ပြည်ပနဲ့အဆက်အသွယ် ကိုးကန့်တပ် MNDAA ကန့်သတ်တားမြစ်

ပြည်ပနဲ့အဆက်အသွယ် ကိုးကန့်တပ် MNDAA ကန့်သတ်တားမြစ်တဲ့သတင်းအပါအဝင် အောက်တိုဘာ ၁၁ ရက် မြန်မာနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းများတိုက်ရိုက် တင်ဆက်မှု

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဘီဘီစီမြန်မာပိုင်းရဲ့ အောက်တိုဘာ ၁၁ ရက်သတင်းများတိုက်ရိုက်ထုတ်လွှင့်မှု ဒီမှာတင်ပြီးဆုံးပါပြီ။ ဘီဘီစီသတင်းတွေကို ဖတ်ရှုပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။

  2. ဦးတေဇ ရဲ့ ပြည်လမ်းခြံ ဒေါ်လာ သန်း ၃၀ ကျော်နဲ့ အရောင်းအဝယ်ဖြစ်

    စင်ကာပူမှာ တွေ့ရတဲ့ ဦးတေဇ မိသားစု

    ဓာတ်ပုံ ရင်းမြစ်, racheltayza

    ဓာတ်ပုံ ပုံစာ, စင်ကာပူမှာ တွေ့ရတဲ့ ဦးတေဇ မိသားစု

    နာမည်ကျော်စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ ပိုင်ဆိုင်တဲ့ ရန်ကုန်မြို့၊ ပြည်လမ်းပေါ်က ခြံအမှတ်(၅)ကို အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်နဲ့ ရောင်းချခဲ့တယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

    အင်းလျားကန်ရှေ့က အဲဒီမြေကွက်ကို ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးက ဝယ်ယူသွားတယ်လို့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်တွေကပြောပြီး အရောင်းအဝယ်ကို အသိုသိပ်ဆုံးလုပ်ခဲ့တယ် လို့ ဆိုပါတယ်။

    ပြည်လမ်း(တံတားဖြူ)မှတ်တိုင်အနီးက တစ်ဧကခွဲ ကျယ်တဲ့ အဲဒီခြံနဲ့ပတ်သက်လို့ ဥပဒေကြောင်းအရ နိုင်ငံပိုင်သတင်းစာမှာ ကြေညာချက်ထည့်တဲ့အခါမှသာ သတိထားမိခဲ့ကြတာ ဖြစ်ပါတယ်။

    ခြံအမှတ်(၅)ကို ပိုင်ဆိုင်သူတွေအမည်စာရင်းမှာ ဦးတေဇ ရဲ့သားသမီးတွေဖြစ်တဲ့ ဦးပြည့်ဖြိုးတေဇ၊ ဦးထူးထက်တေဇ နဲ့ ဒေါ်ထူးထွေးတေဇတို့ရဲ့ အမည်ကို ဝယ်သူဘက်ကရှေ့နေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    ထူးကုမ္ပဏီရုံးချုပ်နေရာ ရောင်းချမှုနဲ့ပတ်သက်လို့ ဦးတေဇရဲ့ စီးပွားရေးအခြေအနေအပေါ် စိတ်ဝင်စားမှုမြင့်တက်နေကြပါတယ်။

    ‘’ဘာကြောင့်ရောင်းလဲဆိုတာ သူဌေးတွေကတော့ ထုတ်မပြောပါဘူး။ ဒါပေမဲ့ သူတို့(ဦးတေဇမိသားစု)ပိုင်ဆိုင်မှုတွေကတော့ အများကြီးရှိသေးတာပါပဲ’’ လို့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

    ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စစ်အစိုးရခေတ်မှာ ကြွယ်ဝချမ်းသာလာတဲ့ ဦးတေဇဟာ သစ်၊စက်သုံးဆီ၊စားသုံးဆီ၊လေကြောင်းလိုင်း၊ ဟိုတယ် နဲ့ ဘဏ်လုပ်ငန်းတွေကို ပိုင်ဆိုင်သူတစ်ဦး ဖြစ်ပါတယ်။

    တစ်ဘက်မှာလည်း ဦးတေဇဟာ မြန်မာစစ်တပ်အတွက်လက်နက်ပွဲစားလုပ်ပေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ နဲ့ ကနေဒါ အစရှိတဲ့ နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုကို ခံထားရသူတစ်ဦးလည်းဖြစ်ပါတယ်။

  3. ရှမ်းမြောက်၊ သီပေါမှာတိုက်ပွဲဆက်ပြင်းထန်နေ

    TNLA က သီပေါ ၅၀၃ တပ်ကို သိမ်းပိုက်ခဲ့ပြီးနောက်မြင်ကွင်း။

    ဓာတ်ပုံ ရင်းမြစ်, Mai A Naing

    ဓာတ်ပုံ ပုံစာ, TNLA က သီပေါ ၅၀၃ တပ်ကို သိမ်းပိုက်ခဲ့ပြီးနောက်မြင်ကွင်း။

    ရှမ်းမြောက်၊ သီပေါမြို့ က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်တဲ့ ခြေလျင်တပ်ရင်း ခလရ-၂၃ တပ်မှာ တအာင်းတပ် - TNLA နဲ့ စစ်ကောင်စီကြားမှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ TNLA စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

    သီပေါမှာ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း - ၅၀၃၊ ၅၀၄ နဲ့ ခလရ-၂၃ တို့ အခြေစိုက်ထားပါတယ်။ ခမရ - ၅၀၃နဲ့ ၅၀၄ တပ်စခန်းကိုတော့ TNLA က သိမ်းပိုက်ထားပြီးဖြစ်လို့ လက်ရှိမှာ ခလရ - ၂၃ တပ်ပဲကျန်တော့တာပါ။

    စစ်ကောင်စီက သီပေါအကျဉ်းထောင်ကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရသလို လက်ကျန် ခလရ - ၂၃ တပ် ကိုရဖို့ TNLA ကစစ်ရေးအရှိန်မြှင့်ထားသလို စစ်တပ်ကလည်းအဲဒီတပ်ကို လက်မလွှတ်ရရေး လုပ်နေတာပါ။

    “တိုက်ပွဲက ဆက်ပြင်းထန်နေတယ်။လေကြောင်းကတောက်လျှောက်ပစ်တယ်။လာတယ်။” လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။ TNLA ဘက်ကလည်း သီပေါရှိ စစ်ကောင်စီရဲ့ ခလရ - ၂၃ တပ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က Y12 လေယာဉ်နဲ့ လက်နက်ခဲယမ်းတွေဖြည့်တင်းသွားတယ်လို့ အောက်တိုဘာ ၁၀ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

    သီပေါမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်စပြီး စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့အကြား တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပြီး တိုက်ပွဲကာလ ၁ လနီးပါးရှိလာပြီဖြစ်ပါတယ်။

    ဒေသတွင်းသတင်းတွေမှာတော့ သီပေါမြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၀ နီးပါး သေဆုံးပြီး ၆၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ‌ပြောထားပါတယ်။

    သီပေါမြို့ပေါ်က တိုက်ပွဲတွေကြောင့် ဒေသခံတွေအများစုဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

    စစ်ကောင်စီတပ်ဘက်ကတော့ သီပေါမြို့တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်တာမရှိသေးပါဘူး။

  4. ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဦးကို ဘင်္ဂလားဒေ့ရှ်ဘက် အေအေ လွှဲပေး

    နတ်မြစ်ထဲမှာ ငါးဝင်ဖမ်းခဲ့တဲ့ စက်လှေနှစ်စီးထဲက တစ်စီးကို အာရက္ခတပ်တော်က ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, AA

    ဓာတ်ပုံ ပုံစာ, နတ်မြစ်ထဲမှာ ငါးဝင်ဖမ်းခဲ့တဲ့ စက်လှေနှစ်စီးထဲက တစ်စီးကို အာရက္ခတပ်တော်က ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

    နတ်မြစ်ထဲ ငါးဝင်ဖမ်းလို့ ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဦးကို အာရက္ခတပ်တော်(အေအေ) က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဆီ အောက်တိုဘာလ (၉) ရက်က ပြန်လွှဲပေးခဲ့တယ် လို့ အေအေ က ထုတ်ပြန်ပါတယ်။

    အောက်တိုဘာလ (၇) ရက်က နတ်မြစ်ထဲမှာ ငါးဝင်ဖမ်းခဲ့တဲ့ စက်လှေနှစ်စီးထဲက တစ်စီးကို အာရက္ခတပ်တော်က ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

    နောက်တခါထပ်မလုပ်ဖို့ ခံဝန်ကတိလက်မှတ်ထိုးခိုင်းပြီး တက္ကနာ-မောင်တော ရေပြင်တစ်နေရာမှာ ပြန်လည်လွှတ်ပေးခဲ့တာလို့ ထုတ်ပြန်ပါတယ်။

    အရင်ကလည်း ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ရေပိုင်နက်ဖက်ခြမ်းကနေ အကြောင်းအမျိုးမျိုးကြောင့် ရောက်လာသူတွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဆီ လွှဲပြောင်းအပ်နှံပေးခဲ့ဖူးတယ် လို့ အေအေက ထုတ်ပြန်ပါတယ်။

    မြန်မာရေတပ်ဟာ ရခိုင်ပြည်နယ်မှာ စစ်ရေးရှုံးနိမ့်မှုတွေရှိနေပြီး သံတွဲမြို့နယ်မှာရှိတဲ့ ရေတပ်ရေငုပ်နဲ့ ဆယ်ယူရေးတပ်ကို စက်တင်ဘာ (၅) ရက်မှာ အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပါတယ်။

  5. စစ်ကိုင်းငလျင်ကြောပေါ်က မြို့ခြောက်ခုမှာ ငလျင်လှုပ်

    မိုးဇလထုတ်ပြန်ချက်

    ဓာတ်ပုံ ရင်းမြစ်, မိုးဇလ

    ဓာတ်ပုံ ပုံစာ, မိုးဇလထုတ်ပြန်ချက်

    စစ်ကိုင်းငလျင်ကြောပေါ်မှာရှိတဲ့ မန္တလေး၊ပြင်ဦးလွင်၊ မိုးကုတ်၊စစ်ကိုင်း၊ မုံရွာနဲ့ ရွှေဘို တို့မှာ ဒီနေ့ မနက် ၁၁ နာရီဝန်းကျင် က အင်းအားအသင့်အတင့်ရှိတဲ့ ငလျင် လှုပ်ခဲ့တယ်လို့ ကမ္ဘာ့ငလျင်တိုင်းတာရေးအဖွဲ့တွေက ထုတ်ပြန်ပါတယ်။

    ရွှေဘိုငလျင်ဟာ အင်အား ရစ်ချ်တာစကေး ၄.၉ ရှိခဲ့ပြီး မိုးကုတ်ငလျင် ကတော့ ရစ်ချ်တာစကေး ၃.၈ အင်အား ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

    ရွှေဘိုငလျင်ဟာ စစ်ကိုင်းငလျင်ကြောပေါ်မှာရှိတဲ့ လဲသတောင် ကို ဦးတည်လှုပ်ခဲ့တာဖြစ်ပြီး ၆၂ ကီလိုမီတာ ပတ်လည် သက်ရောက်နိုင်တယ်လို့ ထုတ်ပြန်ပါတယ်။

    ငလျင်ကြောင့် စစ်ကိုင်းတိုင်း မုံရွာနဲ့ စစ်ကိုင်းမြို့၊ မန္တလေးတိုင်းထဲက ပြင်ဦးလွင်နဲ့ မိုးကုတ်မြို့ တွေမှာ ငလျင် ရဲ့ သက်ရောက်မှုကို အနည်းငယ်ခံစားရနိုင်တယ်လို့ ကမ္ဘာ့ငလျင်တိုင်းတာရေးအဖွဲ့တွေက ထုတ်ပြန် ပါတယ်။

    မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း မြေငလျင်သတင်းထုတ်ပြန်ခဲ့ပြီး မြန်မာစံတော်ချိန် ၁၁ နာရီ ၁၀ မိနစ်မှာ ကန့်ဘလူမြေငလျင်စခန်းရဲ့ အရှေ့တောင်ဘက် (၃၅) မိုင်ခန့် အကွာအဝေးမှာ လှုပ်ရှားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

    သပိတ်ကျင်းမြို့ရဲ့ အနောက်တောင်ဘက် (၅) မိုင်ခန့်အကွာကို ဗဟိုပြု ပြီး အင်အားရစ်(ခ်)တာစကေး (၅.၃)အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

  6. ဖမ်းဆီးခံထားရတဲ့ တက်ကြွလှုပ်ရှားသူနှစ်ယောက် အန္တရာယ်ရှိနေတယ်လို့ AI ပြော

    ဧည့်စာရင်းစစ်မယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ကိုပိုင်ဖြိုးမင်း

    ဓာတ်ပုံ ရင်းမြစ်, Amnesty International

    ဓာတ်ပုံ ပုံစာ, ဧည့်စာရင်းစစ်မယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ကိုပိုင်ဖြိုးမင်း

    ရန်ကုန်မြို့မှာ ဖမ်းဆီးခံလိုက်ရတဲ့ တက်ကြွလှုပ်ရှားသူ လူငယ်နှစ်ယောက်ဟာ စစ်ကြောရေးကို ရောက်ရှိနေတယ်လို့ ယူဆရပြီး ညှင်းပန်းနှိပ်စက်ခံရနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က အောက်တိုဘာ ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    ကိုပိုင်ဖြိုးမင်း ခေါ် ဒီရေ နဲ့ ကိုရှိန်းဝေအောင်တို့ကို အောက်တိုဘာ ၉ ရက် ဗုဒ္ဓဟူးနေ့က ဧည့်စာရင်းဝင်စစ်ရင်း အဖမ်းခံခဲ့ကြရတာ ဖြစ်ပါတယ်။

    ဒါ့အပြင် ကိုပိုင်ဖြိုးမင်းရဲ့ မိသားစုနဲ့လည်း အဆက်အသွယ် မရသလို ကိုရှိန်းဝေအောင်ရဲ့ မိခင်၊ ဖခင်နဲ့ အစ်မတို့ကိုလည်း ဆက်သွယ်မရတာကြောင့် နောက်ထပ် ခြောက်ယောက်လောက်လည်း ဖမ်းဆီးခံထားရတယ်လို့ ယူဆတယ်လို့ AI ထုတ်ပြန်ထားပါတယ်။

    မြန်မာစစ်ကောင်စီက ကိုပိုင်ဖြိုးမင်း၊ ကိုရှိန်းဝေအောင်တို့နဲ့ မိသားစုဝင်တွေ ဘယ်နေရာမှာ ဘယ်လိုအခြေအနေဆိုတာကို ထုတ်ပြန်ပေးရမှာဖြစ်ပြီး သူတို့က နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ရာဇဝတ်မှုတစ်ခုခု ကျူးလွန်တာမျိုး မရှိရင် ချက်ချင်းလွှတ်ပေးရမယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသန ပညာရှင် ဂျိုးဖရီးမန်းက ပြောပါတယ်။

    ကိုပိုင်ဖြိုးမင်းဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်သူဖြစ်သလို ကိုရှိန်းဝေအောင်ကလည်း ကျောင်းသား၊ လူငယ်လှုပ်ရှားမှုတွေမှာ အကြမ်းမဖက် တက်ကြွလှုပ်ရှားသူတစ်ယောက် ဖြစ်ပါတယ်။

  7. အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို စစ်ကောင်စီကိုယ်စားလှယ်ပါတက်ရောက်နေ

    အောက်တိုဘာ ၁၁ ရက်မှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများဆွေးနွေးပွဲ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အောက်တိုဘာ ၁၁ ရက်မှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများဆွေးနွေးပွဲ

    လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ဒီကနေ့ အောက်တိုဘာ ၁၁ ရက်မှာ အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ နိုင်ငံခြားရေးဝန်ကြီးများဆွေးနွေးပွဲကိုဆက်ပြီး ကျင်းပနေပါတယ်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်တက်ရောက်နေတဲ့ ဒီကနေ့ ဆွေးနွေပွဲကို မြန်မာစစ်ကောင်စီကိုယ်စားပြုတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး တက်ရောက်ခွင့်ရနေတာပါ။

    ဒီကနေ့ မြင်ကွင်းအရ စားပွဲဝိုင်းတခုတည်းမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့အတူ ဦးအောင်ကျော်မိုး အတူတက်ရောက်နေတာဖြစ်ပါတယ်။

    ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် လပိုင်းအကြာ ဧပြီလကုန်ပိုင်းမှာ အာဆီယံခေါင်းဆောင်တွေဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဂျာကာတာကို ဖိတ်ခေါ်ပြီး မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ကို ချမှတ်ခဲ့ပါတယ်။

    ဒါပေမဲ့ စစ်ကောင်စီဘက် ဒီဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်မှုမှာ တိုးတက်မှု မရှိဘူးဆိုပြီး အာဆီယံအစည်းအဝေးပွဲတွေကို နိုင်ငံ‌ရေးရာထူးမယူထားသူကိုပဲ တက်ရောက်ခွင့်ပေးဖို့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှာ အာဆီယံဘက်က ဆုံးဖြတ်ခဲ့ပါတယ်။

    စစ်ကောင်စီဘက်ကလည်း အဲဒီကတည်းက အာဆီယံ အစည်းအဝေးပွဲတွေကို ကိုယ်စားလွှတ်ခဲ့ဘဲ အခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူတဲ့ လာအိုနိုင်ငံမှာ လုပ်တဲ့အစည်းအဝေးပွဲတွေကို နိုင်ငံခြားရေးဌာန အရာရှိကြီးတွေကို တက်ရောက်စေခဲ့ပါတယ်။

    အခုတော့ ထိပ်သီးဆွေးနွေးပွဲကိုပါ စစ်ကောင်စီက ပထမဆုံးအကြိမ် ကိုယ်စားလှယ်လွှတ်ဖို့ စဥ်းစားလာတာဖြစ်ပါတယ်။

  8. ဂျာကာတာက မြန်မာအရေးဆွေးနွေးပွဲ ဘာကြောင့်ဖြစ်လာလဲ

    အာဆီယံဥက္ကဋ္ဌ လာအို နိုင်ငံရဲ့ တောင်းဆိုချက် အရ မြန်မာ့အရေး ဆွေးနွေးပွဲ တစ်ခုကို လာမယ့် ဒီဇင်ဘာလ အတွင်းမှာ ထိုင်းနိုင်ငံက ဦးဆောင် ကျင်းပဖို့ ရှိနေပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံရဲ့ ဘုံသဘောထား ၅ ရပ်က သိသာထင်ရှားတဲ့ ရလဒ် မရှိခဲ့တဲ့နောက်မှာ အလွတ်သဘော ဆွေးနွေးပွဲ လုပ်ဖို့ ထိုင်းဘက်က အဆိုပြုလာတာလည်း ဖြစ်ပါတယ်။

    အာဆီယံမှာ ထိုင်းရဲ့ အခုလို ထုတ်ပြောမှုမတိုင်ခင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမှာလည်း မြန်မာ့အရေးဖြေရှင်းဖို့ ဆွေးနွေးပွဲတစ်ရပ်လုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲက ဘာကိုရည်ရွယ်ခဲ့သလဲ။ ထိုင်းနဲ့ အင်ဒို ပေါင်းပြီး လုပ်ဖို့အထိ ဘယ်လိုစဥ်းစားချက်တွေရှိလဲ။ ဒီ‌ဆောင်းပါးလင်ခ့်မှာ အင်ဒိုမှာကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲအကြောင်း ဖတ်နိုင်ပါတယ်။

  9. မြန်မာ့ အရေး ဆွေးနွေးဖို့ ထိုင်း ဦးဆောင်မယ်

    အရှေ့တောင်အာရှ နိုင်ငံများ အသင်း အာဆီယံ လက်ရှိ ဥက္ကဋ္ဌ လာအို နိုင်ငံရဲ့ တောင်းဆိုချက် အရ မြန်မာ့အရေး ဆွေးနွေးပွဲ တစ်ခုကို လာမယ့် ဒီဇင်ဘာလ အတွင်းမှာ ထိုင်းနိုင်ငံက ဦးဆောင် ကျင်းပဖို့ ရှိနေပါတယ်။ မြန်မာ့ အရေးနဲ့ ပတ်သက်လို့ အာဆီယံရဲ့ ဘုံသဘောထား ၅ ရပ်က သိသာထင်ရှားတဲ့ ရလဒ် မရှိခဲ့တဲ့နောက်မှာ အလွတ်သဘော ဆွေးနွေးပွဲ လုပ်ဖို့ ထိုင်းဘက်က အဆိုပြုလာတာလည်း ဖြစ်ပါတယ်။ ဒီအကြောင်း ကိုမောင်က ဆက်ပြီးပြောပြပေးမှာပါ။

    ဗီဒီယို ပုံစာ, မြန်မာ့ အရေး ဆွေးနွေးဖို့ ထိုင်း ဦးဆောင်မယ်
  10. အာဆီယံရေတပ်ဦးစီးချုပ်တွေနဲ့ စစ်ခေါင်းဆောင်တွေ့

    စစ်ခေါင်းဆောင်နဲ့ အာဆီယံနိုင်ငံတွင်း ရေတပ်အရာရှိတွေ

    ဓာတ်ပုံ ရင်းမြစ်, CINCDS

    ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင်နဲ့ အာဆီယံနိုင်ငံတွင်း ရေတပ်အရာရှိတွေ

    (၁၈) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးကို တက်ရောက်မယ့် အာဆီယံရေတပ်အကြီးအကဲနဲ့ ကိုယ်စားလှယ်တွေ နေပြည်တော်ကိုရောက်နေပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးပါတယ်။

    ဘရူးနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံက ရေတပ်အကြီးအကဲတွေနဲ့ ကိုယ်စားလှယ်တွေ တွေ့ခဲ့ကြတာလည်း ဖြစ်ပါတယ်။

    (၁၈) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။

    စစ်ခေါင်းဆောင်နဲ့ ဆွေးနွေးတဲ့အထဲမှာ အာဆီယံဒေသအတွင်း ပင်လယ်ရေကြောင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင်တာတွေကို ဆောင်ရွက်သင့်တာတွေကို ပြောပါတယ်။

    ဒါ့အပြင် သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးတာတွေအတွက် ပြန်လည်ထူထောင်ရေးနဲ့ ကယ်ဆယ်ရေး အတွေ့အကြုံတွေကို အပြန်အလှန်ဖလှယ်နိုင်ဖို့ ကိစ္စတွေ၊ သဘာဝဘေးအန္တရာယ် ကျရောက်ချိန်မှာ အာဆီယံရေတပ်တွေအချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့တွေကို ပြောခဲ့ပါတယ်။

    မြန်မာရေတပ်ဟာ ရခိုင်ပြည်နယ်မှာ စစ်ရေးရှုံးနိမ့်မှုတွေရှိနေပြီး သံတွဲမြို့နယ်မှာရှိတဲ့ ရေတပ်ရေငုပ်နဲ့ ဆယ်ယူရေးတပ်ကို စက်တင်ဘာ (၅) ရက်မှာ အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပါတယ်။

  11. ပြည်ပနဲ့အဆက်အသွယ် ကိုးကန့်တပ် MNDAA ကန့်သတ်တားမြစ်

    MNDAA အရာရှိနဲ့ တပ်ဖွဲ့ဝင်တွေ

    ဓာတ်ပုံ ရင်းမြစ်, MNDAA

    ဓာတ်ပုံ ပုံစာ, MNDAA အရာရှိနဲ့ တပ်ဖွဲ့ဝင်တွေ

    ရှုပ်ထွေးနေတဲ့နိုင်ငံရေးအခြေအနေမှာ ပြည်ပအင်အားစုတွေက ကိုးကန့်တပ် (MNDAA) ကို အတင်းအကျပ် အသုံးမပြုစေဖို့ဆိုပြီး ပြည်ပဆက်သွယ်ရေးလမ်းကြောင်းတွေကို ကိုးကန့်တပ် MNDAA ကန့်သတ်တားမြစ်လိုက်ပါတယ်။

    ကိုးကန့်တပ် (MNDAA) ရဲ့ ဌာနဆိုင်ရာတွေနဲ့ တပ်အရာရှိတွေကို ဦးတည်တဲ့ကန့်သတ်ချက်တွေထဲမှာ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေကို ခရီးသွားတာ၊ မြန်မာနိုင်ငံကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ ညီလာခံတွေမှာ ပါဝင်တာ၊ မြန်မာနိုင်ငံ အခြေအနေအပေါ် ပုဂ္ဂလိကနဲ့ အဖွဲ့အစည်းနာမည်ရဲ့ရပ်တည်ချက် သဘောထား ဖော်ပြတာတွေကို တားမြစ်ထားတာ တွေ့ရပါတယ်။

    ခွင့်ပြုချက်မရှိဘဲ အမေရိကန်နဲ့ အနောက်နိုင်ငံသတင်းမီဒီယာ သတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်းတာတွေကို တားမြစ်တယ်လို့ အောက်တိုဘာ ၁၀ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

    ဒီနှစ်အတွင်းမှာ ပြည်ပသတင်းမီဒီယာတွေရဲ့ အင်တာဗျူးတွေကိုလည်း လက်ခံမှာမဟုတ်ဘူးလို့ ရေးသားထားပါတယ်။

    ဒီတားမြစ်ချက်တွေကို ချိုးဖောက်မယ်ဆိုရင်တော့ အခြေအနေနဲ့ အကျိုးဆက်တွေပေါ် မူတည်ပြီး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ MNDAA က သတိပေးထားပါတယ်။

    ဒီထုတ်ပြန်ချက်ဟာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျွင်းနဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှတ်တမ်း ပေါက်ကြားပြီးနောက်ပိုင်း ထွက်လာတာဖြစ်ပါတယ်။

    တရုတ်ဟာ အမေရိကန်နဲ့အဆက်အသွယ်ရှိတယ်လို့ သူယူဆတဲ့ မြန်မာပြည်ထဲက တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေနဲ့ သူ့နယ်စပ်မှာရှိနေတဲ့ အင်အားကြီးလက်နက်ကိုင်တပ်ဖွဲ့ UWSA အပါအဝင် ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA တို့ရဲ့ အဆက်အသွယ်ကို အထူးစိုးရိမ်ပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့တဲ့အကြောင်း အစည်းအဝေးမှတ်တမ်းဖော်ပြချက်အရ တွေ့ရပါတယ်။