မတ ဖမ်းဆီးထိန်းသိမ်းခံရတာ ၄၈ နာရီရှိလာတဲ့နောက် ဒုတိယသမ္မတ ဒယ်လ်စီ ရိုဒရီးဂတ်စ် က ယာယီသမ္မတအဖြစ်ဦးဆောင်နေပြီး မာဒူရိုကို ပြန်လွှတ်ဖို့ တောင်းဆိုနေပါတယ်။

    ဗင်နီဇွဲလား ယာယီသမ္မတကတော့ အမေရိကန်အစိုးရကို ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဖိတ်ခေါ်ထားပြီး သူ့ ပြည်သူတွေဟာ “ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် ထိုက်တန်ပြီး စစ်ပွဲဖြစ်ဖို့မဟုတ်ဘူး” လို့ ဆိုပါတယ်။

    တနင်္ဂနွေနေ့ ဇန်နဝါရီ ၄ ရက်နေ့မှာပြုလုပ်တဲ့ သူပထမဆုံးအကြိမ်ဦးဆောင်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာပြောခဲ့တာပါ။

    အကြမ်းဖက်ကျူးလွန်သူတွေကို ချုပ်နှောင်တဲ့ထောင်လို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အမေရိကန်နိုင်ငံ၊ ဘရွတ်ကလင်းမြို့က ထိန်းသိမ်းရေးစခန်းမှာဖမ်းဆီးထားတဲ့ ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရိုနဲ့ ဇနီးသည်တို့ ဖက်ဒရယ်တရားရုံးရှေ့မှောက် ဒီနေ့ တနင်္လာနေ့ ဒေသစံတော်ချိန်အတိုင်းရောက်လာဖို့ရှိပါတယ်။

    တရားရုံးမှာ သူတို့ဇနီးမောင်နှံကို အမေရိကန်ကိုမူးယစ်‌ဆေးတန်နဲ့ချီတင်သွင်းတဲ့လုပ်ရပ်တွေကနေ အကျိုးအမြတ်ရနေကြောင်း အချက်အလက်တွေပါတဲ့ ၂၅ မျက်နှာရှိတဲ့ စွဲချက်စာတမ်းနဲ့ စစ်ဆေးကြားနာ ကြားနာဖို့ရှိနေပါတယ်။

    မာဒူရိုအာဏာရှိချိန်တုန်းကတော့ ဒီစွပ်စွဲချက်တွေကို အမြဲငြင်းဆန်ခဲ့တာပါ။

  8. စစ်တပ်က ညပိုင်း လေကြောင်းစစ်ဆင်ရေးတွေကို ပိုလုပ်လာတယ်လို့ MDSI ထုတ်ပြန်

    ဒီဇင်ဘာ ၁၀ ရက် ညပိုင်းလေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ မြောက်ဦးဆေးရုံမြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, AA

    ဓာတ်ပုံ ပုံစာ, ဒီဇင်ဘာ ၁၀ ရက် ညပိုင်းလေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ မြောက်ဦးဆေးရုံမြင်ကွင်း

    ပြီးခဲ့တဲ့ ဒီဇင်ဘာတစ်လအတွင်းမှာ မြန်မာစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေကို ညပိုင်း မှာ ပိုတိုးလုပ်လာတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ရဲ့ ဒီနေ့ထုတ်စစ်တမ်းမှာ ဖော်ပြပါတယ်။

    ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း ညပိုင်းလေကြောင်းတိုက်ခိုက်မှုတွေဟာ နိုဝင်ဘာလမှာ ၁၃ ရာခိုင်နှုန်းသာရှိခဲ့ပေမဲ့ ဒီဇင်ဘာမှာတော့ ၂၇ ရာခိုင်နှုန်းအထိ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

    ဒီလို ညပိုင်းလေကြောင်းတိုက်ခိုက်မှုတိုးလာတာဟာ အရပ်သားပြည်သူတွေရဲ့ အိပ်စက်ချိန်မှာ စိတ်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုနဲ့ အထိအခိုက်များအောင်ရည်ရွယ်တာလို့ MDSI ရဲ့ စစ်တမ်းမှာ ဖော်ပြပါတယ်။

    ဒီဇင်ဘာအတွင်းလေကြောင်းတိုက်ခိုက်မှု ၁၁၉ ကြိမ်ရှိခဲ့ပြီး မနက်ပိုင်းလေကြောင်းတိုက်ခိုက်မှု ၈၇ ကြိမ်ရှိကာ ညပိုင်းက ၃၂ ကြိမ်ရှိခဲ့ပါတယ်။ ညပိုင်းအတွက် သီးခြားစစ်တမ်းအရ ဆိုရင် အဲဒီ ၃၂ ကြိမ်က ညပိုင်းတိုက်ခိုက်မှု မှာ အကြိမ်ရေ တိုးလာတာလို့ဆိုပါတယ်။

    MDSI ဟာ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာပါဝင်တဲ့ စစ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်ဘက်ဆိုင်ရာ သုတေသနအဖွဲ့တဖွဲ့ဖြစ်ပါတယ်။

    MDSI ရဲ့ လေ့လာချက်အရ အရပ်သားပြည်သူ ၁၇၆ ဦးသေဆုံးကာ ၃၂၅ ဦးထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ စစ်ကိုင်းတိုင်းကို အများဆုံးလေကြောင်းတိုက်ခိုက်ခဲ့ပြီး မကွေးက ဒုတိယနဲ့ ရခိုင်က တတိယအများဆုံး တိုက်ခိုက်ခံခဲ့ရပါတယ်။

    စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားပြည်သူတွေနဲ့သက်ဆိုင်တဲ့ နေရာတွေကို ပစ်မှတ်ထားခဲ့တာကိုတွေ့ရပြီး ကျေးရွာ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေးရုံတွေအပါအဝင် အများပြည်သူသွားလာတဲ့နေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

    ဒါအပြင် စစ်တပ်ဟာ နိုဝင်ဘာလနဲ့ နှိုင်းယှဉ်ရင် ဒီဇင်ဘာမှာ လေကြောင်းတိုက်ခိုက်မှုတွေကို အကြိမ်ရေပိုတိုးလုပ်ခဲ့ပြီး လေကြောင်းအားကို အလွန်အကျွံအားထားလာတယ်လို့ MDSI ရဲ့ စစ်တမ်းမှာ ဖော်ပြပါတယ်။

    စစ်တပ်ရဲ့ ဒီဇင်ဘာလေကြောင်းတိုက်ခိုက်မှုတွေထဲ မြောက်ဦးတိုက်နယ်ဆေးရုံဖြစ်စဉ်မှာ ၃၃ ဦးအထိသေဆုံးခဲ့သလို မရကန်ရွာဖြစ်စဉ်မှာလည်း ၂၃ ဦးအထိသေဆုံးခဲ့ပါတယ်။ ၂၀၂၆ ဇန်နဝါရီ နှစ်ဆန်းပိုင်းမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်လုပ်နေပြီး ဇန်နဝါရီ ၄ ရက် ဆားလင်းကြီး မတောင့်တတိုက်နယ်ဆေးရုံဖြစ်စဉ်မှာ ပြည်သူ ၃ ဦးသေဆုံးခဲ့ပါတယ်။

  9. ဆားလင်းကြီးမြို့နယ်ထဲ တိုက်နယ်ဆေးရုံကို စစ်တပ်ဗုံးကြဲလို့ ဆရာဝန်အပါအဝင် ၃ ဦး သေဆုံး

    စက်တပ်လေထီးပျံသန်းနေတဲ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စက်တပ်လေထီးပျံသန်းနေတဲ့မြင်ကွင်း

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အနောက်ဘက်ခြမ်းက မတောင့်တရွာမှာရှိတဲ့တိုက်နယ်ဆေးရုံကို မနေ့ မွန်းလွဲပိုင်းမှာ စစ်တပ်က စက်တပ်လေထီးသုံးပြီး ဗုံးကြဲခဲ့တာကြောင့် ဆရာဝန်အပါအဝင် ၃ ဦး သေဆုံးတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက သိရပါတယ်။

    စစ်တပ်က မနေ့ ဇန်နဝါရီ ၄ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်မှာ တိုက်နယ်ဆေးရုံကို ဗုံး ၂ လုံးကြဲချိန် ဒီလူတွေ ဆုံးပါးခဲ့တာလို့လည်း အခြေအနေသိသူက ပြောပါတယ်။​

    “ဆရာဝန်ရယ်၊ စားဖိုဆောင်က စားဖိုမှူး ဦးလေးကြီးနဲ့ သူ့မြေးတို့ နေရာမှာတင် ပွဲချင်းပြီးဆုံးတာပါ။ ဒဏ်ရာရတဲ့သူလည်းများတယ်၊ စိုးရိမ်ရတဲ့သူတွေရှိနေတယ်” လို့ အခြေအနေသိရှိသူတဦးက ပြောပါတယ်။

    ဆားလင်းကြီးမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ဖြစ်လို့ ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

    ဒါပေမဲ့ ဆားလင်းကြီးအနောက်ခြမ်းနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ပုလဲမြို့နယ်က လက်တောင်းကြီးရွာဘက်မှာတော့ ဒီဇင်ဘာလကုန်ပိုင်းမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။

    မတောင့်တတိုက်နယ်ဆေးရုံ ဗုံးကြဲခံရမှုနဲ့ပတ်သက်လို့ ဒီနေ့ နေ့လယ်ပိုင်းအထိ တစုံတရာထုတ်ပြန်လာတာ မရှိပါဘူး။

  10. ကမ္ဘာနဲ့ရင်ဘောင်တန်းပြီး စစ်ပွဲတွေ ဆင်နွှဲနိုင်အောင် ခေတ်မီမျိုးချစ်တပ်ဖြစ်အောင် တည်ဆောက်နေတယ်လို့ စစ်ခေါင်းဆောင်ပြော

    ဆုပေးပွဲမြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, ဆုပေးပွဲမြင်ကွင်း

    သမားရိုးကျစစ်ပွဲတွေ ဆင်နွှဲနိုင်ဖို့နဲ့ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ အသုံးချခံ မဖြစ်အောင် ခေတ်မီမျိုးချစ်တပ် တစ်တပ်အဖြစ် ရည်မှန်းပြီး စစ်တပ်ကို တည်ဆောက်နေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

    လက်ရှိ ကမ္ဘာ့နိုင်ငံတွေဟာ သူတို့နိုင်ငံနယ်နိမိတ်တွေခိုင်မြဲဖို့အတွက် စစ်အင်အားတွေတိုးချဲ့နေပြီး ခေတ်မီလက်နက်အသစ်အဆန်းတွေ စမ်းသပ်တာကိုလည်း အပြိုင်အဆိုင်လုပ်နေတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

    နေပြည်တော်မှာ မနေ့ ဇန်နဝါရီ ၄ ရက်တုန်းက ပြုလုပ်တဲ့ လွတ်လပ်ရေးနေ့ တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာဂုဏ်ထူးဆောင် တံဆိပ်တွေချီးမြှင့်တဲ့ပွဲမှာ အခုလိုပြောခဲ့တာပါ။

    ကမ္ဘာ့နိုင်ငံရေးမှာ အင်အားချိန်ခွင်လျှာပျက်ယွင်းတာ၊ ဗိုလ်ကျစိုးမိုးတာ၊ အင်အားပြိုင်ဆိုင်မှု ကိစ္စရပ်တွေနဲ့ ရုပ်သေးအစိုးရဖြစ်အောင် ကြိုးစားမှုတွေ များလာလို့ မြန်မာစစ်တပ်ကို တိုက်စွမ်းရည်နဲ့ တိုက်စွမ်းအားကောင်းအောင် တည်ဆောက်နေတာလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

    စစ်အာဏာသိမ်းပြီးနောက် ဘဏ္ဍာနှစ်အလိုက် စစ်အသုံးစရိတ်ကိုအများဆုံး အသုံးပြုခဲ့ပြီး တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေအပြင် ဒရုန်းလိုနည်းပညာမြှင့်စစ်လက်နက်တွေကိုပါ စစ်တပ်က ဝယ်ယူဖြည့်တင်းနေတာဖြစ်ပါတယ်။

    တဖက်မှာတော့ ပြည်တွင်းစစ်အတွင်းမှာ အရပ်သားထိခိုက်သေဆုံးမှုများတဲ့လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ဆင်ရေးသဖွယ် စစ်တပ်ကအသုံးပြုနေတယ်လို့ စစ်ရေးစောင့်ကြည့်တဲ့ပြည်တွင်း‌ရော ပြည်ပအဖွဲ့တွေကပါ ထောက်ပြပါတယ်။

    ၂၀၂၅ ခုနှစ်အတွင်း မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ထက် ၂၇ ဆအထိ ပိုတိုးလာတယ်လို့ ပဋိပက္ခတွေစောင့်ကြည့်တဲ့ လွတ်လပ်တဲ့အဖွဲ့အစည်း (ACLED) ရဲ့ စာရင်းက ဖော်ပြပါတယ်။

    စစ်ခေါင်းဆောင်ကတော့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနိုင်ဖို့အတွက် ရွေးကောက်ပွဲကျင်းပနေပြီး ဒီဇင်ဘာ ၂၈ ရက်မှာ ပထမပိုင်းကို ကျင်းပနိုင်ပြီလို့လည်း ထည့်ပြောပါတယ်။ မနေ့ကကျရောက်တဲ့ လွတ်လပ်ရေးနေ့ အတွက် အခမ်းအနားတွေဆက်တိုက်ပြုလုပ်ခဲ့ပြီး ညစာစားပွဲအခမ်းအနားမှာ ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ပါတီအကြီးအကဲ တွေပါ တက်ရောက်ခဲ့ကြပါတယ်။

  11. သူလျှိုတွေ၊ ဒရုန်းတွေ၊ သတ္တုဖြတ်ဂေါက်တွေကိုပါ သုံးခဲ့တဲ့ ဗင်နီဇွဲလားသမ္မတကိုဖမ်းဆီးမှု

    ဗင်နီဇွဲလားကနေ ခေါ်ထုတ်ခံရပြီးတဲ့နောက် ကာရေဘီယံ ပင်လယ်ထဲက အမေရိကန်ရဲ့ လေယာဥ်တင် စစ်သင်္ဘောကြီးပေါ်မှာ မြင်ရတဲ့ မာဒူရိုရဲ့ဓာတ်ပုံဆိုပြီး သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ truth ဆိုရှယ်အကောင့်ကနေ ထုတ်ပြန်ပါတယ်။​ မျက်လုံးကို အဝတ်စည်းပြီး နားကြပ်တပ်ထားတဲ့ မာဒူရိုကို ဓာတ်ပုံမှာ မြင်တွေ့ရ

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရိုရဲ့ လှုပ်ရှားမှု မှန်သမျှကို အမေရိကန် သူလျှိုတွေ စောင့်ကြည့်နေကြတာ လနဲ့ချီကြာနေပါပြီ။

    လူနည်းနည်းနဲ့ ကျဲကျဲဝိုင်းထားတဲ့ အဲဒီသူသျှိုအဖွဲ့ထဲမှာ ဗင်နီဇွဲလား အစိုးရအဖွဲ့ထဲက သတင်းရင်းမြစ်တစ်ဦးတောင်ပါဝင်ပါတယ်။​ သူတို့က အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ သမ္မတ မာဒူရိုတစ်ယောက် ဘယ်အချိန်အိပ်တယ်၊ ဘာစားတယ်၊ ဘာဝတ်တယ်အပြင် ယုတ်စွအဆုံး သူ့ အိမ်မွေး တိရစ္ဆာန်တွေကိုတောင် စောင့်ကြည့်ပါတယ်။​ ဒါက အမေရိကန်စစ်ဘက်ထိပ်တန်းအရာရှိတွေ ဘက်က ထွက်ကျလာတဲ့စကားတွေပါ။

    အဲဒီနောက် ဒီဇင်ဘာလ အစောပိုင်းမှာတော့ ''အလုံးစုံဖြေရှင်းရေးစစ်ဆင်ရေး'' လို့နာမည်ပေးထားတဲ့ စစ်ဆင်ရေးတစ်ခုကို နောက်ဆုံးအတည်ပြုနိုင်ပါပြီ။ ဒါဟာ လပေါင်းများစွာကြာအောင် ဇာတ်အကြိမ်ကြိမ်တိုက်၊ အတိမ်းအစောင်းမခံအောင်စီစဥ်ပြီးတဲ့နောက်မှာ အတည်ပြုနိုင်တာပါ။ လေ့ကျင့်ချိန်တုန်းကဆိုရင် အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့ အဝင်အထွက်လမ်းတွေကို မှတ်မိ သိရှိနေအောင်လို့ဆိုပြီး ကာရာကတ်စ်မြို့က မာဒူရိုရဲ့ လုံခြုံရေးအိမ် ပုံစံတူ တစ်ခုကို ဖန်တီးပြီး လေ့ကျင့်ခဲ့ကြပါတယ်။​

    အမေရိကန်က ဗင်နီဇွဲလား သမ္မတကို ဘယ်လိုဖမ်းဆီးခဲ့လဲ။ အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီးဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  12. ချင်းရွှေဟော်ဂိတ်ကနေ တရုတ်နဲ့ကုန်သွယ်ရေးပြန်လုပ်နေပြီလို့ ကိုးကန့်ပြော

    ချင်းရွှေဟော်နယ်စပ်ဂိတ်ကုန်သွယ်ရေးမြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, The Kokang

    ဓာတ်ပုံ ပုံစာ, ချင်းရွှေဟော်နယ်စပ်ဂိတ်ကုန်သွယ်ရေးမြင်ကွင်း

    မြန်မာ - တရုတ်နယ်စပ်မှာ ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားတဲ့ လောက်ကိုင်ခရိုင်၊ ချင်းရွှေဟော်နယ်စပ်ဂိတ်ကနေ တရုတ်ဘက်ကို နေ့စဥ် ကုန်သွယ်ရေး ပြန်လုပ်နေပြီလို့ ကိုးကန့်ဘက်က မနေ့ ကို ဇန်နဝါရီ ၄ ရက်ရက်စွဲနဲ့ သတင်းထုတ်လာပါတယ်။

    တရုတ်ဘက်ကို ကုန်တင်ယာဉ်အစီးရေ ၂၀၀ ကျော် နေ့စဉ် ထွက်ခွာနေပြီး ကုန်စည်စီးဆင်းမှုမြင့်တက်လာ နေတယ်လို့လည်း ဆိုပါတယ်။ နေ့စဉ်ကုန်သွယ်မှုတွေထဲ ကြံသယ်ယူပို့ဆောင်ရေးယာဉ်တွေက ၅၀ ရာခိုင်နှုန်းကျော်နဲ့ ပြောင်းဖူး သယ်ယူပို့ဆောင်ရေးယာဉ် ၄၀ ရာခိုင်နှုန်းခန့် ပါဝင်တယ်လို့ ဓာတ်ပုံနဲ့တကွဖော်ပြလာတာပါ။

    လက်ရှိကာလဟာ ကိုးကန့်အထူးဒေသထဲစိုက်ပျိုးရေးထွက်ကုန်တွေ ရိတ်သိမ်းချိန်ဖြစ်တာကြောင့် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးဂိတ်မှာ ကုန်စည်စီးဆင်းမှုမြင့်လာတာလို့ ကိုးကန့်ဘက်က ပြောပါတယ်။

    ချင်းရွှေဟော်နယ်စပ်ဂိတ်ကို ကိုးကန့်တပ်ဘက်က မနှစ် မတ်လကတည်းက ပြန်ဖွင့်ခဲ့ပေမဲ့ တရုတ်ဘက်က မဖွင့်ခဲ့တာကြောင့်နယ်စပ်ကုန်သွယ်ရေးမရှိဘဲ ရပ်တန့်နေခဲ့တာဖြစ်ပါတယ်။

    ဒါအပြင် ချင်းရွှေဟော်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအထိ အဝေးပြေးကုန်စည်သယ်ယူပို့ဆောင်မှုတွေ မရှိခဲ့ရာကနေ ကိုးကန့်ထုတ်ပြန်ချက်အရ အခု ၂၀၂၆ နှစ်ဆန်းပိုင်းမှာ ကုန်သွယ်မှုပြန်စလာတဲ့ သဘောလို့ နားလည်နိုင်ပါတယ်။

    ကိုးကန့်ကတော့ ကုန်သွယ်ရေးရာသီ အမြင့်ဆုံးအချိန်မှာ မဟာဗျူဟာ ၄ ရပ်ဆောင်ရွက်နေပြီး လမ်းကြောင်းခွဲခြား ထိန်းကျောင်းတာ၊ ယာဉ်အမျိုးအစားအလိုက် စီမံတာ၊ အချိန်ပိုင်းခြား ဖြတ်သန်းစေတာနဲ့ ရှင်းလင်းတဲ့လမ်းညွှန်ပေးတာတွေကို လုပ်ပေးနေတယ်လို့ ဆိုပါတယ်။

    “လမ်းကြောင်းကတော့ ပုံမှန်အတိုင်းသွားလာလို့ရနေပါပြီ။ နိုင်ငံသားမှတ်ပုံတင်တော့ ပြရတာပေါ့။ အစစ်အဆေးသိပ်မရှိပါဘူး” လို့ ချင်းရွှေဟော်ဘက်ခရီးသွားဝန်ဆောင်မှုပေးနေတဲ့ ယာဉ်မောင်း တဦးက ပြောပါတယ်။

    တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါတဲ့ နယ်စပ်ကနေ မန္တလေးအထိ လမ်းပိုင်းကို ကိုးကန့်တပ်၊ တအာင်းတပ် နဲ့ မြန်မာစစ်တပ်တို့က အပိုင်းလိုက်စိုးမိုးထားတဲ့အခြေအနေ ဖြစ်ပါတယ်။

    မြန်မာစစ်တပ်ကတော့ မန္တလေး - မတ္တရာ - စဉ့်ကူး - သပိတ်ကျင်း - မိုးကုတ် ကားလမ်းပိုင်းကို ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ပြန်ဖွင့်လှစ်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

  13. မင်္ဂလာပါ။

    ဇန်နဝါရီ ၅ ရက် နောက်ဆုံးရ မြန်မာနဲ့ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။