စစ်တွေမြို့အနီး ဒကစ ကာကင်းစခန်းတွေကို အေအေ တိုက်ခိုက်

စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးက စစ်တပ်ကာကင်းစခန်းတွေနဲ့ ရဲတပ်ရင်းတွေကို အာရက္ခတပ်တော်(အေအေ)က တိုက်ခိုက်နေတဲ့ သတင်းအပါအဝင် ဇန်နဝါရီ ၈ ရက် ကမ္ဘာနဲ့ နိုင်ငံတဝန်းသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ပြည်သူ့ပါတီအမတ်လောင်း ဦးလွင်မြင့် အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ်ချမှတ်ခံရ
  • ကမ္ဘာတဝန်းမှာ သားကောင်ရှာဖွေ ငွေကြေးလိမ်လည်ဖို့ နောက်ကွယ်ကနေ ကြိုးကိုင်သူလို့ စွပ်စွဲခံရသူ ချန်းကျီကို တရုတ်ကို လွှဲပြောင်းပေးလိုက်ပြီလို့ ကမ္ဘောဒီးယား ပြော
  • မအူပင်ဆီဆိုင် မီးလောင်မှုဖြစ်စဉ်ကြောင့် သေဆုံးသူ ၄ ဦး
  • စစ်တွေမြို့အနီး ဇန်နဝါရီ ၅ ရက်ကစလို့ တိုက်ပွဲတွေပြန်ဖြစ်
  • အမှတ် ၁၂ ရဲတပ်ရင်းကိုလည်း အေအေက ဒရုန်းနဲ့ ဗုံးကြဲ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇန်နဝါရီလ ၈ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကိုလည်း အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည်ဖတ်ရှုနိုင်ပါတယ်။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ဗင်နီဇွဲလားသမ္မတကို ဝင်ဖမ်းတဲ့ထရမ့် လုပ်ရပ်အတိုင်း အာဏာရှင်အင်အားကြီးနိုင်ငံတွေ လိုက်လုပ်လာနိုင်မလား

    ပါးမ် ကမ်းခြေ မာရာလာဂို ကလပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အပြာရင့်ရောင် အနောက်တိုင်းဝတ်စုံ၊ ရှပ်အင်္ကျီအဖြူရောင်၊ လည်စည်းအပြာနုရောင် ဝတ်ထားပြီး မျက်နှာတင်းတင်းမာမာနဲ့ ရှေ့ကို ကြည့်နေပုံ။ သူ့ရဲ့အနောက်မှာ အလံတစ်ခုနဲ့ အပြာရောင်ခန်းဆီးကို တွေ့ရ။

    ဓာတ်ပုံ ရင်းမြစ်, EPA

    ဟေတီမှာ အာဏာရှင်အစိုးရ ဖြုတ်ချဖို့ သမ္မတ ဘေလ် ကလင်တန်က တပ်ဖွဲ့ဝင် ၂၅၀၀၀ နဲ့ လေယာဉ်တင် သင်္ဘောကြီးနှစ်စင်း စေလွှတ်ခဲ့ချိန် ၁၉၉၄ ခုနှစ်တုန်းက ဟေတီနိုင်ငံမှာ ဘီဘီစီသတင်းထောက် ဂျယ်ရမီ ဘိုဝမ် ရှိနေခဲ့ပါတယ်။

    အဲဒီတုန်းက သေနတ် တစ်ချက် မဖောက်လိုက်ရဘဲ ဟေတီအာဏာရှင်အစိုးရ ပြုတ်ကျခဲ့ပါတယ်။ နှစ်ပေါင်း ၃၀ ကြာလာချိန် အခုအခါ ပိုကောင်းမွန်တဲ့ အနာဂါတ်ဘဝတစ်ခု ရလာမယ့်အစား ဟေတီပြည်သူတွေ အရင်အတိုင်း ဆင်းရဲဒုက္ခတွေနဲ့ ကြုံနေခဲ့ကြရပါတယ်။

    အခုဆိုရင် ဟေတီနိုင်ငံဟာ လက်နက်ကိုင် ဂိုဏ်းအုပ်စုတွေ ကြီးစိုးတဲ့ နိုင်ငံတစ်ခု ဖြစ်နေတယ်လို့ ဂျယ်ရမီ ဘိုဝမ် ကပြောပါတယ်။ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံကို တဖန်ပြန်ကြီးမြတ်တဲ့ နိုင်ငံတစ်ခု ဖြစ်လာအောင် လုပ်မယ်လို့ ကြွေးကြော်ခဲ့ပါတယ်။

    ဒီမိုကရေစီနိုင်ငံဖြစ်အောင် လုပ်မယ်လို့တော့ မပြောခဲ့ပါဘူး။

    အပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  3. စစ်ဘက်ထိပ်တန်းရာထူးတွေ အပြောင်းအလဲဖြစ်

    အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်(ACC) ဥက္ကဋ္ဌက စစ်ကော်မရှင်တပ်သားတွေကို လှူဒါန်းတဲ့ပစ္စည်းတွေကို နေပြည်တော်တိုင်းစစ်ဌာနချုပ်၊တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းက လက်ခံနေတာလို့ ACC က သတင်းထုတ်ပြန်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, ACC Myanmar

    ဓာတ်ပုံ ပုံစာ, အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်(ACC) ဥက္ကဋ္ဌနဲ့ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်း (ယာဘက် ယူနီဖောင်းဝတ်အမျိုးသား)ကို ၂၀၂၄ ခုနှစ်တုန်းက မြင်တွေ့ရတာဖြစ်ပါတယ်

    အရာရှိချုပ်ရာထူးတချို့နဲ့ နေပြည်တော်တိုင်းမှူးနေရာအပါအဝင် ထိပ်တန်းစစ်ဘက်ရာထူးတွေ အပြောင်းအလဲဖြစ်ခဲ့ပါတယ်။

    လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင် ရုရှားသံအမတ်ကြီးဖြစ်သွားပြီးတဲ့နောက် ရာထူးအပြောင်းအလဲတချို့ဆက်ဖြစ်လာတာပါ။

    လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးကျော်ကိုထိုက်က လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ် ဖြစ်လာပါတယ်။

    နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းက လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် ရာထူးတိုးသွားပါတယ်။

    တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်က နေပြည်တော်တိုင်းမှူးဖြစ်လာပါတယ်။

    ဒါ့အပြင် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီးနဲ့ စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီး နေရာတွေလည်း အပြောင်းအလဲဖြစ်ခဲ့ပါတယ်။

  4. ကျောက်ဖြူမြို့အနီး တိုက်ပွဲဆက်ဖြစ်နေ

    အေအေတပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, AA info desk

    ဓာတ်ပုံ ပုံစာ, အေအေတပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

    စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့အနီး စစ်တပ်နဲ့ အာရက္ခတပ်တော် (အေအေ) အကြား တိုက်ပွဲတွေ ဆက်ရှိနေပြီး ဒီနေ့ နေ့လယ်ပိုင်းအထိလည်း မြို့ပေါ်ကနေပါ ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရတယ်လို့ မြို့ခံတချို့ဆီက သိရပါတယ်။

    “ဘယ်နေရာမှာ ဖြစ်နေတယ်ဆိုတာတော့ တိတိကျကျမပြောနိုင်ဘူး။ ပစ်ခတ်သံတွေကတော့ မြို့နဲ့ နီးနီးလာပြီ” လို့ ကျောက်ဖြူမြို့ခံတစ်ဦးက ပြောပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ ‌ကျောက်ဖြူမြို့နယ်၊ င‌လပွေ့ရပ်ကွက်အနီးအထိ တိုက်ပွဲတွေဖြစ်နေတယ်လို့ အေအေစစ်ရေးအရင်းအမြစ်တစ်ဦးက ဆိုပါတယ်။

    ဒါအပြင် ရခိုင်ပြည်နယ်ရဲ့အကြီးဆုံးရေတပ်ဌာနချုပ်ဖြစ်တဲ့ ကျောက်ဖြူမြို့နယ်ထဲက ဓညဝတီရေတပ်ဌာနချုပ်ကိုလည်း ဇန်နဝါရီ ၆ ရက်မှာ အေအေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း ဒေသအခြေစိုက်သတင်းတွေမှာဖော်ပြနေတာပါ။

    ဒီဇင်ဘာ ၁၀ ရက် မြောက်ဦးတိုက်နယ်ဆေးရုံလေကြောင်းတိုက်ခိုက်ခံရပြီးနောက်ပိုင်း အေအေက ထိုးစစ်တွေမြှင့်နေပြီး ကျောက်ဖြူဘက်မှာလည်းတိုက်ပွဲတွေဆက်တိုက်ဖြစ်နေတယ်လို့ အေအေ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

    ရခိုင်ပြည်နယ်မှာ စစ်တပ်က ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင် ၃ မြို့နယ်ကို ထိန်းချုပ်ထားပြီး အဲဒီထဲက ကျောက်ဖြူနဲ့ စစ်တွေမှာ နှစ်ဖက်တိုက်ပွဲတွေရှိနေပါတယ်။

  5. ဗင်နီဇွဲလားသမ္မတရဲ့ဂုဏ်ပြုတပ်ဖွဲ့ တပ်မှူးကို ယာယီသမ္မတက ရာထူးကနေ ဖယ်ရှား

    ဂုဏ်ပြုတပ်ဖွဲ့ အလေးပြုအခမ်းအနားမှာ မြင်တွေ့ရတဲ့ Javier Marcano Tábata

    ဓာတ်ပုံ ရင်းမြစ်, Javier Marcano Tábata

    ဗင်နီဇွဲလားသမ္မတရဲ့ဂုဏ်ပြုတပ်ဖွဲ့ကို ကွပ်ကဲတဲ့ ဗိုလ်ချုပ် ဟာဗီယာ မာကာနို တာဘာ့တာကို ယာယီသမ္မတ ဒယ်လ်စီ ရော့ဒရီးဂတ်စ်က ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။

    အမေရိကန်တပ်ဖွဲ့တွေက ဗင်နီဇွဲလားခေါင်းဆောင် နီကိုလက်စ် မာဒူရိုကို ကာရာကတ်စ်မြို့က သူ အိမ်ဝင်းထဲကနေ ဖမ်းဆီးပြီး နယူးယောက်မြို့ကို ခေါ်သွားအပြီး ရက်ပိုင်းအကြာမှာပဲ အခုလိုရာထူးကနေ ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။

    သမ္မတရဲ့ဂုဏ်ပြုတပ်ဖွဲ့ဟာ နိုင်ငံ့ဥသျှောင်တွေကို ကာကွယ်ပေးတဲ့ ကိုယ်ရံတော်တပ်ဖွဲ့လည်း ဖြစ်ပါတယ်။

    အမေရိကန်က စစ်ဆင်ရေးလုပ်ပြီး မာဒူရိုကို ဖမ်းဆီးချိန်မှာ ထိခိုက်သေဆုံးသူအရေအတွက်ကို ဗင်နီဇွဲလား အစိုးရက မကြေညာသေးပေမဲ့ အဲဒီစစ်ဆင်ရေးမှာ လူဒါဇင်နဲ့ချီသေဆုံးမှုတွေထဲ ဂုဏ်ပြုတပ်ဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ နားလည်ရပါတယ်။

    ဗိုလ်ချုပ် မာကာနို တာဘာ့တာကို ရာထူးကနေ ဖယ်ရှားဖို့ အမိန့်ကိုတော့ နိုင်ငံရဲ့ယာယီသမ္မတက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

    ဗိုလ်ချုပ် တာဘာ့တာကို ရာထူးကနေ ဖယ်ရှားလိုက်တာဟာ ယာယီသမ္မတအတွက် သူ့အတွင်းစည်းက အကြီးတန်းအရာရှိတွေကို ပထမဆုံးအပြောင်းအလဲလုပ်မှုတစ်ခုလည်း ဖြစ်လာပါတယ်။

    ဗိုလ်ချုပ် တာဘာ့တာဟာ သမ္မတသက်တော်စောင့်တပ်ဖွဲ့ရဲ့အကြီးအကဲဖြစ်သလို ဗစ်နီဇွဲလားစစ်တပ်ရဲ့ တန်ပြန် ထောက်လှမ်းရေးအဖွဲ့ (DGCIM)ကို ဦးဆောင်သူဖြစ်ပါတယ်။

    အဲဒီဌာနဟာ မာဒူရိုအစိုးရကို ဝေဖန်သူတွေကို ဖိနှိပ်ရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ပါတယ်။

    သူ့ကို ရာထူးကနေ ဖယ်ရှားမှုဟာ သမ္မတ မာဒူရိုကို အမေရိကန် ဝင်ရောက်ဖမ်းဆီးချိန် မဟန့်တားနိုင်ခဲ့တာအတွက် ဖြစ်နိုင်တယ်လို့ ဗင်နီဇွဲလားအကဲခတ်တွေက သုံးသပ်ပါတယ်။

  6. ပြည်သူ့ပါတီအမတ်လောင်း ဦးလွင်မြင့် အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ်ချမှတ်ခံရ

    သင်္ဃန်းကျွန်းမဲဆန္ဒနယ်က ဝင်ပြိုင်ခဲ့တဲ့ ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်

    ဓာတ်ပုံ ရင်းမြစ်, People's Party

    ဓာတ်ပုံ ပုံစာ, သင်္ဃန်းကျွန်းမဲဆန္ဒနယ်က ဝင်ပြိုင်ခဲ့တဲ့ ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်

    ၂၀၂၅ ရွေးကောက်ပွဲ အပိုင်း ၁ မဲဆွယ်ကာလတုန်းက တစ်တော့မဲဆွယ် ရုပ်သံမှာ ''၂၀၂၁ အရေးတော်ပုံလို့'' ပြောဆိုသုံးနှုန်းခဲ့တဲ့ ပြည်သူ့ပါတီအမတ်လောင်း ဦးလွင်မြင့်ကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၁ နှစ်ချမှတ်လိုက်တယ်လို့ ပါတီဘက်ကနေ သိရပါတယ်။

    ဦးလွင်မြင့်ဟာ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈ (ဂ) အရ အလုပ်နဲ့ထောင်ဒဏ်တစ်နှစ်ချမှတ်လိုက်ရတာဖြစ်ပါတယ်။

    ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးကနေ ဒီနေ့ ဇန်နဝါရီ ၈ ရက်မနက်ပိုင်းမှာ အမိန့်ချမှတ်လိုက်တာလို့ ပြည်သူ့ပါတီ၊ ဥပဒေရေးရာအဖွဲ့တာဝန်ရှိသူ ဦးဝဏ္ဍစိုးက ဘီဘီစီကို ပြောပါတယ်။

    “၆ ရက်နေ့နဲ့ ၇ ရက်နေ့မှာ နှစ်ရက်တည်းနဲ့ တရားလိုတွေကို အပြီးစစ်တယ်။ ၃ ရက်ထဲနဲ့ အပြီးအမိန့်ချတာက အရမ်းမြန်ဆန်တယ်။ အကျယ်တဝင့်နောက်ဆက်တွဲက ပါတီက ထုတ်ပြန်ပါမယ်” လို့ ဦးဝဏ္ဍစိုးက ပြောပါတယ်။

    ရွေးကောက်ပွဲအပိုင်း ၁ မှာ သင်္ဃန်းကျွန်းမြို့နယ်ကနေ ပြည်သူ့လွှတ်တော်အမတ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ဦးလွင်မြင့်ဟာ တစ်တော့ (Tiktok) ကတဆင့် မဲဆွယ်စည်းရုံးချိန်မှာ ၂၀၂၁ အရေးတော်ပုံလို့ ထည့်ပြောခဲ့တယ်ဆိုကာ စစ်ကော်မရှင်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနကနေ တရားလိုလုပ်အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

    ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈ (ဂ) ဟာ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ စည်းကမ်းချက်တွေကို မဖောက်ဖျက်ဖို့ ချမှတ်ထားတဲ့ ပုဒ်မဖြစ်ပြီး ‌တစ်နှစ်ထက်မပိုတဲ့ထောင်ဒဏ် ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုတဲ့ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်တဲ့ပုဒ်မ ဖြစ်ပါတယ်။

    ဒါကြောင့်အမြင့်ဆုံးပြစ်ဒဏ်ချမှတ်တဲ့သဘောဖြစ်ပြီး ပြည်သူ့ပါတီဘက်ကတော့ ဦးလွင်မြင့်အတွက် အမှုတွဲလုပ်ထုံးလုပ်နည်းအတိုင်း ပြင်ဆင်မှုတွေဆက်တက်မယ်လို့ သိရပါတယ်။

    ဒီနေ့အမိန့်ချမှတ်ပြီးနောက် ဦးလွင်မြင့်ကို သင်္ဃန်းကျွန်းအချုပ်ခန်းမှာ ချုပ်နှောင်ထားပြီး အင်းစိန်ထောင်ကိုလွှဲပြောင်းဖို့ရှိနေပါတယ်။

    သင်္ဃန်းကျွန်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်က ရွေးကောက်ပွဲပထမပိုင်းကျင်းပခဲ့ပြီး ကြံ့ခိုင်ရေးပါတီက အနိုင်ရခဲ့တဲ့မဲဆန္ဒနယ်လည်းဖြစ်ပါတယ်။

  7. ကျားဖြန့်ခေါင်းဆောင်လို့ဆိုသူ ချန်းကျီကို ကမ္ဘောဒီးယားက တရုတ်ကိုလွှဲလိုက်ပြီ

    ချန်ကျီနဲ့ သူ့ရဲ့ ပရင့်လုပ်ငန်းစု

    ဓာတ်ပုံ ရင်းမြစ်, Prince Group/Getty images/ BBC

    ဓာတ်ပုံ ပုံစာ, ချန်ကျီနဲ့ သူ့ရဲ့ ပရင့်လုပ်ငန်းစု

    ကျားဖြန့်လုပ်ဖို့ အလုပ်သမားတွေကို ဖျားယောင်းသွေးဆောင်ပြီး ကမ္ဘာတဝန်းမှာ သားကောင်ရှာဖွေ ငွေကြေးလိမ်လည်ဖို့ နောက်ကွယ်ကနေ ကြိုးကိုင်သူလို့ စွပ်စွဲခံရသူ ချန်းကျီကို တရုတ်ကို လွှဲပြောင်းပေးလိုက်ပြီလို့ ကမ္ဘောဒီးယားက ပြောပါတယ်။

    နိုင်ငံဖြတ်ကျော်မှုခင်းတွေကို လပေါင်းများစွာကြာစုံစမ်းပြီးတဲ့နောက် ချန်းကျီကို တရုတ်နိုင်ငံသား ၃ ဦးနဲ့အတူ ဇန်နဝါရီ ၆ ရက်နေ့မှာ ဖမ်းဆီးခဲ့တာလို့လည်း ကမ္ဘောဒီးယားက ပြောပါတယ်။

    “တရုတ်နိုင်ငံသား သုံးဦးဖြစ်တဲ့ ချန်းကျီ၊ ရှုဂျီလျိန် နဲ့ လျှိုဂျီဟူတို့ကို ဖမ်းဆီးခဲ့ပြီး တရုတ်အစိုးရကို လွှဲပြောင်းပေးလိုက်ပြီ” လို့ ကမ္ဘောဒီးယားအာဏာပိုင်းတွေက ပြောပါတယ်။ ပြည်တွင်းရေးရာဝန်ကြီးကတော့ ချန်းကျီကိုဘယ်မှာထိန်းသိမ်းခဲ့လဲဆိုတာ ထုတ်မပြောပါဘူး။

    ချန်းကျီရဲ့ ကမ္ဘောဒီးယားနိုင်ငံသားဖြစ်မှုကိုတော့ ပြီးခဲ့တဲ့လတည်းက ပယ်ဖျက်ထားပြီလို့ ဆိုပါတယ်။ အနေအထိုင် သိုသိပ်တဲ့ ချန်းကျီဟာ ကမ္ဘောဒီးယားနိုင်ငံသားဖြစ်ဖို့ ၂၀၁၄ ခုနှစ်မှာ သူ့ရဲ့တရုတ်နိုင်ငံသားဖြစ်မှုကို လက်လွှတ်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ကမ္ဘောဒီးယားမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကနေ ဘီလီယံနဲ့ချီတဲ့ငွေကြေးတွေကို လိမ်လည်ခဲ့တယ်ဆိုပြီး အမေရိကန်က တရုတ်အရှေ့တောင်ပိုင်းနွယ်ဖွား အသက် ၃၇ နှစ်အရွယ် ချန်းကျီကို တရားစွဲဆိုခဲ့ပါတယ်။

    ချန်းကျီနဲ့ဆက်နွယ်နေတဲ့ ဒေါ်လာ သန်းပေါင်း ၁၄,၀၀၀ တန် ဒစ်ဂျစ်တယ်ငွေကြေး ဘစ်ကွိုင်တွေကို အမေရိကန်အစိုးရက သိမ်းဆည်းခဲ့ပါတယ်။ ဗြိတိန်ကလည်း သူ့ရဲ့စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ပရင့်စ် လုပ်ငန်းစုကို အရေးယူပိတ်ဆိုခဲ့ပါတယ်။

    တရားဝင်အလုပ်လုပ်ခွင့်ရမယ်ဆိုပြီး အရှေ့တောင်အာရှကို အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ဖို့ ခိုင်းစေခံခဲ့ရကာ လူကုန်ကူးခံရတဲ့လူဦးရေသိန်းနဲ့ချီရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး အများစုဟာ ကမ္ဘောဒီးယားနိုင်ငံမှာခိုင်းစေခံရတယ်လို့ ဆိုပါတယ်။

    ဒဏ်ပေးအနိုင်ကျင့်နှိပ်စက်မှုတွေအောက်မှာ သူတို့ရဲ့ စိတ်ဆန္ဒတွေမပါဘဲ အွန်လိုင်းကတဆင့် ငွေကြေးလိမ်လည်မှုတွေလုပ်ခဲ့ရပါတယ်။ သူတို့ကိုချုပ်နှောင်ခိုင်စေခဲ့သူအများစုဟာ တရုတ်တွေ ဖြစ်ပြီး တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားလိမ်လည်စေခဲ့ပါတယ်။

    တရုတ်အာဏာပိုင်တွေဟာ ၂၀၂၀ ပြည့်နှစ်ကတည်းက ပရင့်စ် လုပ်ငန်းစုနဲ့ပတ်သက်ပြီး တိုးတိုးတိတ်တိတ်စုံစမ်းမှုတွေ စလုပ်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းစုဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို လုပ်ကိုင်တယ်ဆိုပြီး စွပ်စွဲတရားစွဲဆိုခံထားရတဲ့အမှုပေါင်းများစွာရှိနေပါတယ်။

    ဘေကျင်းရဲ့ ပြည်သူ့လုံခြုံရေးဆိုင်ရာဗျူရိုက ပရစ့်လုပ်ငန်းစုကို စုံစမ်းစစ်ဆေးဖို့ အထူးတပ်ဖွဲ့ကိုဖွဲ့စည်းထားပြီး “ကမ္ဘောဒီးယားမှာ အခြေစိုက်ပြီး ကျားဖြန့်လုပ်ကိုင်တဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတွေရဲ့အခရာဖြစ်တယ်” လို့ ညွှန်းဆိုဖော်ပြထားပါတယ်။

  8. စစ်ခေါင်းဆောင်ဆီ စာပို့ပြီး ကြိုတင်မဲကိစ္စကို ပါတီတွေ မေးခွန်းထုတ်

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲ အပိုင်း ၁ နေ့မှာ ရန်ကုန်မြို့က မဲရုံတစ်ရုံမှာ မဲရေတွက်မှု

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲ အပိုင်း ၁ နေ့မှာ ရန်ကုန်မြို့က မဲရုံတစ်ရုံမှာ မဲရေတွက်မှု

    စစ်ကော်မရှင်ရဲ့ ရွေး‌ကောက်ပွဲ အပိုင်း ၁ ရလဒ်မှာ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP) က ကြိုတင်မဲတွေရဲ့အားနဲ့ ရှေ့ကပြေးတဲ့အနိုင်ရပါတီ ဖြစ်နေတယ်လို့ ပါတီအချို့က ပြောပါတယ်။

    တစ်ချိန်တည်းမှာပဲ ကြိုတင်မဲတွေရဲ့ ပွင့်လင်းမြင်သာမှုနဲ့ပတ်သက်လို့ ကြံ့ခိုင်ရေးပါတီကလွဲလို့ ရွေးကောက်ပွဲဝင်ပါတီအချို့က မေးခွန်းထုတ်လာကြပါတယ်။

    ဒီကိစ္စကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် သတိထားမိအောင် ပါတီအချို့က ဗိုလ်ချုပ်မှူးကြီးထံ စာပေးပို့တဲ့အထိ ဖြစ်ခဲ့ပါတယ်။

    ပြည်သူ့ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)နဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က စစ်ခေါင်းဆောင်ဆီ စာပို့အကြောင်းကြားခဲ့ကြတာပါ။

    အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  9. မအူပင်မြို့ကမ်းနားက ဆီဆိုင်မီးလောင်မှု သေဆုံးသူထပ်ရှိလာ

    မီးငြှိမ်းသတ်နေတဲ့ မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, မီးသတ်

    ဓာတ်ပုံ ပုံစာ, မီးငြှိမ်းသတ်နေတဲ့ မြင်ကွင်း

    ဧရာဝတီတိုင်း၊ မအူပင်မြို့က စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင် မီးလောင်မှုမှာ ဒဏ်ရာရသူတွေထဲက အမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ အခြေအနေသိတဲ့ဒေသခံက ပြောပါတယ်။

    သေဆုံးသူဟာ အသက် ၂၀ ဝန်းကျင် ဆီဆိုင်လုပ်သားဖြစ်ပြီး မီးလောင်ဒဏ်ရာတွေကို ရန်ကုန်ဆေးရုံကြီးမှာ ကုသမှုခံယူရင်း သေဆုံးတာလို့လည်း သိရပါတယ်။

    လက်ရှိမှာ အဲဒီမီးလောင်မှုဖြစ်စဉ်ကြောင့် သေဆုံးသူ ၄ ဦး အထိရှိလာပြီး မီးလောင်ဒဏ်ရာတွေကြောင့် အမျိုးသားနောက်တစ်ဦးလည်း ရန်ကုန်ဆေးရုံကြီးမှာ ကုသမှု ခံယူနေရဆဲဖြစ်ပါတယ်။

    ဇန်နဝါရီလ ၆ ရက်တုန်းက ဖြစ်တဲ့ ဒီမီးလောင်မှုမှာ စက်သုံးဆီလာဝယ်သူ အသက် ၅၂ နှစ်အရွယ် ဦးဝင်းကိုကို နေရာမှာတင် သေဆုံးခဲ့ပါတယ်။

    အဲဒီနောက် မီးလောင်ဒဏ်ရာ ရရှိလို့ ရန်ကုန်ဆေးရုံကြီးကို ပို့ခဲ့ရတဲ့သူ ၅ ဦးထဲက အသက် ၅၅ နှစ်အရွယ် ဦးအောင်မောင်းနဲ့ အသက် ၃၀ နှစ်အရွယ် ဒေါ်ဖြူဖွေးတို့ ၂ ဦး မနေ့က သေဆုံးခဲ့ပါတယ်။

    မအူပင်မြို့ရဲ့ ဧရာဝတီမြစ်ကမ်းဘေးမှာ တနိုင်တပိုင် စက်သုံးဆီ ရောင်းချတဲ့ဆိုင်တွေထဲက တစ်ဆိုင်မှာ ဓာတ်ဆီရောင်းဖို့ ပေပါထဲကနေ ဆီလှယ် ထည့်ရာကနေ မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

    မြို့ကမ်းနား ဧရာဝတီမြစ်ကမ်းတလျှောက် တနိုင်တပိုင် စက်သုံးဆီဆိုင်တန်းတွေရှိတဲ့ မအူပင်မြို့မှာ အခုတစ်ကြိမ်ဖြစ်တဲ့ စက်သုံးဆီဆိုင်မီးလောင်မှုဟာ ၁၀ နှစ်အတွင်း လူသေဆုံးမှုရှိတဲ့ ပထမဆုံးဖြစ်စဉ် ဖြစ်လာပါတယ်။

  10. စစ်တွေမြို့ ဒကစအနီးက ကာကင်းစခန်းတွေမှာ တိုက်ပွဲပြန်ဖြစ်

    ၂၀၁၂ ခုနှစ်က စစ်တွေမြို့‌ပေါ်မှာ တွေ့ရတဲ့ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တွေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၁၂ ခုနှစ်က စစ်တွေမြို့‌ပေါ်မှာ တွေ့ရတဲ့ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တွေ

    ရခိုင်ပြည်နယ်က စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ မြို့တော်စစ်တွေမှာ အခြေစိုက်ထားတဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ရဲ့ ကာကင်းစခန်း ၃ ခုကို အာရက္ခတပ်တော် (အေအေ) က ဝင်ရောက်တိုက်ခိုက်နေတယ်လို့ အေအေစစ်ရေးသတင်းအရင်းအမြစ်တချို့က ပြောပါတယ်။

    ဇန်နဝါရီ ၅ ရက်ကစလို့ တိုက်ပွဲတွေပြန်ဖြစ်တာဖြစ်ပြီး မနေ့ကအထိ ဆက်ပြင်းထန်နေဆဲလို့ အေအေစစ်ရေးသတင်းအရင်းအမြစ်ဆီက သိရပါတယ်။

    “နှစ်ဖက်စလုံးအပြန်အလှန်ပစ်ကြတယ်။ လက်နက်ကြီး၊ ဒရုန်းတွေရော ဟောင်ဝစ်ဇာတွေပါ သုံးကြတယ်။ စစ်တပ်ပစ်တာက ပုဏ္ဏားကျွန်းဘက်တွေပါ ကျတယ်” လို့ အေအေစစ်ရေး သတင်းအရင်းအမြစ်က ပြောပါတယ်။

    စစ်တွေ ဒကစရဲ့ ကာကင်းစခန်းတွေဖြစ်တဲ့ အမြင့်ကျွန်းရွာ တံတားထိပ်၊ ဝါဘိုနဲ့ ကျားမသောက် စတဲ့စခန်းတွေကို အေအေက တိုက်ခိုက်နေတယ်လို့ ဒေသအခြေစိုက်မီဒီယာတွေကလည်း ဖော်ပြပါတယ်။

    ဒါအပြင် စစ်တွေမြို့ပေါ်အခြေစိုက်တဲ့ စစ်ကော်မရှင်ရဲ့ အမှတ် ၁၂ ရဲတပ်ရင်းကိုလည်း အေအေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးဘူးလို့ သိရပါတယ်။

    ဒီနေရာတွေဟာ ပြီးခဲ့တဲ့နှစ် ဇွန်၊ ဇူလိုင်လတုန်းကလည်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေ လည်း ဖြစ်ပါတယ်။ စစ်တွေဒကစအနီး တကျော့ပြန်တိုက်ပွဲဖြစ်တာနဲ့ပတ်သက်လို့ စစ်တပ်ရော အေအေဘက်ကပါ ဒီနေ့ ဇန်နဝါရီ ၉ ရက် မနက်ပိုင်းအထိ တစုံတရာထုတ်ပြန်လာတာမရှိသေးပါဘူး။

  11. မင်္ဂလာပါ ...

    ဇန်နဝါရီလ ၈ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

    ဆက်လက်ဖတ်ရှုကြဖို့ကိုလည်း ဖိတ်ခေါ်အပ်ပါတယ်။