ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ပုဏ္ဏားကျွန်းမြို့နယ်က ယိုးငူရွာစျေးတန်း ဗုံးကြဲခံရမှု ၁၇ ဦးသေဆုံး - AA

မြင်းမူမြို့နယ်ထဲ ညအချိန် ဗုံးကြဲခံရလို့ ကလေးအပါအဝင် ၉ ဦးသေဆုံးတဲ့သတင်းအပါအဝင် ဖေဖော်ဝါရီ ၂၄ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • မြင်းမူမြို့နယ်ထဲက ဆီကြိတ်စက်လုပ်ငန်းလုပ်တဲ့အိမ် လေကြောင်းဗုံးကြဲခံရမှုမှာ သေဆုံးသူ ၁ ဦးထပ်တိုးလို့ ၁၀ ဦးအထိရှိလာ
  • ပုဏ္ဏားကျွန်းမြို့နယ်ထဲက ယိုးငူရွာထဲ စစ်တပ်လေကြောင်းဗုံးကျလို့ ကလေးငယ်တွေအပါအဝင် ၁၀ ဦးထက်မနည်းသေဆုံး
  • ဗိုလ်နဂါး စစ်တပ်နဲ့ ချိတ်ဆက်ပြီး ထွက်ပြေးလွတ်မြောက်အောင် ကူညီခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပုလဲမြို့နယ်ထဲက ဆရာတော် ဦးအရိယာဝံသ ဖမ်းဆီးစစ်ဆေးခံနေရ
  • ရန်ကုန်က ဖင်လန်နိုင်ငံသံရုံးကို ဖေဖော်ဝါရီ ၂၈ ရက်မှာ ပိတ်မယ်လို့ ဖင်လန်အစိုးရကြေညာ
  • မြန်မာက ပဋိပက္ခတွေ အဆုံးသတ်ဖို့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်သင့်တယ်လို့ အင်ဒိုနီးရှားတိုက်တွန်း
  • ကိုရီးယား- မြန်မာချစ်ကြည်ရေးတံတားအဆင်း ဒလဘက်ခြမ်း တံတား အသုံးပြုခ ကောက်ခံတဲ့နေရာအနီး YBS ယာဉ်တစ်စီး ကြမ်းခင်းကျွံကျလို့ ကားပေါ်မှာပါလာတဲ့ အသက် ၅ နှစ်အရွယ်ကလေးတစ်ဦး ပြုတ်ကျသေဆုံး
  • လွှတ်တော်သုံးရပ်ရဲ့ အစည်းအဝေးတွေကို မတ်လလယ်ကစပြီး ကျင်းပမယ်လို့ စစ်ကော်မရှင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ)ကနေ ကြေညာ
  • စစ်ကိုင်း၊ မြင်းမူမြို့နယ်‌ထဲက ဆီကြိတ်လုပ်ငန်းလုပ်တဲ့အိမ်ပေါ် လေကြောင်းဗုံးကျလို့ အသက် ၅ နှစ်အောက်ကလေးငယ်အပါ ၉ ဦး သေဆုံး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဖေဖော်ဝါရီ ၂၄ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. အမေရိကန်နိုင်ငံတည်ထောင်ဖို့ သမိုင်းတစ်လျှောက် ဝယ်ခဲ့တဲ့နယ်မြေများ

    အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အာတိတ်ဒေသက ဒိန်းမတ်ပိုင် တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတစ်ခုဖြစ်တဲ့ ဂရင်းလန်းကျွန်းကို ထိန်းချုပ်ဖို့ စောင့်ကြည့်နေချိန်မှာပဲ မြေတွေဝယ်ပြီး နယ်မြေချဲ့ထွင်ခဲ့တဲ့ အမေရိကန်ရဲ့ သမိုင်းကြောင်းကို သမိုင်းပညာရှင်တွေက ပြန်သုံးသပ်လာပါတယ်။

    "အတိတ်တုန်းကလည်း ဂရင်းလန်းလိုပဲ၊ အမေရိကန်အစိုးရက ဒီနယ်မြေတွေကို တခြားအင်အားကြီးနိုင်ငံတွေလက်ထဲ ရောက်မသွားခင် သိမ်းပိုက်ဖို့ လိုအပ်တယ်လို့ အကြောင်းပြခဲ့ဖူးပါတယ်" လို့ မစ်ဆိုရီတက္ကသိုလ်က သမိုင်းပညာရှင် ဂျေး ဆက်စတန်က ပြောပါတယ်။

    ထရမ့်က လုံခြုံရေးအရ အမေရိကန်အနေနဲ့ ဂရင်းလန်းကို "ပိုင်ဆိုင်" ဖို့ လိုအပ်တယ်လို့ အခိုင်အမာ ပြောဆိုနေပြီး တစ်ချိန်က "အင်အားသုံး" လုပ်ဆောင်ဖို့ ပြင်ဆင်ထားတယ်လို့ ပြောခဲ့ပေမဲ့ အခုတော့ "ချက်ချင်း ညှိနှိုင်းမှုတွေ" လုပ်ဆောင်ချင်ပြီး "အင်အားသုံးမှာ မဟုတ်ဘူး" လို့ ပြောနေပါတယ်။

    ပြီးခဲ့တဲ့ ရာစုနှစ် နှစ်ခုအတွင်း အမေရိကန်နိုင်ငံက နယ်နိမိတ်တွေ တိုးချဲ့ခဲ့တဲ့ အထင်ရှားဆုံး မြေယာဝယ်ယူမှုတချို့ကို ဖော်ပြပါမယ်။

    ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  3. သတင်းထူး, ပုဏ္ဏားကျွန်းက စျေးတန်း ဗုံးကြဲခံရမှု သေဆုံးသူ ၁၇ ဦးရှိ - အေအေ

    ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က ယိုးငူရွာစျေးတန်းကို စစ်တပ်က ဒီနေ့ မွန်းလွဲပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် သေဆုံးသူ ၁၇ ဦးရှိတယ်လို့ ကနဦးသိရှိထားရတဲ့အကြောင်း အာရက္ခတပ်တော်(အေအေ)က ပြီးခဲ့တဲ့မိနစ်ပိုင်းမှာပဲ သတင်းထုတ်ပြန်လာပါတယ်။

    မြေပြင်အခြေအနေ သိရှိသူကတော့ ဒီဗုံးကြဲမှုမှာ သေဆုံးသူ ၁၀ ဦးထက်မနည်းရှိတယ်လို့ ဘီဘီစီကို အစောပိုင်းကတည်းက ပြောထားပါတယ်။

    အေအေ ထုတ်ပြန်ချက်အရဆိုရင် လေကြောင်းဗုံးကြဲမှုမှာ နာရီပိုင်းအတွင်း သေဆုံးသူ ၇ ဦးမြင့်တက်လာတယ်လို့ နားလည်ရပါတယ်။

    အေအကတော့ ဒီဗုံးကြဲမှုမှာ နောက်ထပ် လူ ၁၄ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

    ယိုးငူရွာကို စစ်တပ်က ဒီနေ့ မွန်းလွဲ ၂ နာရီကျော်မှာ ဗုံး ၂ လုံးကြဲချခဲ့တာလို့ အခြေအနေသိရှိသူတွေက ပြောပါတယ်။

    အခုဗုံးကြဲမှုမှာ သေဆုံးသူအများစုဟာ ကလေးငယ်နဲ့ အမျိုးသမီးတွေဖြစ်ပါတယ်။

  4. သတင်းထူး, ပုဏ္ဏားကျွန်းကို စစ်တပ် ဗုံးကြဲမှု ကလေးအများစုအပါအဝင် ၁၀ ဦးထက်မနည်းသေဆုံး

    ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ထဲက ယိုးငူရွာကို စစ်တပ်က ဒီနေ့ မွန်းလွဲပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်အများစုအပါအဝင် သေဆုံးသူ ၁၀ ဦးထက်မနည်းရှိတယ်လို့ ကနဦးသိရပါတယ်။

    စစ်တပ်က ဒီနေ့ မွန်းလွဲ ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲချခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူ အယောက် ၂၀ နီးပါးလည်း ရှိတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ ပရဟိတနဲ့ ကူညီကယ်ဆယ်ရေးလုပ်နေသူ ဦးဝေဟင်အောင်က ပြောပါတယ်။

    ''သေဆုံးသူ အများစုဟာ ကလေးတွေနဲ့ အမျိုးသမီးတွေဖြစ်ပါတယ်။ ဒဏ်ရာရသူတွေထဲက ၃ ဦးက အသက်အန္တရာယ်စိုးရိမ်ရတယ်။ စျေးဆိုင်တန်းဖြစ်လို့ အိမ်တွေလည်း မီးထဲပါသွားတယ်။ နောက်ဆုံးအခြေအနေကို ဆက်သွယ်ရေးအခက်အခဲကြောင့် ကျွန်တော်တို့ သိရဖို့ ခက်နေတယ်'' လို့ ဦးဝေဟင်အောင်က ပြောပါတယ်။

    ပုဏ္ဏားကျွန်းမြို့ကို အာရက္ခတပ်တော်(အေအေ)က စစ်ကော်မရှင်ရဲ့အုပ်ချုပ်မှုအောက်ကနေ တိုက်ခိုက်ပြီး အုပ်ချုပ်ရေး ဖော်ဆောင်နေတာဖြစ်ပါတယ်။

    အခုဖြစ်ရပ်ဟာ စစ်ကော်မရှင်တပ်ကြောင့် ရခိုင်မှာ အေအေ ထိန်းချုပ်နယ်မြေတစ်ခုမှာ လူအသေအပျောက်အများဆုံးဖြစ်တဲ့ နောက်ဆုံးလေကြောင်းတိုက်ခိုက်မှု တစ်ခုဖြစ်ပါတယ်။

    စစ်ကော်မရှင်တပ်ဟာ မနေ့ညပိုင်းတုန်းကလည်း စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ထဲကို ညအချိန်လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် လူ ၁၀ ဦးသေဆုံးခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ပြောပါတယ်။

  5. ပုလဲမှာ ဗိုလ်နဂါးနဲ့ဆက်စပ်ပြီး ဆရာတော်တစ်ပါး ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ဆို

    ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) ခေါင်းဆောင် ဗိုလ်နဂါး စစ်တပ်နဲ့ ချိတ်ဆက်ပြီး ထွက်ပြေးလွတ်မြောက်အောင် ကူညီခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပုလဲမြို့နယ်ထဲက ဆရာတော် ဦးအရိယာဝံသကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ပုလဲမြို့နယ်ထဲက တပ်ရင်းတစ်ခုရဲ့ ဒုစစ်ကြောင်းမှူးက ဘီဘီစီကို အတည်ပြုပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပုလဲအခြေစိုက်တပ်ရင်းတွေက ဗိုလ်နဂါးနဲ့ တပ်ဖွဲ့ဝင်တချို့ကို ပိတ်ဆို့ထားပြီး ရှေ့တန်းတပ် အရာတချို့နဲ့ ဆွေးနွေးပြောဆိုနေချိန်မှာပဲ ဆရာတော် ဦးအရိယာဝံသက ဗိုလ်နဂါးထွက်ပြေးနိုင်အောင် ကူညီပေးခဲ့တာလို့ဆိုပြီး စွပ်စွဲခံရတာလို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    ဗိုလ်နဂါးဟာ “ကံကြီး မင်းတိုင်ပင် လက်ပုကန် လမ်းကြောင်းကနေ ပုလဲမြို့ထဲ ဝင်သွားတာ”လို့ သူက ရှင်းပြပါတယ်။

    ဆရာတော်ဟာ ကံကြီးရွာ၊ ဒက္ခိဏာရုံရွှေကျင်ကျောင်းတိုက်မှာ သီတင်းသုံးနေတာဖြစ်ပြီး ဖေဖော်ဝါရီ ၁၇ ရက်ကတည်းက NUG ရဲ့ ပုလဲအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ တပ်ရင်းတွေ ပူးပေါင်းဖမ်းဆီးပြီး စစ်ဆေးနေတာလို့ ဒုစစ်ကြောင်းမှူးက ဆက်ပြောပါတယ်။

    “ဘုန်းကြီးလည်း အဆင်ပြေပြေရှိနေပါတယ်” လို့ဆိုပြီး စစ်ဆေးတဲ့လုပ်ငန်းစဉ်တွေကိုတော့ ဖြေဆိုဖို့ သူက ငြင်းပါတယ်။

    ဆရာတော်ကို ပြန်လွှတ်ပေးဖို့ ဒေသခံတွေက ဖေဖော်ဝါရီ ၂၁ ရက်မှာ ပုလဲမြို့နယ် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ဆီ စာရေးသားတောင်းဆိုတာတွေ ရှိခဲ့တယ်လို့လည်း ဒေသခံတချို့က ပြောပါတယ်။

    တစ်ဖက်မှာလည်း ဆရာတော်အနေနဲ့ စစ်တပ်နဲ့ ပူးပေါင်းသွားတဲ့ ဗိုလ်နဂါးနဲ့ကြားမှာ အကျိုးတူပူးပေါင်းတာတွေရှိနေတယ်ဆိုတဲ့စွပ်စွဲချက်တွေ ထွက်ပေါ်နေတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။

    လက်ရှိ ပုလဲမြို့နယ်ထဲမှာ စစ်တပ်က စစ်ကြောင်းတွေခွဲ စစ်ကြောင်းထိုးနေပြီး ဖေဖော်ဝါရီ ၂၄ ရက်မှာတော့ ချင်ပြစ်ကျင်းရွာထဲ စစ်တပ်က စစ်ကြောင်းထိုးနေသလို အဲဒီရွာက ‌ဒေသခံနေအိမ်အချို့လည်း မီးရှို့ခံထားရတယ်လို့ မြေပြင်သတင်းရင်းမြစ်က ဆိုပါတယ်။

    စစ်ကော်မရှင်ကတော့ ဗိုလ်နဂါးတပ်က ထိပ်ပိုင်းခေါင်းဆောင်အပါအဝင် ၅ ဦး ထပ်မံလက်နက်ချလာတယ်လို့ ဖေဖော်ဝါရီ ၂၀ ရက်က နောက်ဆုံးထုတ်ပြန်ထားပြီး ပုလဲမြို့နယ်ရဲ့ စစ်ရေးအခြေအနေတွေကိုတော့ ထုတ်ပြန်တာမရှိသေးပါဘူး။

    ဆရာတော် ဦးအရိယာဝံသကို ဖမ်းဆီးစစ်ဆေးနေတဲ့ အခြေအနေနဲ့ပတ်သက်လို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို ဘီဘီစီက ဆက်သွယ် မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။

  6. ရန်ကုန်မြို့က သံရုံးကို လကုန်ပိတ်မယ်လို့ ဖင်လန်သံရုံးကြေညာ, ၂၀၂၆ မှာ နိုင်ငံ ၃ ခုရဲ့ သံရုံးတွေ ပိတ်မယ်

    မြန်မာနိုင်ငံထဲမှာ ဖွင့်လှစ်ထားတဲ့ ဖင်လန်နိုင်ငံသံရုံးကို ဖေဖော်ဝါရီ ၂၈ ရက်ကစတင်ပြီး ပိတ်သိမ်းတော့မယ်လို့ ရန်ကုန်မှာရှိတဲ့ ဖင်လန်သံရုံးကနေ ကြေညာလိုက်ပါတယ်။

    မြန်မာမှာ သံရုံးပိတ်မှာဖြစ်တာကြောင့် ဖင်လန်နိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ဆောင်မှုတွေ ပတ်စ်ပို့၊ နေထိုင်ခွင့် လျှောက်လွှာဆိုင်ရာ နိုကြီထောက်ခံလက်မှတ်တွေအပါအဝင် ကောင်စစ်ဆိုင်ရာအလုပ်တွေအားလုံးကို ဘန်ကောက်မြို့မှာရှိတဲ့ ဖင်လန်သံရုံးကနေ ဆောင်ရွက်ပေးမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

    မြန်မာအပါအဝင် အာရှသုံးနိုင်ငံမှာ ဖွင့်ထားတဲ့ ဖင်လန်နိုင်ငံဆိုင်ရာသံရုံးတွေကို ပိတ်ဖို့ရှိတယ်လို့ ဖင်လန်အစိုးရက ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။

    မြန်မာက နယ်သာလန်နဲ့ ဒိန်းမတ်သံရုံးတွေကိုလည်း လာမယ့် ၂၀၂၆ နှစ်ကုန်ပိုင်းမှာ ပိတ်သိမ်းမယ်လို့ သက်ဆိုင်ရာ သံရုံးအကြီးအကဲတွေက ဘီဘီစီကို အတည်ပြုထားပါတယ်။

    ဖင်လန်အနေနဲ့ မြန်မာ၊ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်နိုင်ငံတို့မှာရှိတဲ့ သံရုံးတွေကို ပိတ်မယ်လို့ အစောပိုင်းကတည်းက ကြေညာခဲ့တာဖြစ်ပါတယ်။

    သံရုံးပိတ်သိမ်းမယ်လို့ ကြေညာချိန်တုန်းကတော့ သက်ဆိုင်ရာနိုင်ငံတွေမှာဖြစ်နေတဲ့ နိုင်ငံရေး ရှုပ်ထွေးမှုအခြေအနေအပြင် အဲဒီနိုင်ငံတွေနဲ့ ဖင်လန်နိုင်ငံတို့ကြား ကုန်သွယ်ရေး၊ စီးပွားရေးအပါအဝင် သံတမန်ရေး စတဲ့ကဏ္ဍတွေမှာ ကန့်သတ်ချက်တွေနဲ့ ရပ်တန့်တာတွေ ဖြစ်ပေါ်နေတာကြောင့်လို့ ဖင်လန်က ပြောပါတယ်။

    ဒါ့အပြင် ဖင်လန်နိုင်ငံရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒအပြင် အကျိုးစီးပွားတွေနဲ့ ပို့ကုန်မြှင့်တင်ရေးဆိုင်ရာလှုပ်ရှားမှုတွေရဲ့ လိုအပ်ချက်တွေကို မဟာဗျူဟာကျကျ ထည့်သွင်းစဉ်းစားသုံးသပ်ချက်တွေပေါ်မှာလည်း မူတည်ခဲ့တယ်လို့ ဆိုပါတယ်။

    တစ်ဖက်မှာလည်း မြန်မာမှာ ဆွီဒင်သံရုံးကတော့ လက်ရှိဖွင့်ထားဆဲဖြစ်ပေမယ့် မြန်မာအတွက် ကူညီထောက်ပံ့ရေးအစီအစဉ်တွေအားလုံးကို ၂၀၂၆ ဇွန်လမှာ ရပ်ဆိုင်းသွားမယ်လို့ ဆွီဒင်သံရုံးအရာရှိက ဘီဘီစီကို အစောပိုင်းကတည်းက ပြောထားပါတယ်။

  7. မြန်မာမှာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ အင်ဒိုနီးရှားတိုက်တွန်း

    မြန်မာမှာ ပဋိပက္ခတွေကို အဆုံးသတ်ဖို့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အခြေခံအုတ်မြစ်အဖြစ် ထိထိရောက်ရောက် အကောင်အထည်ဖော်သင့်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဆူဂျီယိုနိုက တိုက်တွန်းပြောလိုက်ပါတယ်။

    ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ဖေဖော်ဝါရီ ၂၃ ရက်က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC)အစည်းအဝေးမှာ ဝန်ကြီး ဆူဂျီယိုနိုက အခုလို တိုက်တွန်းလိုက်တာပါ။

    ပဋိပက္ခတွေကို အဆုံးသတ်ဖို့ အတင်းအကျပ်ဖြေရှင်းတာမျိုး လုပ်လို့မရသလို ယုံကြည်မှု၊ အပြန်အလှန်လေးစားမှုတို့နဲ့ ဖြေရှင်းပြီး နိုင်ငံကိုတည်ဆောက်ရမယ်လို့လည်း သူက ဖြည့်ပြောခဲ့ပါတယ်။

    ၂၀၂၅ အောက်တိုဘာမှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲတုန်းကလည်း မြန်မာမှာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်တယ်ဆိုတဲ့အချက်နဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံထိပ်သီးစည်းဝေးပွဲနဲ့ ဆက်စပ်အစည်းအဝေးတွေ တက်ရောက်ခွင့်ကို ဆက်ပိတ်ပင်ထားတယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကနေ ရလဒ်ထွက်ခဲ့ပါတယ်။

    အာဆီယံဘုံသဘော တူ ညီချက် ၅ ချက်ကို အကောင်အထည်ဖော်တဲ့ တိုးတက်မှုတွေ မတွေ့ရမချင်း မြန်မာအနေနဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲတွေမှာ နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူတွေသာ အာဆီယံအစည်းအဝေးပွဲတွေ တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။

  8. ရန်ကုန်-ဒလ မြစ်ကူးတံတားအဆင်း YBS ယာဉ်ကြမ်းခင်းကျွံလို့ ကလေး ၁ ဦးသေဆုံး

    ရန်ကုန်မြို့နဲ့ ဒလမြို့ဘက်ကို ဆက်သွယ်ထားတဲ့ ကိုရီးယား- မြန်မာချစ်ကြည်ရေးတံတားအဆင်း တံတား အသုံးပြုခ ကောက်ခံတဲ့နေရာအကျော်မှာ YBS ယာဉ်တစ်စီး ကြမ်းခင်းကျွံကျရာကနေ ကားပေါ်မှာပါလာတဲ့ အသက် ၅ နှစ်အရွယ်ကလေးတစ်ဦး ပြုတ်ကျ သေဆုံးခဲ့တယ်လို့ ကူညီရေးအဖွဲ့က ပြောပါတယ်။

    “တိုးဂိတ်မှာ စလိုးဒေါင်းကို ဖြတ်တာ ကားက ခုန်တဲ့အချိန် ကြမ်းခင်းကျွံပြီး အောက်ပြုတ်ကျသွားတာ” လို့ ကူညီပေးခဲ့တဲ့ ကြီးလေးကြီးလူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    ကယ်ဆယ်ရေးအဖွဲ့ရောက်သွားတဲ့အချိန်မှာ ကလေးငယ်လေးရဲ့ ခေါင်းဒဏ်ရာကနေ သွေးထွက်များနေတာကို မြင်တွေ့ခဲ့ရတယ်လို့ သူက ဆိုပါတယ်။

    တစ်ဖက်မှာလည်း ကလေးဟာ ပြုတ်ကျပြီးနောက် နောက်ဘီးနဲ့ ခေါင်းကို ကြိတ်ခံရတယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

    ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကတော့ ကလေးငယ်ဟာ ကားကြိတ်ခံရတဲ့ဒဏ်ရာလိုမျိုးမဟုတ်ဘဲ ကားပေါ်က ပြုတ်ကျတဲ့အရှိန်နဲ့ ဦးခေါင်းဒဏ်ရာရပြီး သေဆုံးခဲ့တာဖြစ်နိုင်တယ်လို့ ပြောပါတယ်။

    ကလေးငယ်ဟာ ဒလမြို့နယ်မှာနေထိုင်တာဖြစ်ပြီး အဒေါ်ဖြစ်သူနဲ့ ရန်ကုန်ဘက်ကို ထွက်လာတဲ့လမ်းမှာ မတော်တဆဖြစ်ခဲ့တာဖြစ်ပါတယ်။

    သေဆုံးသွားတဲ့ကလေးငယ်ရဲ့ ရုပ်အလောင်းကို ဒလဆေးရုံကိုပို့ဆောင်ပေးခဲ့ပြီးနောက် ဆေးစစ်ချက်ရယူပြီး သုသာန်ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

    သေဆုံးခဲ့တဲ့ကလေးငယ်ရဲ့စျာပနကို ကျန်ရစ်သူ မိသားစုက ဒီနေ့မှာ ပြုလုပ်ဖို့ ရှိတယ်လို့ သိရတယ်လို့လည်း ကူညီရေးအဖွဲ့က ပြောပါတယ်။

  9. မတ်လလယ်ကစလို့ လွှတ်တော်တွေ ခေါ်ယူမယ်လို့ စစ်တပ်ကြေညာ

    ရွေးကောက်ပွဲ ၃ ပိုင်းလုံး ကျင်းပပြီး တစ်လနီးပါးအကြာမှာပဲ လွှတ်တော်သုံးရပ်ရဲ့ အစည်းအဝေးပြုလုပ်မယ့်ရက်တွေကို စစ်ကော်မရှင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ)ကနေ မနေ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ ညပိုင်းမှာ ထုတ်ပြန်ကြေညာလာပါတယ်။

    ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော် စတဲ့ လွှတ်တော်သုံးရပ်လုံးရဲ့ အစည်းအဝေးတွေကို လာမယ့် မတ်လ ၁၆ ရက်၊ ၁၈ ရက်နဲ့ ၂၀ ရက်ရက်တွေမှာ စတင်ကျင်းပမယ်လို့ဆိုပါတယ်။

    မတ် ၁၆ ရက်မှာ ပြည်သူ့လွှတ်‌တော်၊ မတ် ၁၈ ရက်မှာ အမျိုးသားလွှတ်တော်နဲ့ မတ် ၂၀ ရက်မှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးတွေကို ကျင်းပမှာပါ။

    စစ်ကော်မရှင်ရဲ့ နိုင်ငံခြား‌ရေးဝန်ကြီး ဦးသန်းဆွေက ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံချိန်မှာ ဧပြီလ မြန်မာ့နှစ်သစ်ကူး သင်္ကြန်မတိုင်ခင် သမ္မတအသစ်နဲ့ အစိုးရအဖွဲ့သစ် ဖွဲ့နိုင်ရေး လုပ်မယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောခဲ့ပါတယ်။

    အဲဒီနောက် ရက်ပိုင်းအကြာမှာပဲ သမ္မတရွေးချယ်ရေးအတွက် အခရာကျတဲ့ လွှတ်တော်တွေကို ခေါ်ယူရေး ကြေညာချက်ကို စစ်ကော်မရှင်ဘက်က ထုတ်လာတာဖြစ်ပါတယ်။

    ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာပြုလုပ်ခဲ့တဲ့ စစ်တပ်ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်‌ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP)က အမျိုးသားလွှတ်တော် ၁၀၈ နေရာ၊ ပြည်သူ့လွှတ်တော် ၂၃၁ နေရာ စုစုပေါင်း အမတ်နေရာ ၃၃၉ နေရာရရှိထားပါတယ်။

    ပြည်ထောင်စုလွှတ်တော်မှာ စစ်တပ်ဘက်က ကိုယ်စားလှယ် ၁၆၆ ဦး နေရာယူမှာဖြစ်ပြီး ‌ရွေးကောက်ပွဲမှာ အများဆုံးအနိုင်ရထားတဲ့ ကြံ့ခိုင်ရေးပါတီအပြင် တခြားနိုင်ငံရေးပါတီတွေရဲ့ အမတ်အရေအတွက် ၄၂၀ ဦးရှိတာကြောင့် စုစုပေါင်း ၅၈၆ ဦး လွှတ်တော်ထဲရောက်လာမှာ ဖြစ်ပါတယ်။

    တစ်ဖက်မှာလည်း ဖွဲ့စည်းပုံအရ လွှတ်တော်အသစ်ကနေ သမ္မတလောင်း‌ရွေးချယ်ဖို့ဆိုရင် တပ်ကိုယ်စားလှယ်တွေက လွှတ်တော်ကို အဆိုပြုလာတဲ့သမ္မတလောင်းကို ကြံခိုင်ရေးအမတ်တွေရဲ့ထောက်ခံ မဲပေးမှု လိုအပ်နေပါတယ်။

    ဒါကြောင့် လွှတ်တော်မှာ အမတ်နေရာ အများဆုံးရထားတဲ့ ကြံ့ခိုင်ရေးပါတီအနေနဲ့ ပါတီတွင်းက တင်သွင်းတဲ့ သမ္မတလောင်းကို မဲပေးမှာလား၊ တပ်ဘက်က အဆိုပြုတဲ့သူကို မဲပေးမှာလားဆိုတဲ့မေးခွန်းတွေလည်း နိုင်ငံရေးပါတီအသိုင်းအဝိုင်းမှာ ထွက်ပေါ်နေပါတယ်။

  10. တရုတ်ကသေဒဏ်ပေးခဲ့တာ မြန်မာတွေလား၊ တရုတ်တွေလား

    ကိုးကန့်ရဲ့ထင်ရှားတဲ့ မိသားစုကြီး လေးစုထဲက မြီမိသားစုနဲ့ ပယ်မိသားစုဝင် ၁၆ ဦးကို တရုတ်နှစ်သစ်ကူးမတိုင်ခင် တရုတ်မှာ သေဒဏ်ပေးလိုက်ပါတယ်။

    ဒါက မြန်မာနိုင်ငံမှာအခြေစိုက်နေထိုင်သူတွေကို တရုတ်တရားစီရင်ရေးအောက်မှာ အရေအတွက်အများဆုံး သေဒဏ်ပေးမှုဖြစ်ပါတယ်။

    သေဒဏ်စီရင်ခံရသူတွေထဲမှာ မြန်မာ-တရုတ် နှစ်နိုင်ငံလုံးရဲ့ နိုင်ငံသားကတ်ကိုင်ဆောင်ထားသူတွေပါဝင်ပြီး နိုင်ငံသားနှစ်ခုခံယူမှုက မြန်မာနိုင်ငံသားဥပဒေအရ တရားမဝင်ပါဘူး။

    ဒါအပြင် မိသားစုလေးစုရဲ့ အကြီးအကဲတချို့ဟာ မြန်မာရဲ့ ဒေသအုပ်ချုပ်ရေးအာဏာပိုင်နဲ့ ဥပဒေပြုအမတ်တွေဖြစ်ခဲ့ဖူးတဲ့အတွက် သေဒဏ်စီရင်မှုအပေါ် မေးခွန်းတွေရှိလာခဲ့ပြီး ပြောစရာလည်းဖြစ်သွားပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  11. ယူကရိန်းနဲ့ ရုရှားစစ်ပွဲ - အားကိုးလောက်စရာ ယောက်ျားသား မရှိတော့တဲ့ရုရှားရွာ

    ''တစ်အိမ်ထောင်မှာ တစ်ယောက်တော့ ရှေ့တန်းရောက်နေတယ်'' လို့ ရုရှားနိုင်ငံ အရှေ့ဖျားဒေသ၊ ဆီဒန်ကား တံငါရွာလေးမှာနေထိုင်တဲ့ နာတာလီယာက ပြောပါတယ်။

    ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားစစ်ဖြစ်တာ ၄ နှစ်ပြည့်ချိန်မှာ ရှေ့တန်းနဲ့ မိုင်ပေါင်းထောင်ချီအကွာက သူတို့ရွာထဲက စစ်ထဲလိုက်နိုင်တဲ့အမျိုးသားတွေလည်း ရှေ့တန်းရောက်ကုန်ပါတယ်။

    အခုတော့ ရွာထဲမှာ အားကိုးလောက်စရာ အမျိုးသား မကျန်တော့ဘဲ ရှေ့တန်းရောက်သူတွေလည်း သေသူသေ ပျောက်သူပျောက်ဖြစ်နေပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  12. မြင်းမူမြို့နယ်ထဲ ညအချိန် ဗုံးကြဲခံရလို့ ကလေးအပါအဝင် ၉ ဦးသေဆုံး

    စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်‌ မြောက်ဘက်ခြမ်းကို စစ်တပ်က မနေ့ ဖေဖော်ဝါရီ ၂၃ ရက်ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အသက် ၅ နှစ်အောက်ကလေးငယ်အပါ ၉ ဦး သေဆုံးတယ်လို့တယ်လို့ အကြောင်း မြေပြင်အခြေအနေသိသူတချို့က ပြောပါတယ်။

    ဗုံးကြဲခံရတဲ့နေရာဟာ မြင်းမူမြို့နယ်ထဲက ရွှေကျောင်းကန်ရွာဖြစ်ပြီး ဆီကြိတ်လုပ်ငန်းလုပ်တဲ့ နေအိမ်ပေါ်ကို ဗုံးကျရောက်တာကြောင့် လူသေဆုံးခဲ့တာလို့လည်း ဆိုပါတယ်။ စစ်တပ်က ရွှေကျောင်းကန်ရွာကို ပါရာမော်တာ ၂ စီးနဲ့ လာရောက် ဗုံးကြဲသွားတာလို့လည်း မြေပြင်အခြေအနေ သိသူက ပြောပါတယ်။

    “ည ၇ နာရီလောက်မှာ လာကြဲသွားတာ။ ဆီကြိတ်တဲ့အိမ်က မိသားစုဝင်တွေနဲ့ ဆီလာကြိတ်တဲ့ ရွာခံတွေ ဆုံးသွားတာ” လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    ဗုံးပြင်းအားကြောင့် သေဆုံးရုပ်အလောင်းတွေကို ဘယ်သူဘယ်ဝါ မခွဲခြားနိုင်လောက်တဲ့အထိ ပျက်စီးခဲ့တယ်လို့ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ရှင်းပြပါတယ်။

    ဗုံးကြဲပြီးနောက်ပိုင်းမှာလည်း စစ်တပ်က ကင်းထောက်ဒရုန်း ၂ စင်းနဲ့ ကြဲချတဲ့နေရာတဝိုက်ကို စောင့်ကြည့်ပျံဝဲနေခဲ့တယ်လို့ ရွာခံတစ်ဦးက ပြောပါတယ်။

    လေကြောင်းဗုံးကြဲခံရတဲ့ ဆီကြိတ်စက်အိမ်အနီးမှာ စတားလင့်အင်တာနက်ဆိုင်လည်း ရှိတာကြောင့် အဲဒီနေရာမှာ နေ့တိုင်းနီးပါး အင်တာနက်လာသုံးကြတဲ့ ဒေသခံတချို့နဲ့ စုစုဝေးဝေးရှိတဲ့အခြေအနေလို့တော့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

    စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ သုတေသနအဖွဲ့ (Spring Revolution Database-SRD) ကတော့ ၂၀၂၁ ခုနှစ် နိုဝင်ဘာကနေ ၂၀၂၆ ဇန်နဝါရီအထိ အာဏာသိမ်း ၅ နှစ်နီးပါးကာလအတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄,၂၂၁ ဦးသေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော် ၄၁၀ ဦးကျဆုံးခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

  13. မင်္ဂလာပါ။ ဖေဖော်ဝါရီ ၂၄ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။